/
node/5843

ဆီးချိုရောဂါကြောင့် အာရုံကြောတွေ ထိခိုက်သွားတဲ့အခါ…..

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

" ထိလို့ထိမှန်းမသိတော့ဘူး...ဆရာမ..ခြေဖျားတွေထုံနေတယ် တရွတ်ဆွဲနေသလိုပဲ.."

 

ဆံပင်လေးတပိုကရိုထုံးဖွဲ့ထားသောသနားကမားဆရာဝန်မလေးသည် လူနာအဒေါ်ကြီးကပြောပြနေသမျှကို စိတ်လိုလက်ရနားထောင်လျက်ရှိသည်။ တကယ်တော့ အဒေါ်ကြီးဆီးချိုဖြစ်သည်မှာကြာခဲ့ပြီ။ ဆေးမှန်မှန်လည်းမသောက်။ ထမင်းကလည်းစားကောင်းကောင်းနှင့် နေ့စဉ်  နှစ်ပန်းကန်မောက်မောက်လောက်ဝင်သည်တဲ့။ ဆီးချိုကို ဘာမှမဖြစ်လောက်ပါဘူးဟုနေခဲ့တာကြာပြီ။ ခုမှ ခြေဖျားတွေထုံနေသလိုခံစားရ၍လာပြခြင်း ဖြစ်လေသည်။

 

" အဒေါ့်ဆီးချိုကတက်နေတယ်..ဆေးကလည်းပျက်တချက်သောက်တလှည့်.....အစားကလည်းမရှောင်ခဲ့တော့... အင်း.. "

 

အလွန်ပြောရခက်လှသောမိခင်ကိုကြည့်ကာ အတူပါလာသောသမီးကလည်း တုံဏှိဘာဝေ။ ပြောမရ၍လွှတ်ထားလိုက်ပုံရသည်။ 

Naturally Better 1

အသက်၄၂ နှစ်အရွယ်အဒေါ်ကြီး..ဆီးချိုကိုဆေးသုံး၍အစားရှောင်၍ ကောင်းကောင်းထိန်းချုပ်ရမယ့်အချိန်မှာ မလုပ်ခဲ့တော့ ခုတော့အဲဒီပြစ်ဒဏ်ကို စခံစားရစပြုပြီ။

 

" ညညဆိုခြေဖဝါးတွေလည်းပူနေတယ်ဆရာမ... အဲဒီပူတာကြီးကိုမခံနိုင်တာ.. "

 

" ခြေဖဝါးထဲကစူးခနဲစူးခနဲဖြစ်တာဆရာမ..အဲဒါကြီးကဘာကြောင့်လဲ"

 

" ခြေချောင်းတွေကဘယ်လိုခံစားမှုကြီးမှန်းမသိပါဘူးဆရာမရယ်..ပူသလိုနာသလိုအထိမခံသလို... တခါတလေမီးပူလာကပ်လိုက်သလိုပဲ" 

 

“ ဘယ်တုန်းကခိုက်မိလိုက်မှန်းမသိဘုူး… ထုံနေတော့ မသိလိုက်ဖုူး.. အနာရင်းလာမှ..”

 

ကာလရှည်ကြာဆီးချိုကိုထိန်းချုပ်ခြင်းမရှိသူများတွင် နောက်ဆက်တွဲဆိုးကျိုးများစွာဝင်လာတတ်သည်။ ဝင်လာမှကုဖို့ဆို ခန္ဓာကိုယ်ကြီးက အဲလောက်ကိုယ့်အလိုမလိုက်နိုင်တော့။ ကျောက်ကပ်ရောဂါ၊ ဆီးချိုအနာ၊ နှလုံးရောဂါလေဖြတ်စတာဖြင့် အရွယ်မတိုင်ခင်ဆုံးပါးကွယ်လွန်ကြရသည်။

 

Naturally Better 2

• ဒီတော့ဆီးချိုဝေဒနာရှင်များ  ထုံနေလား.. ကျင်နေလား… ပူနေလား….စူးခနဲစူးခနဲနာနေတတ်သလား.. ??? 

 

ဒါဆိုရင်တော့ ဆီးချိုနောက်ဆက်တွဲအနေနဲ့ အာရုံကြောထိခိုက်နေပါပြီ..

Peripheral Neuropathy လို့ ခေါ်ပါတယ်။ လူနာက ခံရခက်သလောက် ဆရာ၀န်ဘက်ကလည်း အလွန်ကုရခက်တဲ့ အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။

 

• ထိခိုက်သွားတဲ့ အာရုံကြောတွေကို.. ပြန်ကောင်းအောင်လုပ်လို့ရသလား..??

 

ဆီးချိုကြာရှည်ဖြစ်လာတဲ့ဒဏ်ကြောင့်ခန္ဓာကိုယ်က  ပျက်စီးသွားတဲ့အာရုံကြောဆဲလ်တွေကို ပြန်လည်ပြု ပြင်ပေးဖို့အသစ်လိုပြန်ကောင်းအောင်လုပ်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ဆေးပညာသုတေသနပညာရှင်တွေက နည်းအမျိုးမျိုးရှာဖွေစမ်းသပ်နေကြပေမယ့်  ဒါကိုပြန်ကောင်းအောင် မလုပ်နိုင်သေးပါဘူး။

 

• ဒီတော့ထုံတာကျင်တာပူတာတွေစူးခနဲနာတာတွေ ပိုဆိုးလာတာကိုပဲထိုင်ကြည့်ရတော့မှာလား ??

 

အဲလိုလည်းမဟုတ်ပြန်ပါဘူး။ 

 

  1. ဖြစိနေတာကို ပိုမဆိုးအောင်တားမယ်
  2. မဖြစ်သေးတဲ့အာရုံကြောတွေကို ကာကွယ်မယ်
  3. ထိခိုက်ပြီးသားအာရုံကြောတွေကို တတ်နိုင်သလောက် ပြန်ကောင်းအောင်ကြိုးစားကြည့်မယ်။

 

• ဘာတွေလုပ်ရမလဲ …..

 

ဆီးချိုထိန်းချုပ်ကုသလိုက်တာဟာ ဖြစ်ပြီးသားအာရုံကြောတွေကို ပိုမဆိုးစေဖို့နဲ့ မဖြစ်သေးတဲ့အာရုံကြောတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

 

ဆီးချိုရှိသူတစ်ယောက်ရဲ့ အစားမစားခင်ဆီးချိုပမာဏဟာ 80–130 mg/dl (4.4–7.2 mmol/L) သာရှိသင့်ပြီး အစာစားပြီး2 နာရီကြာတဲ့အခါဖောက်တဲ့ဆီးချိုဟာ 180 mg/dl (10.0 mmol/L)  အောက်သာ ရှိနေရမှာဖြစ်ပါတယ်။

 

ဒါမှအာရုံကြောတွေကိုမပျက်စီးအောင်တားဆီးတဲ့အတိုင်းအတာနဲ့မပျက်သေးတဲ့အာရုံကြောတွေကိုကာကွယ်တဲ့စစ်ဆင်ရေးအောင်မြင်မှာဖြစ်ပါတယ်။

 

သွေးတွင်းဆီးချိုကိုတင်းကြပ်စွာချုပ်ထိန်းကုသတာရယ်..အနာသက်သာဆေးတွေထုံတာကျင်တာပူတာတွေအတွက်ဆေးတွေကူလိုက်မယ်ဆိုရင် ပိုမဆိုးဘဲတိုးတက်ကောင်းမွန်လာနိုင်ခြေရှိပါတယ်လို့ ဆေးပညာရှင်များက ညွန်ကြားထားပါတယ်။ အရေးအကြီးဆုံးက ဆေးတွေအပြင် မိမိကိုယ်တိုင်ကစားသောက်နေမှုပြုပြင်ဖို့ပဲဖြစ်ပါတယ်။

 

ကဲ...ဖြစ်မှကုမလား.. ကြိုကာကွယ်မလား…နောက်ကျမှ ဖြစ်လာမယ့်ကုရခက်တဲ့ ဆိုးကျိုးများတဲ့ ဇာတ်လမ်းလေးတွေရှောင်နိုင်ဖို့ဆီးချိုကိုဖြစ်စကတည်းကတတ်ကျွမ်းသူများနဲ့ ကြပ်ကြပ်မတ်မတ်ကုသကြပါစို့နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)