/
node/5872

သတိမမူ ဂူမမြင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူအတော်များများဟာ တော်ရုံတန်ရုံလေးနဲ့ ဆေးရုံ၊ ဆေးခန်း သွားရမှာ အင်မတန် ဝန်လေးတတ်ကြပါတယ်။ နုံးနေရုံ၊ မသင်္ကာစရာ အနာ၊ အဖုလေးတွေ တွေ့ရုံနဲ့ ဆေးခန်းပြလေ့ မရှိတတ်ကြပါဘူး။ အမိျုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် ဆရာဝန်နဲ့ ပိုပြလေ့ရှိကြတဲ့အတွက် ရောဂါကို စောစောသိ၊ စောစောကုနိုင်ကြတယ်လို့ ဆိုပါတယ်။

          ဒါကြောင့် ဘယ်လိုလက္ခဏာမျိုးကိုတော့ မပေါ့မဆ၊ မကြောင့်ကြသင့်တယ်ဆိုတာ သိထားဖို့ ပြောပြပါရစေ။

၁။     မကြာခဏ နုံးနေတတ်ခြင်း၊ အထူးသဖြင့် အအေးမိ တုပ်ကွေးမိပြီးချိန်မှာဖြစ်ပြီး အသက်ရှူရခက်ခြင်း။

          နမိုးနီးယား အဆုတ်ရောင်ရောဂါရဲ့ အဓိကလက္ခဏာဟာ ချောင်းဆိုးခြင်းနဲ့ ဖျားခြင်းလို့ ပြောကြပေမယ့် ရံဖန်ရံခါ ဒီလက္ခဏာတွေနဲ့ မလာဘဲ ပုန်းခိုနေတဲ့ အဆုတ်ရောင်ရောဂါ ဆိုတာဟာ ရန်သူတစ်ပါးပါပဲ။ ဒီလိုအဆုတ်ရောင်ခြင်းဟာ ဖျားပြီးနောက် အနည်းငယ် လှုပ်လှုပ်ရှားရှားလုပ်ရုံနဲ့ အသက်ရှူကျပ်လာခြင်း၊ တစ်နေကုန် အလုပ်ပြီးချိန်မှာ အလွန်အမင်း ပင်ပန်းနေခြင်း စတဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။ ဒါ့အပြင် အသက်ရှူတိုင်း တရွှီရွှီမြည်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ ဖြူဖျော့လာခြင်း စတဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ တွေ့လာခဲ့ရင် ဆရာဝန်နဲ့ ပြသပါ။

 

၂။     ကိုယ်ခန္ဓာမှာ အဖုအကြိတ်တွေ ဖြစ်လာခြင်း

          ကိုယ်ခန္ဓာမှာ အဖုအကြိတ်တွေ ပေါ်လာ၊ မလာ အမြဲစစ်ဆေးနေသင့်တယ်လို့ ကင်ဆာအထူးကုဆရာဝန်တွေက တိုက်တွန်းပါတယ်။ ရင်သားတွေ၊ ပေါင်ကြားတွေမှာလည်း စမ်းသင့်သလို ကိုယ်ခန္ဓာ ဘယ်နေရာမှာမဆို စမ်းသပ်ကြည်သင့်ပါတယ်။ ဘေးမရှိတဲ့ အဆီကြိတ်၊ သွေးကြောအဆီလုံးတွေ ဖြစ်နိုင်ပေမယ့် အခြားရောဂါ ကြီးကြီးမားမားတွေလည်း ဖြစ်နိုင်တာကြောင့် သတိဟူသည် ပိုသည်မရှိပါဘူး။

 

၃။     ဆံပင်ကျွတ်ခြင်း

          ဟော်မုန်းစနစ်ဟာ ကိုယ်ခန္ဓာ တစ်ခုလုံးကို ထိန်းချုပ်ထားတာကြောင့် သိုင်းရွိုက်ဂလင်း ကျန်းမာရေးကို အမြဲတမ်း စစ်ဆေးနေသင့်ပါတယ်။ ဒီသိုင်းရွိုက်ရောဂါရဲ့ လက္ခဏာတစ်ခုဟာ ရုတ်တရက် ဆံပင် အရမ်းကျွတ်ခြင်း၊ ဆံပင် အသွေးအသား ပြောင်းလဲခြင်း စသည်ဖြင့် လာနိုင်ပါတယ်။ ဆံပင်ဆဲလ်တွေဟာ ကိုယ်ခန္ဓာမှာ ဖြစ်ပျက်မြန်တဲ့ ဆဲလ်အမျိုးအစား ဖြစ်တာကြောင့် ဟော်မုန်းအပြောင်းအလဲ တစ်ခုခုဖြစ်တိုင်း ဆံပင်ရှည်နှုန်း နှေးသွားခြင်း၊ ဆံပင် ပါးလာခြင်း၊ ဆံပင်အားနည်းခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့နဲ့ လာတတ်ပါတယ်။ ဒါတွေအပြင် စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ နုံးနေခြင်း၊ ကိုယ်အလေးချိန် ပြောင်းလဲခြင်း၊ ရာသီမမှန်ခြင်း စတဲ့ လက္ခဏာတွေပါ ပေါ်လာပါက ဟော်မုန်းအထူးကုဆရာဝန်နဲ့ ပြသသင့်ပါပြီ။

 

၄။     ရုတ်တရက် မောလာခြင်း

          နာတာရှည် အဆုတ်ရောဂါတွေမှာ အသက်ရှူကျပ်၊ မောပြီးလာနိုင်ပေမယ့် ရုတ်တရက် အကောင်းကြီးကနေ မောလာခဲ့ရင် ဘာတွေဖြစ်နိုင်သလဲ?

          အဓိကအကြောင်း (၂) ရပ်ကတော့ အက်ဆစ်ပြန်ဆန်တက်ခြင်းနဲ့ နှလုံးရောဂါတွေ ဖြစ်ပါတယ်။ အစာအိမ်အက်ဆစ်ဓာတ်တွေ အစာပြွန်ထဲ ပြန်ဆန်တက်လာတဲ့ရောဂါမှာ ရင်မပူဘဲ အစာစားပြီးတိုင်း မောပြီးလည်း လာနိုင်ပါတယ်။ ဒါ့အပြင် နှလုံးညှစ်အား နည်းလာခြင်းကြောင့်လည်း မောလာနိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသဖု့ိ မမေ့ပါနဲ့။

 

၅။     ဓမ္မတာ အလွန်နာကျင်ခြင်း

          ရာသီလာခါစ မိန်းကလေးတွေမှာ အလွန်နာကျင်တတ်တာဟာ ပုံမှန်သာဖြစ်ပေမယ့် လူကြီးဖြစ်လာတဲ့အခါ အရမ်းနာကျင်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။

          Endometriosis လို့ခေါ်တဲ့ သားအိမ် အတွင်းသားဟာ အခြား ကိုယ်တွင်းအမြှေးပါး၊ သားဥအိမ်နဲ့ အူတွေမှာ သွားဖြစ်တည်နေတဲ့ရောဂါမှာ ဓမ္မတာချိန်တိုင်း ရာသီလာနေပြီး အလွန်နာကျင်စေတတ်ပါတယ်။

 

၆။     ကလေး ညဘက် ကောင်းကောင်းမအိပ်ခြင်း

          ကလေးတွေဟာ ကိုယ်ခံစားနေရတာကို မပြောပြတတ်တာကြောင့် မိဘတွေဟာ ကလေးတွေရဲ့ ပြုမူပုံတွေကိုကြည့်ပြီး ခန့်မှန်းရတတ်ပါတယ်။ ကလေးဟာ မနက်ခင်းတွေမှာ ဂျီကျနေတတ်ရင် ညဘက်တွေမှာ တုတ်ကောင်ကြောင့် ယားပြီး မအိပ်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။

 

၇။     တစ်နှစ်မှာ (၂) ကြိမ်ထက် ပိုပြီးလည်ချောင်းနာတတ်ခြင်း

          လည်ချောင်းနာခြင်းဟာ Streptococcal ရောဂါပိုးကြောင့် ဖြစ်တတ်ပြီး ခဏခဏ ဖြစ်လာတဲ့အခါ လေးဖက်နာ အဆစ်ရောင်ရောဂါ ဖြစ်လာနိုင်ပါတယ်။

          ဒီလို အဆစ်နာလာတဲ့အခါ နေ့စဉ်လူနေမှုဘဝကို ထိခိုက်လာနိုင်တာကြောင့် မကြာခဏ လည်ချောင်းနာ၊ ဖျားနာတတ်ပြီး အဆစ်တွေ နာလာခဲ့ရင် ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။

 

၈။     အရေပြား အရောင်ပြောင်းလဲလာခြင်း

          အရေပြားဆိုတာဟာ ကိုယ်ခန္ဓာမှာ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အရေပြားမှာ တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် အလှအပထက် ပိုအရေးကြီးနိုင်ပါတယ်။

          အသားဝါလာခြင်း၊ ချိုင်းကြားမည်းလာခြင်းတို့ဟာ အသည်းရောဂါကို ပြသနိုင်ပါတယ်။ အသားဝါခြင်းဟာ အသည်းတစ်သျှူးတွေနဲ့ သည်းခြေပြွန်တွေမှာ ရောဂါဖြစ်လို့ ဖြစ်နိုင်ပြီး သံဓာတ် အလွန်များလာတဲ့အခါ ချိုင်းကြားတွေ မည်းလာနိုင်ပါတယ်။

 

၉။     အနာကျက်ဖို့ အရမ်းကြာခြင်း

          အရေပြားပေါ်မှာ ပုံမမှန်တဲ့မှဲ့တွေ၊ အခြားအဖုအကြိတ်တွေကို စောင့်ကြည့်လေ့ ရှိကြပေမယ့် အနာမကျက်တာကိုတော့ မေ့လျော့နေလေ့ ရှိပါတယ်။ ဒီလို (၆) ပတ်ထက်ပိုပြီး အနာမကျက်ခြင်းဟာ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ Basal cell carcinoma ကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပြီး သိပ်သတိမထားမိတဲ့ နားအတွင်း၊ ဦးရေပြား စတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။

 

၁၀။    အလင်းထဲမှာ မျက်လုံးအိမ် ကျယ်နေခြင်း

          မျက်လုံးအိမ် ကျယ်ခြင်းဟာ ပိုးဝင်ခြင်း၊ ဦးနှောက်နဲ့ အာရုံကြောရောဂါ၊ မျက်လုံးရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

          ဒီလို မျက်လုံးအိမ် ကျယ်ခြင်းအပြင် ပျို့ခြင်း၊ အန်ခြင်း၊ အိပ်ငိုက်ခြင်း၊ လှုပ်ရှားမှုတွေ ပုံမမှန်ခြင်း၊ ခြေထောက် အထိအတွေ့ လျော့နည်းခြင်း စတာတွေပါ တွဲလာခဲရင်တော့ အရေးပေါ်ကား ခေါ်သင့်ပါပြီ။

          မျက်လုံးအိမ်ကျယ်တာ တစ်ခုတည်းနဲ့ လာရင်တော့ ဦးနှောက်အာရုံကြောဆရာဝန်နဲ့ မျက်စိဆရာဝန်တို့ကို တိုင်ပင်ပါ။ ဒီလို မျက်လုံးအိမ် ကျယ်လာတဲ့ မျက်လုံးရောဂါတို့ဟာ အမြင်အာရုံ ချို့ယွင်းခြင်း၊ မျက်လုံးကန်းခြင်းတွေတောင် ဖြစ်နိုင်ပါတယ်။

          ဒီထဲက လက္ခဏာ တစ်စုံတစ်ခုများ ခံစားနေရပါသလား? မပေါ့ပါနဲ့။ အခုပဲ ဆရာဝန်နဲ့ သွားပြလိုက်ကြရအောင်။

Dr. Mya Phoo Ngon (www.drmyanmar.com)