မီးဖိုချောင်ထဲကအလွယ်တကူရနိုင်တဲ့ ချောင်းဆိုးပျောက်ဆေး
ချောင်းစဆိုးပြီဆိုရင် ပြန်လည်ပျောက်ကင်း သက်သာဖို့အတွက် အချိန်အတန်ကြာတတ်ပါတယ်။ ချောင်းဆိုးစေတဲ့ ပိုးမွှားတွေ ပျောက်သွားပြီးသည့်တိုင်အောင် ချောင်းဆက်ဆိုးနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ပိုးကြောင့်မဟုတ်ပဲ ရည်ရှည်ချောင်းဆိုးနေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ချောင်းဆိုးပျောက်ဆေးတွေကို သောက်ဖို့လိုသလို အိမ်မှာတင် အလွယ်တကူရှိတဲ့ မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပါ ဆိုးနေတဲ့ချောင်းကို သက်သာပျောက်ကင်းအောင် ပြုလုပ်ကြည့်သင့်ပါတယ်။
၁။ ပျားရည်နဲ့ သံပရိုသီး
ပျားရည် သံပရို အတွဲဟာ လည်ချောင်းနာခြင်းကို သက်သာစေနိုင်သလို ယားကျိကျိနဲ့ဆိုးတဲ့ ချောင်းခြောက်အတွက်လည်း အသုံးဝင်ပါတယ်။ စေးကပ်ပျစ်ချွဲနေတဲ့ ပျားရည်ချိုချိုဟာ လည်ချောင်းတစ်လျောက်ကို အလွှာတစ်လွှာအနေနဲ့ ကာကွယ်ပေးပြီး လည်ချောင်းယားခြင်း လျော့ပါးစေနိုင်ပါတယ်။
၂။ ရေနွေးငွေ့
အငွေ့ထနေတဲ့ ရေနွေးနွေးလေးနဲ့ ရေချိုးခြင်းဖြင့် နှာခေါင်းပိတ်ခြင်းကို သက်သာစေနိုင်သလို ခြောက်သွေ့နေတဲ့ အသက်ရှူ လမ်းကြောင်း တစ်လျောက်ကိုလည်း အစိုဓာတ်ပေးပါတယ်။ ဘာကြောင့်ဆိုးတဲ့ချောင်းဖြစ်ဖြစ်၊ ဒီနည်းလမ်းလေးက သက်သာစေနိုင်မှာပါ။ ရေနွေးထဲကို လက်ဖက်ရွက်ဆီ သို့မဟုတ် ယူကလစ်ဆီလေး နှစ်စက်သုံးစက်ထည့်ပေးခြင်းက သူ့ရဲ့အစွမ်းသတ္တိကို ပိုမိုပြီးပြည့်စုံစေနိုင်ပါတယ်။
၃။ ရွက်ပေါင်းဆီ
ဒါ့အပြင် ယူကလစ်ဆီ စတဲ့ရွက်ပေါင်းဆီ ကြကြဲလေးကို ရင်ဘတ်မှာ ပွတ်လိမ်းပေးခြင်းကလည်း ချွဲထခြင်းကို သက်သာစေနိုင်ပါတယ်။
၄။ စမုန်ဖြူ
စမုန်ဖြူ ဟာ ရောဂါအတော်များများကို ပျောက်ကင်းသက်သာစေနိုင်တဲ့အစွမ်းကြောင့် လူသိများထင်ရှားပါတယ်။ အထူးသဖြင့် ချောင်ဆိုးချွဲကျပ် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သလိပ်ပျော် ချွဲရှင်းစေတဲ့အတွက် ချွဲကျပ်ပြီးဆိုးတဲ့ ချောင်းတွေမှာ သုံးနိုင်ပါတယ်။
၅။ ဗီတာမင်စီ (Vitamin C)
ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အတွက် အကြာကြီးဒုက္ခပေးနေတဲ့ ချောင်းဆိုးခြင်းကို အပြီးတိုင် နှိမ်နှင်းပေးနိုင်မှာပါ။ လိမေ္မာ်၊ဘလူးဘယ်ရီ၊ ကီဝီနဲ့ ငရုတ်ပွအနီတို့မှာ ဗီတာမင်စီဓာတ်များ အဓိက ပါဝင်ပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ဟာ ပိုလျံနေတဲ့ ဗီတာမင်စီဓာတ်တွေကို မသိမ်းဆည်းထားပေးနိုင်ပါဘူး။ ဗီတာမင်စီဖြည့်စွက်စာအားဆေးတွေ အများအပြားသောက်ခြင်းဟာလည်း ပိုလျံပြီး ဆီးထြဲပန်ပါသွားခြင်းသာ အဖတ်တင်တတ်ပါတယ်။ ဒါကြောင့် အားဆေးတွေသောက်နေမယ့်အစား နေ့စဉ်စားနေကျ အစာတွေမှာ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာများများစားပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ. မနက်မှာ အသီးဖျော်ရည်တစ်မျိုး၊ နေ့လည်စာစားပြီးချိန်မှာ လိမေ္မာ်သီးတစ်လုံးနဲ့၊ ညစာကို အရောင်တောက်တောက် အသီးအရွက်တွေ စားသုံးပေးသင့်ပါတယ်။
၆။ ရေဓာတ်
ရေများများသောက်ပေးခြင်းက ကိုယ်ခန္ဓာကို ရေဓာတ်ပြည့်ဝစေနိုင်တဲ့အပြင် လည်ချောင်းခြောက်သွေ့တာ၊ ယားယံတာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ လည်ချောင်းကို တောက်လျောက်အစိုဓာတ်ထိန်းသိမ်းပေးနိုင်ဖို့ ရေကို ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ သောက်သုံးသင့်ပါတယ်။
၇။ စိတ်ရောကိုယ်ပါ အနားယူပါ။
ဘယ်လောက်ပဲ ဆေးကောင်းကောင်းတွေသောက်နေပါစေ အပြည့်အဝ အနားမယူပါက ချောင်းဆိုးခြင်းက သက်သာပျောက်ကင်းနိုင်မှာ မဟုတ်ပါဘူး။ လူအတော်များများဟာ အအေးမိ၊တုတ်ကွေးရောဂါ နာလန်ထူတာနဲ့ တစ်ပြိုင်နက် နေ့တဓူဝအလုပ်အကိုင်တွေနဲ့ ပြန်လည်အလုပ်ရှုပ်တတ်ကြပါတယ်။ ဒီလိုလူတွေမှာ ချောင်းဆိုးခြင်းအမြစ်တွယ်တတ်ကြပါတယ်။ ဒါကြောင့် တစ်ပတ်တန်သည် နှစ်ပတ်တန် နားနားနေနေ လုပ်ကိုင်ပြီး တစ်ညကို ၈နာရီပြည့်အောင် အိပ်စက်အနားယူသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























