/
node/5840

ခြေထောက်ပြဿနာ မပေါ့ဆဖွယ်ရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခြေထောက်ကို ကြည့်ရုံနဲ့ ဆီးချို၊ အဆစ်ရောင်ရောဂါ၊ နှလုံးရောဂါ စသည်ဖြင့် ဖြစ်နေတဲ့ရောဂါတွေကို ဖော်ထုတ်နိုင်တယ်ဆိုရင် အံ့သြကြပါလိမ့်မယ်။ ခြေထောက်မှာ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်တယ်၊ ဒီပြဿနာတွေ ဘာကြောင့်ဖြစ်လာတယ် ဆိုတာတွေကို ကြည့်ကြရအောင် ...။

 

1.      ခြေထောက်နာခြင်း

          လတ်တလောမှာပဲ နာလာလာ၊ ကြာကြာပဲနာနေနေ ဘယ်နာခြင်းကိုမဆို လျစ်လျူမရှုသင့်ပါဘူး။ ခြေထောက် နာနေတာဟာ အရိုးကျိုးခြင်း၊ ခြေဖဝါးပြင်လွှာ ရောင်ခြင်း စတာတွေကနေ အဆစ်ရောင်ရောဂါတွေအထိ ဖြစ်နိုင်ပါတယ်။

 

2.      မနက်ခင်း အိပ်ရာနိုးချိန်မှာဖြစ်တဲ့ ခြေထောက်နာခြင်း

          အဆစ်ရောင်ခြင်း သို့မဟုတ် ခြေဖဝါးပြင်လွှာရောင်ခြင်း ဖြစ်နိုင်ပါတယ်။ နှစ်ခုလုံးဟာ တစ်နေကုန် လှုပ်ရှားပြီး အကြောပြေသွားချိန်မှာ သက်သာသွားလေ့ ရှိပါတယ်။ အဖြစ်များတဲ့ ခြေဖဝါးပြင်လွှာ ရောင်ရမ်းခြင်းဟာ အဝလွန်သူတွေ၊ ဒေါက်မြင့်ဖိနပ်စီးသူတွေ၊ ခြေခုံမကောင်းတဲ့ဖိနပ် စီးသူတွေမှာ ဖြစ်တတ်တဲ့အပြင် ဟောင်းနွမ်းနေတဲ့ဖိနပ်နဲ့ လေ့ကျင်ခန်းပြုလုပ်သူ အားကစားသမားတွေမှာလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် မိုင် ၃၅၀ - ၅၀၀ လောက်ထိ ပြေးထားလွှားထားပြီးတိုင်း ဖိနပ် လဲပေးပါ။

 

3.      တစ်နေကုန် နာနေခြင်း

          တစ်နေကုန် နာနေပြီး အလေးအပင်မတိုင်း ပိုနာနေတာ၊ နားလိုက်ရင် သက်သာသွားတာတွေဟာ အရိုးကျိုးတာ ဖြစ်နိုင်ပါတယ်။ အလှုပ်ရှားလွန်တာ၊ လေ့ကျင့်ခန်းအသစ် ပြောင်းလုပ်ကြည့်တာမျိုးမှာ အရိုး ကျိုးနိုင်၊ အက်နိုင်ပါတယ်။ အရိုးပါးခြင်းနဲ့ အခြားအရိုးပျော့စေတဲ့ အခြေအနေမျိုးတွေကလည်း အရိုး ကျိုးစေနိုင်ပါတယ်။ အရိုး ပြန်ဆက်နိုင်ဖို့ ခြေထောက်ကို အနားပေးပြီး မလှုပ်ရှားဘဲ နေရပါမယ်။ တစ်ခါတလေ အရမ်းဆိုးရင် ခွဲစိတ်မှုလုပ်ဖို့တောင် လိုနိုင်ပါတယ်။

 

4.      ခြေထောက် အသားရောင် ပြောင်းလဲခြင်း

          မျက်နှာနဲ့ ကိုယ်ခန္ဓာမှာ အသားရောင် ပြောင်းလဲတာကို သိနိုင်ပေမယ့် ခြေထောက်ကိုတော့ တော်ရုံတန်ရုံ မကြည့်ဖြစ်တတ်ပါဘူး။ ခြေထောက်မှာ၊ ခြေချောင်းကြားတွေမှာ ပုံမမှန်တဲ့ မှဲ့တွေ တွေ့နေရတယ်ဆိုရင် ကင်ဆာကို သတိထားရပါမယ်။ အဖုအကြိတ်တွေ တွေ့ရင်လည်း ဆရာဝန်နဲ့ ပြသရပါမယ်။ ခြေသည်းတွေမှာ အမည်းစက်တွေ ပေါ်လာခဲ့ရင် ကြောက်စရာကောင်းတဲ့ အရေပြား မှဲ့ကင်ဆာ ဖြစ်နိုင်သလို ထိခိုက်ဒဏ်ရာကြောင့် ထွက်လာတဲ့ သွေးခြောက်သွားတာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်ပါ။

 

5.      ခြေထောက် ထုံကျဉ်လာခြင်း

          သွေးလည်ပတ်မှု မကောင်းတာကနေ အရက်စွဲခြင်းအထိ ဖြစ်နိုင်ပါတယ်။

          ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ -

●        အစွန်အဖျား သွေးကြောကျဉ်းခြင်း

          သွေးကြောကျဉ်းပြီး သွေးစီးဆင်းမှု နည်းသွားတဲ့အခါ ထုံကျဉ်လာတတ်ပါတယ်။ ခြေထောက်နာခြင်း၊ ခြေထာက်အေးခြင်း စတာတွေနဲ့လည်း တွဲတတ်ပါတယ်။

 

●        ဆီးချို

          ဆီးချိုရောဂါကြောင့် သွေးလည်ပတ်မှုနဲ့ သွေးအားဖြည့်မှု မကောင်းတဲ့အခါ ထုံကျဉ်လာတတ်ပါတယ်။ ဆီးချိုရောဂါကြောင့် အာရုံကြောတွေ မကောင်းတဲ့အခါလည်း အရေပြားကို ထိခိုက်စေပြီး ခြေထောက် အထိအတွေ့ ပျောက်စေနိုင်ပါတယ်။ အထိအတွေ့ကို မသိတဲ့အခါ ခြေထာက်မှာ အနာ ဖြစ်လို့ဖြစ်မှန်းမသိ၊ ပိုး ဝင်လို့ဝင်မှန်းမသိဖြစ်ပြီး ဆိုးလာရင် ဖြတ်တောက်ပစ်လိုက်ရတတ်ပါတယ်။

 

●        ဒါအပြင် အာရုံကြောရောဂါတွေ၊ အဆစ်ရောင်ရောဂါတွေ၊ ကြာရှည် အရက်စွဲသူတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

 

6.      ခြေထောက် ရောင်ခြင်း

          အကြာကြီး မတ်တပ်ရပ်သူတွမှာ ခြေထောက် ရောင်တတ်ပေမယ့် တစ်ခါတလေ ဖိအားများလို့ အရိုးကျိုးခြင်း၊ အရွတ်ပြဲခြင်း စတာတွေမှာလည်း ခြေထောက် ရောင်တတ်ပါတယ်။ သွေးပြန်ကြော၊ သွေးလွှတ်ကြော ပြဿနာတွေလည်း ဖြစ်နိုင်သေးတာကြောင့် ဘာဒဏ်ရာမှ မရဖူးသူတွေမှာ ဆရာဝန်နဲ့ ပြသပြီး ခြေထောက်သွေးကြော စမ်းသပ်တာ၊ သိုင်းရွိုက်နဲ့ အခြားပြဿနာတွေကို စစ်ဆေးသင့်ပါတယ်။ ဆေးတွေနဲ့ နှလုံးညှစ်အားနည်းရောဂါတွေမှာလည်း ဖြစ်နိုင်ပါသေးတယ်။

 

7.      ခြေထောက် အေးခြင်း

          အမြဲ ခြေထောက် အေးနေခြင်းက သွေးလည်ပတ်မှု မလုံလောက်တာကို ဖော်ပြနေပါတယ်။ အထူးသဖြင့် အသက် ၅၀ ကျော် အမျိုးသားတွေမှာ အပေါ်မှာပြောခဲ့တဲ့ အစွန်အဖျား သွေးကြောကျဉ်းရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ဖူးသူ စတာတွေမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက် အေးတဲ့အပြင် ဖြူရာကပြာ၊ ပြာရာကနီ အရောင်ပြောင်းလဲတတ်တဲ့ Raynaud's disease လို့ခေါ်တဲ့ အေးတဲ့အခါ သွေးကြောတွေ ရုတ်တရက် တုန်ခါပြီး ကျဉ်းသွားတတ်တဲ့ ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

8.      ယားယံပြီး အရေခွံတွေ ကွာနေခြင်း

          ခြေထောက်ဘေးတွေနဲ့ ခြေဖဝါးတွေမှာ ဖြစ်တတ်တဲ့ မှိုပိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဖိနပ်ကျပ်ကျပ်၊ ခြေထောက်စိုစိစိမှာ ပေါက်တတ်ပြီး ခြေချောင်းကြားတွေမှာ အရေခွံလန်နေတဲ့ ဖြူဖြူအကွက်တွေ ပေါ်တဲ့အပြင် ယားယံပြီး စပ်တတ်ပါတယ်။ ကြမ်းပြင်တွေ၊ ဖိနပ်တွေကနေ တစ်ဆင့်လည်း ကူးစက်လွယ်ပါတယ်။ ဒီကနေတစ်ဆင့် ခြေသည်း မှိုစွဲတတ်ပါသေးတယ်။ အသက်ကြီးလာလေလေ ကုရခက်လေလေဖြစ်ပြီး အသက် ၇၀ ကျော်သူ ၅၀% လောက်မှာ ခြေသည်းမှိုစွဲတတ်တယ်လု့ိ သိရပါတယ်။ မှိုပိုးသတ်ဆေး လိမ်းနိုင်သလို တချို့တွေမှာ ဆရာဝန်နဲ့ ပြသပြီး ဆေးသောက်ဖို့ လိုနိုင်ပါတယ်။

 

9.      ရုတ်တရက် လမ်းလျှောက်ပုံ ပြောင်းလဲခြင်း

          ဒါဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုလာပါပြီ။ လေဖြတ်ခြင်း၊ အာရုံကြော အပေါ်ယံလွှာ ပျက်စီးခြင်း Multiple sclerosis စတဲ့ ရောဂါတွေကနေ ခါးဆစ်ရိုး၊ အဆစ်လွဲခြင်းအထိ ဖြစ်နိုင်ပါတယ်။ လမ်းလျှောက်ရတာ ခြေမခိုင်တဲ့အခါ၊ ခြေထောက် ထုံကျဉ်နေလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့အခါ ချော်လဲကျနိုင်တာကြောင့် သတိထားသင့်ပါတယ်။ တစ်ခါတလေ အဆစ်အစားထိုး ခွဲစိတ်ပြီးတဲ့အခါ တစ်ဖက်က အနည်းငယ် ပိုတိုသွားတတ်တဲ့အတွက် လမ်းလျှောက်ပုံ ပြောင်းနိုင်တဲ့အပြင် ခြေထောက် နာကျင်တတ်ပါတယ်။ လမ်းလျှောက်ရတာ နာကျင်တဲ့အခါတိုင်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)