ခွေးကိုက်ခံရတဲ့အခါ ...
ခွေးကိုက်မခံရချင်ရင် ခွေးကို တည့်တည့် မကြည့်နဲ့တဲ့ ...။ ခွေးကို စူးစိုက်ကြည့်မိရင် သူတို့က သူတို့ကို ရန်မူတော့မယ် အထင်နဲ့ ပြေးလိုက်တတ်ပါတယ်။ ကံမကောင်းစွာ အကိုက်ခံရပြီဆိုရင်တော့ သွားနဲ့ ခြစ်တာလား? ပြဲသွားသလား? သွားရာတော့ ကျန်နေခဲ့တာပါပဲ။ အကိုက်ခံရတဲ့ လူမှာလည်း အလန့်ကြီးလန့်ပြီး ကျန်နေခဲ့ပါတယ်။
>> ခွေးကိုက်ဒဏ်ရာကို ဘယ်လိုလုပ်ရမလဲ?
● ပထမဆုံးအနေနဲ့ နည်းနည်းအနာခံပြီး ဒဏ်ရာကို ညှစ်ပစ်လိုက်ပါ။ သွေးပုပ်တွေနဲ့ အညစ်အကြေးတွေ ထွက်သွားအောင် ဖြစ်ပါတယ်။
● ပြီးရင် ဆပ်ပြာနဲ့ ရေနဲ့ သုံးပြီး အနာကို ဆေးချပါ။ ရေပေါပေါ သုံးပါ။
● သွေး အဆက်အပြတ်ထွက်နေရင် ဒဏ်ရာအရင်းနားကို ဖိကိုင်ထားပေးပါ။ ခွေးကိုက်ဒဏ်ရာကို များသောအားဖြင့် မချုပ်ပါဘူး။ ဒါပေမဲ့ သွေးထွက်သိပ်များရင် အဝတ်စသန့်သန့်နဲ့ ဖိကိုင်သွားပြီး ဆရာဝန် ပြသပြီး သွေးတိတ်အောင်လုပ်ဖို့ လိုလေ့ ရှိပါတယ်။
● ဒဏ်ရာရ ခြေ၊ လက်ကို မြှောက်ထားပါ။
● ဘီတာဒိုင်းဆေးရည်နဲ့ ထပ်မံဆေးပါ။
● ဘိုင်အိုပလာစင်တန်လို ဆေးဂျယ်လီ လိမ်းပါ။
● ပတ်တီးသန့်သန့်နဲ့ အသာစည်းနှောင်ထားပေးပါ။
● တစ်ရက်ကို လေး၊ ငါးကြိမ်ထိ ပတ်တီးလဲပြီး ဆေးအသစ် ထည့်ပေးသင့်ပါတယ်။
ခွေးရူးပြန်ကာကွယ်ဆေးကို ဆေးရုံ၊ ဆေးခန်းတွေမှာ ထိုးနှံနိုင်ပါတယ်။
မေးခိုင်ကာကွယ်ဆေးကတော့ ထိုးကို ထိုးရမှာပါ။ ခွေးကိုက်ဒဏ်ရာမှာ ခွေးသွားရည်က ညစ်ပေတာကြောင့် ပိုးဝင်လွယ်လို့ ကလေး၊ လူကြီး မေးခိုင်ကာကွယ်ဆေး ထိုးဖြစ်အောင် ထိုးစေလိုပါတယ်။
ဦးခေါင်းတစ်ဝိုက်နဲ့ ဝမ်းဗိုက်၊ လည်ပင်းတွေမှာကိုက်ရင် ဂရုတစိုက် စောင့်ကြည့်ဖို့ လိုပါတယ်။ ခွေးကိုလည်း စောင့်ကြည့်ပါ။ အနာကိုလည်း ဆေးထည့်ပါ။ ဆေးခန်းကို လိုအပ်သလို ပြသပေးခြင်းဖြင့် ပိုးဝင်တာ၊ အနာရင်းတာတွေကို ကာကွယ်နိုင်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























