စိတ်ဓာတ်ကျနေသလား ... ကိုယ်လက်လှုပ်ရှား ကစားကြည့်ပါလား
ပြုံးပြုံးဟာ မနှစ်က အိမ်ထောင်ပြိုကွဲခဲ့ပြီးနောက်ပိုင်း စိတ်ကျရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။ သူမဟာ စာကောင်းကောင်းဖတ်သူမို့ စိတ်ကျရောဂါကို ကိုယ်လက်လှုပ်ရှားကစားတာနဲ့ ကုဖို့ ဆုံးဖြတ်ပါတယ်။ အပြင်ထွက်ပြီး မနက်တိုင်း ရပ်ကွက်ထဲမှာ စက်ဘီးစီးတယ်။ သီချင်းအကျယ်ကြီးဖွင့်ပြီး ကတာတွေ နေ့စဉ်ပြုလုပ်တာတွေက သူမရဲ့စိတ်ကို လန်းဆန်း သက်သာလာစေပါသတဲ့။
*********************************
တင်မမဟာ မိခင် ဆုံးပါးသွားကတည်းက စိတ်ဆင်းရဲမှုတွေ အထိီးကျန်မှုတွေနဲ့ ရုန်းကုန်ခဲ့ရပါတယ်။ သူမဟာ အိပ်ရာထဲမှာပဲ နေချင်မိတယ်။ အနီးဆုံးလူ ရင်ဖွင့်စရာ မိခင်ကြီး ဆုံးရှုံးရတာ သူမအတွက် သိပ်ကို အထိနာစေတဲ့ လောကဓံပါ။ သူမဟာ ညပေါင်းများစွာ အိပ်မပျော်ပါဘူး။ တချို့ရက်တွေမှာ နေကောင်းနေပေမယ့် တချို့ရက်တွေမှာ စိတ်မချမ်းသာစရာတွေ တွေးပြီး စိတ်ကျနေလေ့ ရှိပါတယ်။ သူမဟာ အဲလိုဖြစ်တတ်တဲ့ရက်တွေကို ပြက္ခဒိန်မှာ ရေးမှတ်လိုက်ပါတယ်။ စိတ်ကျနေတဲ့နေ့တွေမှာ မနက်စောစောထတိုင်း မန္တလေးတောင်တက်ဖို့ သူငယ်ချင်းတစ်ယောက်နဲ့ အဖော်စပ်လိုက်ပါတယ်။ နောက်သူငယ်ချင်းတစ်ယောက်နဲ့ ကျတော့ ကိုယ်ကာယ အလှသင်တန်း အတူသွားဖို့ စာရင်းပေးလိုက်ပါတယ်။ နှစ်လကြာ အဲဒီလိုစိတ်ကျတတ်တဲ့ ရက်တိုင်းမှာ သူငယ်ချင်းနှစ်ယောက်နဲ့ အတူသွားပြီး တောင်တက်အားကစား လုပ်လိုက်တာ သူမ သိပ်ကျန်းမာလာပြီး ကောင်းကောင်းပြန်အိပ်ပျော်လာပါတယ်။
*********************************
ကလေးငါးယောက်အမေ မလှရီဟာ အချိန်ပြည့် စိတ်ဆင်းရဲနေတတ်သူပါ။ သူမဟာ ကလေး ပညာရေး၊ စားရေးသောက်တာ အိမ်ကိစ္စအဝဝကို စီမံနေရာကနေ ဖိစီးမှုများပြီး အဲဒီလို ဖြစ်လာတာ ဖြစ်ပါတယ်။ ဆရာဝန်မတစ်ဦးဖြစ်တဲ့ ညီမဝမ်းကွဲရဲ့ အကြံပေးချက်ကို လိုက်နာဖို့ ဆုံးဖြတ်ပါတယ်။ အပြေးဖိနပ်တစ်ရန် ဝယ်လိုက်ပြီး ဧရာဝတီမြစ်ဘေးမှာ မနက်တိုင်း ပြေးပါတော့တယ်။ သူမဟာ သိပ်မကြာခင် ယောက်ျားနဲ့ သားသမီးတွေကို ပြန်ဂရုစိုက်နိုင်လာပြီး အာရုံစူးစိုက်အား ပိုကောင်းလာပါသတဲ့။
*********************************
ရင်သားကင်ဆာကြောင့် ရင်သားတွေ ဖြတ်ထုတ်လိုက်ရတဲ့အပြင် ကင်ဆာဆေးသွင်း ဓာတ်ကင်တာတွေလုပ်အပြီးမှာ မကျော်တစ်ယောက် ယဲ့ယဲ့လေးပဲ ကျန်ပါတော့တယ်။ လူနေမကောင်းတာထက် ကာလရှည်ကြာ ငွေကုန်လူပန်း ဆေးရုံအကြာကြီး တက်ခဲ့ရလို့ သူမဟာ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းနေပြီး နောက်ထပ်ပျော်စရာ ရှာမတွေ့နိုင်အောင်ပါပဲ။ အချစ်ဆုံးသူငယ်ချင်းတွေ ဝန်းရံခံရတာ ကံကောင်းမှုပါ။ သူမခင်ပွန်းက တင်းနစ်စားပွဲတစ်လုံး ဝယ်လိုက်ပါတယ်။ နေကောင်းကျန်းမာလာတာနဲ့ လူစုပြီး ညနေတိုင်း တင်းနစ် ရိုက်ပါတော့တယ်။ ဘက်တံလည်း ရိုက်ကြပါတယ်။ ညနေတိုင်း သူမဘေးမှာ သူငယ်ချင်းတွေနဲ့ အတူတကွ အားကစားလုပ်ကြတာ သိပ်ပျော်စရာကောင်းခဲ့ပြီး အမြန်ပြန်ကျန်းမာလာခဲ့ပါပြီ။
*********************************
ချောချောက စာမေးပွဲကျတာ သုံးခါ ရှိပါပြီ။ စာတော်တဲ့သူမအတွက် သူမဘဝမှာ အဆိုးရွားဆုံး ထိုးနှက်ချက်ပါပဲ။ မစားနိုင် မအိပ်နိုင်ဘဲ အိပ်ရာထဲက မထချင်အောင် ခံစားနေရပါပြီ။ အစ်ကိုတစ်ယောက်က ပြောတာနဲ့ Youtube ကနေ အေရိုးဗစ်ဗီဒီယိုတွေ စကြည့်ပြီး တစ်ယောက်တည်း ကိရိယာလွတ် စကစားကြည့်ပါတော့တယ်။ အစပိုင်းမှာ စရခက်ပေမယ့် သူမဟာ အခု ကွန်ပျူတာဖွင့် ဗီဒီယို ဒေါင်းပြီး အေရိုးဗစ် နေ့စဉ်ဆော့တဲ့အကျင့် စွဲနေပီလေ။ အမြန်နေကောင်းလာခဲ့ပြီး အခုတော့ စာမေးပွဲလည်း အောင်သွားလို့ သူမလုပ်ချင်ခဲ့တဲ့ရာထူး ရသွားပေါ့။
*********************************
မသက်ဟာ အလုပ်က အထက်လူကြီးကြောင့် ခဏခဏ ဒေါသထွက်ရပြီး လုံးဝမပျော်တော့ပါဘူး။ အလုပ်ထွက်လို့ရတဲ့ အခြေအနေလည်း မဟုတ်တာကြောင့် သူမဟာ စတင်မွန်းကြပ်လာပြီး စိတ်ကျရောဂါလက္ခဏာတွေ စခံစားလာရပါတယ်။ စိတ်ဒုက္ခပေးတဲ့ အထက်လူကြီးအကြောင်းကို တစ်ချိန်လုံး တွေးနေမယ့်အစား ယောဂကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မန္တလေးဘုံကျောင်းမှာ ယောဂသင်တန်း သွားတက်ပါတယ်။ လက်ရှိမှာ သူမဘဝအတွက် ယောဂလေ့ကျင့်ခန်းက မရှိမဖြစ် ဖြစ်နေခဲ့ပါပြီ။ စိတ်ခံစားမှူတွေ အရမ်းကောင်းလာခဲ့ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်မြန်ဆန်လာပါတယ်။ အခုဆို အလုပ်သစ်မှာ လစာကောင်းကောင်းနဲ့ ပျော်မွေ့နေပြီပေါ့။
*********************************
ဥပမာလေးတွေ ဖတ်ပြီး ကိုယ့်အဖြစ်နဲ့ တူနေတယ်လို့ တွေးမိကြတဲ့သူတွေ ရှိပါသလား။ စိတ်ဓာတ် ကျမနေပါနဲ့။ ချက်ချင်းထ တီရှပ်နဲ့ ဘောင်းဘီလေးဝတ်ပြီး နီးရာ ကိုယ်ကာယလေ့ကျင့်ခန်းစင်တာ Gym တစ်ခုခုကိုသာ သွားပါတော့လို့ အကြံပြုချင်ပါတယ်။
ကိုယ့်ရဲ့ စိတ်ကျန်းမာရေး ကောင်းလာဖို့ လုံးဝနောင်တမရစေမယ့် လုပ်ဆောင်ချက်ပါနော်။
ဂျီပီငှက် (ဆေး/မန််း) (www.drmyanmar.com)






























