/
node/5519

အသည်းကြီးခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသည်းကြီးစေတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိတဲ့အတွက် ကုသမှု ခံယူဖို့ဆိုရင် ဘာကြောင့် အသည်းကြီးတာလဲဆိုတာကို သိဖို့ အရေးကြီးပါတယ်။

          ခန္ဓာကိုယ်ထဲမှာ အသည်းရဲ့ လုပ်ငန်းများစွာ ရှိတဲ့အတွက် အသည်းကို သေချာကုသမှု ခံယူဖို့ အရေးကြီးပါတယ်။ အသည်းရဲ့ အဓိကလုပ်ငန်းတွေကတော့ ခန္ဓာကိုယ်ထဲမှ ာထွက်လာတဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးခြင်းအားဖြင့် သွေးတွေကို သန့်စင်ပေးပါတယ်။ အသည်းကနေပြီး သည်းခြေရည်ကို ထုတ်ပေးကာ ဒီသည်းခြေရည်က အစားအစာတွေမှာ ပါဝင်တဲ့ အဆီတွေကို ဖြိုခွဲပေးပါတယ်။ ဒါ့အပြင် စွမ်းအင်လိုအပ်တဲ့အချိန်မှာ ထုတ်ပေးနိုင်ဖို့အတွက် ဂလူးကို့စ်ကိုလည်း အသည်းထဲမှာ သိုလှောင်ပေးထားပါတယ်။

          အသည်းကြီးခြင်းကို စနစ်တကျ ကုသမှုမခံယူပါက နာတာရှည် အသည်းပျက်စီးစေနိုင်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          အများအားဖြင့် အသည်း အနည်းငယ်ကြီးရုံမျှနဲ့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အသည်း အရမ်းကြီးလာပါက -

•        ပြည့်အင့်ခြင်း

•        ဝမ်းဗိုက်ထဲတွင် နေရထိုင်ရ ခက်ခြင်းတွေ ခံစားရနိုင်ပါတယ်။

          အသည်းကြီးရတဲ့ အကြောင်းအရင်းအပေါ် မူတည်ပြီး အောက်ပါလက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။

•        အသားနှင့် မျက်လုံးများ ဝါခြင်း

•        မောပန်းခြင်း၊ အားနည်းခြင်း

•        ပျို့အန်ခြင်း

•        ကိုယ်အလေးချိန်ကျခြင်း

 

>>    ရောဂါအမည် သတ်မှတ်ခြင်း

          အသည်းကြီးနေတယ်ဆိုရင် ဘာကြောင့်လဲဆိုတာ သိဖို့အတွက် ဆရာဝန်က ဆေးစစ်ဖို့ ညွှန်ကြားပါလိမ့်မယ်။ ဒါ့အပြင် အောက်ပါစစ်ဆေးမှုတွေကိုလည်း လိုသလို လုပ်ခိုင်းပါလိမ့်မယ်။

•        ကွန်ပျူတာဓာတ်မှန် (CT scan)

•        သံလိုက်ဓာတ်မှန် (MRI)

•        တီဗွီဓာတ်မှန် (Ultrasound)

          အသည်းကြီးရတဲ့ အကြောင်းအရင်းတွေကို ဖော်ထုတ်နိုင်တဲ့ အခြားစစ်ဆေးနည်းများကတော့ ERCP - သည်းခြေပြွန်ထဲမှာ ပြဿနာ ရှိ၊ မရှိ မှန်ပြောင်းဖြင့်ကြည့်ခြင်း ဖြစ်ပါတယ်။ ဘာပြဿနာ ဖြစ်နေလဲဆိိုတာကို သိဖို့ အထောက်အကူပြုနိုင်ပါတယ်။ ကင်ဆာ၊ အသည်းအဆီဖုံးတာတွေ ရှိ၊ မရှိ စစ်ဆေးကြည့်ဖို့ အသည်းကို အသားစယူပြီးလည်း စစ်ဆေးနိုင်ပါသေးတယ်။

 

>>    ရောဂါဖြစ်စေသော အကြောင်းအရင်းများ

          အသည်းကြီးစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ -

 

**      အသည်းရောင်ခြင်း (သို့) အသည်းအဆီဖုံးခြင်း - ဒါတွေက အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

•        အဝလွန်ခြင်း

•        ရောဂါပိုးဝင်ခြင်း

•        ဆေးဝါးအချို့ (သို့) အရက်

•        အဆိပ်များ

•        မိမိကိုယ်ခံအားစနစ်ကို ပြန်တိုက်သောရောဂါများ

•        ဇီဝကမ္မဆိုင်ရာ ရောဂါလက္ခဏာစု (သွေးတိုး၊ သွေးတွင်းသကြားဓာတ် များခြင်း၊ သွေးတွင်း အဆီဓာတ်များခြင်း၊ ဝမ်းဗိုက်အဆီများရှိခြင်း စတဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေများသော အချက်များရှိခြင်း)

•        အဆီ၊ အသားဓာတ်နဲ့ အခြားအရာများ စုပုံလာစေသော မျိုးရိုးဗီဇပြဿနာများ

 

**      ပုံမမှန်သော ကြီးထွားမှုတွေကြောင့်လည်း အသည်းကြီးစေပါတယ်။ ဒါတွေကတော့ -

•        ရေအိတ်

•        အသည်းထဲမှာ စဖြစ်သော (သို့) အသည်းဆီသို့ ပျံ့လာသောကင်ဆာ

 

**      သွေးစီးဆင်းမှုပြဿနာဖြစ်ခြင်း - ဒါကလည်း အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

•        နှလုံးညှစ်ထားခြင်းကြောင့်ဖြစ်သော နှလုံးရောဂါ - နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်ခြင်း

•        အသည်းသွေးပြန်ကြော ပိတ်ခြင်း

 

          ကုထုံးတွေကလည်း ဘာကြောင့် အသည်းကြီးရတယ်ဆိုတဲ့ အရင်းအမြစ်အပေါ် မူတည်ပါတယ်။ ဥပမာအားဖြင့် အရက် အလွန်အကျွံသောက်လို့ အသည်းကြီးတာဆိုရင် ထပ်ပြီးမထိခိုက်စေဖို့အတွက် အရက် ရှောင်ရပါမယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)