အရက်နဲ့ တွဲမသောက်သင့်သောဆေးများ
ဆရာဝန်က တစ်နေ့ အရက် ဘယ်လောက်သောက်သလဲ မေးတဲ့အခါ သေသေချာချာ ဖြေဖို့ လိုပါလိမ့်မယ်။
စိတ်ဓာတ်ကျရောဂါ၊ ဆီးချို၊ သွေးတိုး စတာတွေအတွက် သောက်နေကြတဲ့ဆေးတွေကို အရက်နဲ့ တွဲသောက်တဲ့အခါ ဘေးဖြစ်တတ်ပါတယ်။
အရက်ဟာ နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းလို ဖြစ်နေတတ်ကြတဲ့အတွက် အရက်ဟာ ဆေးတွေလိုပဲ ဇီဝဖြစ်စဉ် စနစ်တစ်ခုတည်းက သွားတယ်ဆိုတာကို မေ့နေတတ်ကြပါတယ်။
ဒီလို အရက်နဲ့ဆေးတွေကို ဇီဝကမ္မ ဖျက်ဆီးတဲ့နေရာကတော့ အသည်းပဲ ဖြစ်ပါတယ်။
အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
အသက် (၂၀) နဲ့ အထက် ပုံမှန်အရက်သောက်သူ လူငယ်တွေရဲ့ ၄၀% ခန့်သာ အရက်နဲ့ ဆက်နွယ်တဲ့ဆေးတွေ သောက်ရတတ်ပေမယ့် တစ်ပတ်မှာ ၄ ကြိမ်မှ ၇ ကြိမ်ခန့် အရက်သောက်လေ့ရှိသူ အသက် ၆၅ နှစ်ကျော်သူတွေရဲ့ ၇၈% လောက်မှာ ဒီလိုဆေးတွေ သောက်ရတတ်ကြောင်း တွေ့ရပါတယ်။
အသက်ကြီးသူတွေမှာ ရောဂါတွေကြောင့် ဆေးတွေ ပိုသောက်ရသလို အသက်ကြီးလာလေလေ ဆေးတွေကို ဇီဝကမ္မဖျက်ဆီးဖို့ ပိုပြီးနှေးလာလေလေ ဖြစ်တာကြောင့် ပိုဒုက္ခရောက်တတ်ပါတယ်။
>> ဆေးအာနိသင်ကို များစေခြင်း၊ နည်းစေခြင်း
အရက်ဟာ ဆေးရဲ့အာနိသင်ကို များစေလိုက်တဲ့အတွက် ဆေးရဲ့ဘေး ဖြစ်နိုင်တဲ့ပမာဏထိကို ရောက်သွားစေနိုင်သလို ဆေးရဲ့အာနိသင်ကို နည်းစေလိုက်တဲ့အတွက် ဆေးရဲ့အကျိုး လျော့သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ -
● အရက် သောက်ရင်း အက်စပရင်ဆေး သောက်ခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှ သွေးထွက် များစေနိုင်ပါတယ်။
● အဖျားပျောက်ဆေး Acetaminophen ပါရာစီတမော အများကြီးသောက်ပြီး အရက်သောက်ခြင်းဖြင့် အသည်း ပျက်စီးနိုင်ပါတယ်။
● အရက်ကို အိပ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ စိတ်ကျရောဂါပျောက်ဆေး၊ စိတ်ငြိမ်ဆေးတွေနဲ့ တွဲသောက်ခဲ့ရင် သေဆုံးနိုင်ပါတယ်။
အသုံးများတဲ့ဆေးတွေဖြစ်တဲ့ သွေးပေါင်ကျဆေး၊ ကြွက်သားပျော့ဆေး၊ ဆီးချိုဆေး၊ ကိုလက်စထရောကျဆေး၊ စိတ်ရောဂါဆေးတွေနဲ့ အရက်တွဲသောက်မိတဲ့အခါ ဦးနှောက်၊ အာရုံကြောနဲ့ နှလုံးသွေးကြောရောဂါတွေကို ထိခိုက်နိုင်ပါတယ်။
>> ပွင့်ပွင့်လင်းလင်း ပြောပါ။
ဒါကြောင့် ဆရာဝန်က မေးတဲ့အခါ အရက် ဘယ်လောက် သောက်တယ်၊ ဘယ်နှစ်ကြိမ် သောက်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ဆေးပေးရာမှ လုံခြုံစိတ်ချ အကျိုးရှိစေဖို့ ဒီအချက်အလက်တွေ တိတိကျကျသိဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























