/
node/5914

အံ့ဖွယ်ဆန်းပြား ဆေးလောကဖြစ်ရပ်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●        အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ယောက် အရက်ဘီယာ အလွန်အကျွံသောက်ထားသလို မူးရစ်ရီေ၀လို့ ဆေးရုံ ရောက်လာပါတယ်။ အရက်မူးလွန်တာ ပြဿနာမဟုတ်ပေမယ့် ပြဿနာက ဒီလူက တစ်စက်ကလေးမှ အရက်မသောက်ခဲ့ဘူးတဲ့။ သူ့အိမ်မှာ နေ့စဉ် တစ်ပိုင်တစ်နိုင် အရက်ချက်ရင်း ဗိုက်ထဲမှာ ကစော်တွေ မွေးသလိုဖြစ်ပြီး တစ်ရက်တည်းမှာ ဆန်ခေါက်ဆွဲ ပေါင်မုန့်လိုမျိုး အများကြီး စားလိုက်တဲ့အချိန်မှာ ကစီဓာတ်နဲ့ ကစော်နဲ့ တွေ့ပြီး ကိုယ်ထဲမှာ အရက်ချက်သလိုဖြစ်လို့ အလွန်အကျွံ မူးယစ်သွားတာပါ။ သူ့ခန္ဓာကိုယ်က လက်ရှိမှာတော့ သက်ရှိအရက်ချက်ရုံကြီးလို့ ပြောရမှာပါတဲ့။

●        လူငယ်လေးတစ်ယောက်ဟာ သူ့ရည်းစားက နှုတ်ခမ်းလေးနဲ့ စုပ်ပြီး နမ်းလိုက်တဲ့ နေရာလေးမှာ သွေးခဲသွားပြီး အဲဒီသွေးခဲက ဦးနှောက်သွေးကြောကို ရုတ်တရက် ပိတ်ဆို့သွားတာမို့ ချက်ချင်း သေဆုံးခဲ့ဖူးပါတယ်။ နမ်းမယ်ဆို သတိထား ...။

●        ၁၉၉၄ မှာ အမျိုးသမီးတစ်ယောက်က ဆေးရုံကို အကျႌတွေရော၊ ကိုယ်လုံးရော ဆီတွေ ရွှဲပြီး ရောက်လာပါတယ်။ ပါးစပ်ကလည်း အနံ့ဆိုးတွေ တထောင်းထောင်းနဲ့။ သွေးစစ်ဖို့ စုပ်လိုက်တော့ စုပ်တဲ့ပြွန်ထဲကနေ အနံဆိုးကြီးတစ်မျိုး ထွက်လာပါတယ်။ ဆေးရုံထဲက ဆရာဝန်၊ ဆရာမတွေ အကုန်နေမကောင်း ဖြစ်ကုန်ကြပြီး ဆေးရုံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ လူနာအမျိုးသမီးလေး ဆုံးသွားတော့ ကျောက်ကပ် ပျက်စီးတာတဲ့။ သူမရဲ့သွေးထဲက အနံ့ဆိုးကြီးက ဘာလဲ ... ဘယ်လဲ ... ဘယ်သူမှ အဖြေ မထုတ်နိုင်ခဲ့ကြပါဘူး။

●        ၁၈၈၁ တုန်းက သမ္မတဂျိန်းကာဖီဟာ သေနတ်မှန်ပြီး အူတွေကို ထိုးဖောက်သွားတာမို့ အသက်ရှင်သွားပေမယ့် ကျန်ရှိသက်တမ်းမှာ အစာရေစာ မှန်သမျှကို စအိုကနေ သွင်းခဲ့ရပါသတဲ့။ အစာတွေက အဆီအဆိမ့်တွေများပြီး ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် သိပ်ကြာကြာမခံလိုက်ဘဲ ဆုံးသွားရှာပါတယ်။

●        အသက် ၁၈ နှစ်မှာ အရပ် ၄ ပေကျော်ကျော်သာ ရှိခဲ့ပေမယ့် အသက် ၃၂ မှာ အရပ် ၇ ပေ ၂ လက်မထိ မြင့်တက်လာခဲ့သူတစ်ဦး ရှိခဲ့ဖူးပါတယ်။ ဦးနှောက်တွင်း အကျိတ်တစ်ခုကြောင့် ဖြစ်တာဖြစ်ပြီး ခွဲစိတ်ဖို့ ကြိုးစားကြပေမယ့် မအောင်မြင်လိုက်ဘဲ အသက် ၅၁ မှာ အရပ် ၇ ပေ ၈ လက်မနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

●        အရီဇိုးနားက အမျိုးသမီးငယ်တစ်ယောက်ဟာ မကျက်တကျက် ဝက်သားစားရာကနေ သန်ကောင်တစ်ကောင်ဟာ အူကနေ ဦးနှောက်ကို သွေးကြောကနေ ရောက်ရှိသွားပြီး သူမဦးနှောက်ထဲမှာ ရှင်သန်နေခဲ့ပါတယ်။ သူမဟာ ပြင်းပြင်းထန်ထန် အတက်ရောဂါတွေ ခံစားရပြီးနောက်မှာ ဦးနှောက်ကို ဓာတ်မှန်ရိုက်ကူးပြီး သန်ကောင်ကို ခြောက်နာရီကြာ ခွဲစိတ်ထုတ်ခဲ့ရပါတယ်။ သန်ကောင်က သူမရဲ့ အသိစိတ် ဦးနှောက်အစိတိအပိုင်းထဲမှာ ရှိနေတာမို့ သူမအနေနဲ့ ခွဲစိတ်မှုတစ်လျှောက်လုံး လုံးဝမေ့မသွားဘဲ  အသိ ရှိနေခဲ့ရပါတယ်။

●        ၁၇၅၄မှာ အိန်းဝမ်းမက်ဒေါ်နယ်ဆိုတဲ့လူကို ကြိုးပေးသတ်ဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူ့ရဲ့ခန္ဓာကိုယ် ရေခဲတိုက်ကိုရောက်ပြီး ဆရာဝန်တွေက သေဆုံးပြီး ခွဲစိတ်မှုလုပ်ဖို့ စီစဉ်နေကြတဲ့အချိန်မှာ သူက ရုတ်တရက် အသက်ရှင်လာပြီး သူ့ကို မသတ်ဖို့ တောင်းပန်ခဲ့ပါတယ်။ အဲဒီအခါ ရှိနေတဲ့ ဆရာဝန်တွေထဲက တစ်ယောက်က ဓားတချောင်း ကောက်ယူလိုက်ပြီး သူ့ကို အသေ ထိုးသတ်ခဲ့ပါတယ်။

●        ၂၀၁၃မှာ မာရီဆိုတဲ့ မိန်းမချောလေးဟာ ရစ်ချတ်နဲ့ ရေမွန်ဆိုတဲ့ အမြွှာညီအကိုနဲ့ ချစ်ဇာတ်လမ်း ခင်းခဲ့ပါတယ်။ မာရီကလေး မွေးလာတော့ အဖေ ဘယ်သူလဲ ခွဲရခက်နေပါရောလား။ ဒီတော့ စစ်ကြည့်ကြတော့ ညီအကိုနှစ်ယောက်လုံးရဲ့ ဒီအန်အေဟာ ကလေးရဲ့ ဒီအန်အေနဲ့ ၉၉ ရာခိုင်နှုန်း ထပ်တူကျနေပါတော့တယ်။ ဒါဆို နှစ်ယောက်လုံးက ကလေးအဖေပေါ့ ...?

●        ၁၉၈၄ တုန်းက အင်္ဂလန်က အမျိုးသမီးတစ်ယောက်က သူ့မှာ ဦးနှောက်အကျိတ် ရှိနေကြောင်း ထူးဆန်းတဲ့ သတိပေးသံတွေ ခေါင်းထဲမှာ တစ်ချိန်လုံး  ကြားနေခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ကို ထင်ယောင်ထင်မှားပါလို့ ရောဂါအမည် တပ်ခဲ့ပေမယ့် နောက်ဆုံး ဦးနှောက်ဓာတ်မှန် ရိုက်ကူးလိုက်တဲ့အချိန်မှာ ဦးနှောက်အကျိတ်ကို အဲဒီထူးဆန်းတဲ့အသံတွေ ပြောပြခဲ့တဲ့နေရာမှာပဲ အတိအကျ တွေ့ခဲ့ရပါတယ်။

●        အမျိုးသားတစ်ယောက်ဟာ ပဲငံပြာရည်ပုလင်း လေးစိတ်တစ်စိတ်ခန့် မော့သောက်ပြီးနောက် တက်ပြီး အမြှုပ်တွေထွက်ကာ သတိလစ်သွားလို့ ဆေးရုံတင်ပို့ ကုသခဲ့ရပါတယ်။ ဆေးရုံမှာ သုံးရက်တိုင်တိုင် သတိလစ် မေ့မျောနေခဲ့ပြီး သွေးတွင်း ဆိုဒီယမ် အငန်ဓာတ်ဟာ မကြုံဖူးတဲ့ အံ့အားသင့်စရာ အနေအထားတစ်ခုအထိ မြင့်တက်နေခဲ့ပါတယ်။ သူကတော့ တကယ့် ဖိုးကံကောင်းလေးပါ။ နောက်ဆုံး သူ နေကောင်း ကျန်းမာလာခဲ့တယ်လေ။

●        အသက် ၆၀ ကျော်အရွယ် အမျိုးသားစစ်စစ်ကြီးတစ်ယောက် ဗိုက်အောင့်လို့ ဆေးရုံတက်ရပါတယ်။ သူ့မှာ ထူးခြားစွာ ဖိုမျိုးဥ လုံးဝမတွေ့ရှိရဘဲ အထဲမှာ မအဂါၤတွေ အပြည့်အစုံ ပါဝင်နေတာကို စမ်းသပ် တွေ့ရှိခဲ့ကြပါတယ်။ နာနေတဲ့ဗိုက်ရဲ့ တရားခံကတော့ အထဲက သားဥအိမ်မှာ အရည်အိတ် တည်နေလို့ပါတဲ့။ ဖြစ်ရလေ ...

●        ၁၈၀၄ ခုနှစ်တုန်းက အသက် ၄၁ အရွယ် အမျိုးသမီးတစ်ယောက်ဟာ ဗိုက်အဆမတန် ပူလာပြီး စူကားလာတဲ့အတွက် ဆရာဝန် ပြသခဲ့ပါတယ်။ ဆေးပညာ သိပ်မတိုးတက်သေးတဲ့ ခေတ်မှာဆိုတော့ သူမကို အမြွှာကိုယ်ဝန်လို့ပဲ ထင်မိခဲ့ကြတာပါ။ ဒါပေမဲ့ ဆရာဝန်တစ်ယောက်ကတော့ သူမမှာ သားဥအိမ်အကျိတ် တည်နေပါပြီဆိုပြီး ခွဲစိတ်ပေးခဲ့ပါတယ်။ မေ့ဆေးလည်းမပါ ပဋိဇီဝဆေးလည်းမသုံးဘဲ စမ်းသပ်ခွဲစိတ်ခဲ့တဲ့အခါ  ဗိုက်ထဲက ထွက်လာတာကတော့ ၂၂ ပေါင် အလေးချိန်စီးတဲ့ သားဥအိမ်အကျိတ်ဖုကြီးပါတဲ့။ အဲဒီအမျိူးသမီးဟာ ခွဲစိတ်အပြီး အသက် ၇၈ ထိ အသက်ရှင် နေထိုင်သွားခဲ့ပါတယ်။

●        အီရန်အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ဖိုအဂါၤနံဘေးမှာ မင်း ကံကောင်းပါဇီလို့ တက်တူးထိုးခဲ့ဖူးပါတယ်။ ထိုးလည်းပြီး တစ်ပတ်အကြာ သူ့ရဲ့ဖိုအဂါၤဟာ တစ်ချိန်လုံး ထောင်မတ်နေခဲ့ပါတယ်။ ဆရာဝန်ပြလိုက်တော့ တက်တူးဒဏ်ရာကြောင့် သွေးကြောအာရုံကြော ပျက်စီးသွားလို့ ဖွားဘက်တော် မောင်တုတ်တစ်ယောက် တစ်ချိန်လုံး ထောင်နေတဲ့ ပဲတောင့်ရှည်ဘဝကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ပေါက်တဲ့နဖူး မထူးတော့ဘီမို့ သူ့ခမျာလည်း ဒီအတိုင်း ဝင့်ဝင့်ကြွားကြွား ထောင်မတ်နေတဲ့ အနေအထားနဲ့ပဲ တစ်သက်လုံး နေသွားဖို့ ရွေးချယ်လိုက်ပါတော့တယ်။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)