/
node/6095

အသံကိုကြားရင် ရောဂါကို ခန့်မှန်းလို့ရတယ်တဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အသံကို နားထောင်ပြီးတော့ အစာအိမ် အက်ဆစ်ပြန်ဆန်တက်တဲ့ရောဂါကနေ သိုင်းရွိုက်ပြဿနာတွေအထိကို သိနိုင်တယ်ဆို အံ့သြကြမလား? အဲဒါကြောင့် အသံတွေကို နားထောင်ကြည့်ဖို့ လိုတယ်နော်။

          လူအများစုဟာ နေ့တိုင်းနေ့တိုင်း စကားပြောဆို၊ ရယ်မော၊ အော်ဟစ်နေကြပေမယ့် တော်ရုံတန်ရုံ အသံကို သတိမထားမိတတ်ကြဘူး။ အသံကို သေချာနားထောင်ကြည့်ရင်တော့ ပြောင်းလဲတာလေးတွေကို သိလာမှာပါ။ အသံကာလာ ပြောင်းလဲလာတာလေးတွေကို ကြည့်ပြီး ဖျားတာနာတာလေးကစပြီး အကြီးကြီးတွေအထိ သိနိုင်တယ်။

          အသံ အက်လာသြလာတာ၊ အသံဝင်သွားတာတွေဟာ လည်ချောင်း ပိုးဝင်တာ၊ အသံ အသုံးများတာတွေကြောင့် ဖြစ်နိုင်တယ်။ အသံ အနိမ့်အမြင့် ပြောင်းလဲတာကတော့ အသံကြိုးကြားက အကွာအဝေး အပြောင်းအလဲပေါ် မူတည်တယ်။ အသံတွေ တစ်ယောက်နဲ့တစ်ယောက် မတူတာဟာ လူတွေရဲ့ လည်ချောင်း၊ နှာခေါင်း၊ ပါးစပ်ရဲ့ပုံစံတွေ မတူလို့ပါပဲ။

 

၁။     အက်တက်တက်အသံ

          မနက်ဘက်တွေ အိပ်ရာက နိုးနိုးချင်းတွေမှာ အသံအက်လာတာ ဖြစ်လေ့ရှိတယ်။ ဒါပေမဲ့ ဒါဟာ အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်လာတာကြောင့်လည်း ဖြစ်တတ်သေးတယ်ဆိုတာ မမေ့ဖို့တော့ လိုတယ်။ အစာအိမ်ထဲက အက်ဆစ်တွေဟာ အစာပြွန်ကနေ ကျော်လာပြီးတော့ လည်ချောင်းထဲထိတောင် ရောက်လာတတ်တယ်။ ဒီလို အသံအိုးကို လာထိခိုက်တဲ့အခါ ရောင်လာပြီးတော့ ပုံမှန်တုန်ခါမှုမရှိတော့ဘဲ အသံတွေ အက်လာတော့တာပေါ့။

          ဒီလိုအသံအက်တာဟာ တခြားပြဿနာတွေလည်း ဖြစ်တတ်သေးတယ်။ ရုတ်တရက်ကြီး အသံပြောင်းလာခဲ့ရင် အသံအိုး လည်မျိုကင်ဆာကို သတိထားဖို့ လိုတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ မကြောက်သွားနဲ့ဦး။ တခြား သိပ်မဆိုးတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်သေးတယ်။ တစ်ခါတလေ လူငယ်လူရွယ်တွေမှာ ဒီလို ခပ်အက်အက် ရှတတအသံမှ မိုက်တယ်ထင်ပြီး တမင်လုပ်ပြောတာမျိုးလည်း ရှိတတ်သေးတယ်။

 

၂။     နှာသံ

          အအေးမိတဲ့အခါ နှာခေါင်းပိတ်ပြီး နှာသံ ပေါက်လာတတ်တယ်။ နှာခေါင်းထဲ လေမဖြတ်သွားနိုင်လို့ ဖြစ်တတ်တယ်။ အသံရဲ့ အနိမ့်အမြင့်ဟာ နှာခေါင်းနဲ့ ဦးခေါင်းခွံဂလိုင်ပေါက်တွေပေါ် မူတည်နေတာကြောင့် ဒီလိုမဖြတ်နိုင်တဲ့အခါ အသံ အရမ်းပြောင်းသွားတတ်တယ်။

          နှာခေါင်းဘေးနားမှာရှိတဲ့ ဦးခေါင်းခွံဂလိုင်ပေါက်တွေမှာ ပိုးဝင်နေတာ၊ ဓာတ်မတည့်တာ၊ ကိုယ်ခံအား ကမောက်ကမဖြစ်တာမျိုးတွေကြောင့် ရောင်တဲ့အခါ အမြဲတမ်း နှာသံပေါက်နေတတ်တယ်။ ပြီးတေ့ာ နှာခေါင်းတွင်း အတက်ကလေး ရှိတဲ့လူတွေမှာဆို ရောင်ရာကနေ ထိပ်ကပ်နာအထိပါ ဖြစ်သွားတတ်တယ်။ ထိပ်ကပ်နာဖြစ်သွားရင် ပျောက်ဖို့မလွယ်တော့ပေမယ့် အတက်ကလေး သက်သာအောင် စတီးရွိုက်နဲ့တော့ ကုလို့ရတယ်။ တစ်ခါတလေ ဆေးနဲ့ ဘယ်လိုမှ မသက်သာတော့ရင် ဖြတ်ဖို့ လိုကောင်းလိုနိုင်တယ်။

 

၃။     အသံသြသြ/အသံတိုးတိုး

          အသံတစ်ခုခု ပြောင်းလဲရင် သိုင်းရွိုက်ကိုလည်း မမေ့နဲ့ဦးနော်။ သိုင်းရွိုက်တစ်ခုခုဖြစ်ရင် ဟော်မုန်းတွေ အပြောင်းအလဲဖြစ်ပြီး အသံကို ထိခိုက်နိုင်တယ်။ သိုင်းရွိုက်ဟော်မုန်း အထွက်နည်းတဲ့အခါ အသံသြလာတတ်တယ်။ အကယ်၍ သိုင်းရွိုက်အလုံးက အသံဆီသွားတဲ့ အာရုံကြောပေါ် ဖိမိရင် အသံကြိုး အားနည်းသွားတတ်တယ်။ အသံအနိမ့်အမြင့် ပြောင်းလု့ိမရတော့တာဟာ အသံအာရုံကြောကို ဖိမိလို့ပါ။

          သိုင်းရွိုက်ကင်ဆာ ဖြစ်တဲ့လူတွေမှာ ဆိုရင်တော့ ဒီအာရုံကြောတစ်ဖက် လုံးဝပျက်စီးသွားပြီး အသံကြိုးတစ်ဖက်ပဲ လှုပ်လို့ရတော့တယ်။ ဒီလိုမျိုးဆိုရင်တော့ အသံတိုးတိုးလေးပဲ ထွက်ပါတော့မယ်။

 

၄။     အသံတိုးတိုးငြိမ်ငြိမ်

          အသံ ပိုတိုးလာပြီး အသံအတက်အကျ အနိမ့်အမြင့်မရှိတော့ရင် ပါကင်ဆန်ရောဂါ ဖြစ်နေနိုင်ပါတယ်။ ၉၀% သော ပါကင်ဆန်ဝေဒနာသည်တွေဟာ အသံအပြောင်းအလဲကို ခံစားကြရတယ်။ ဒီရောဂါသည်တွေဟာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်းလည်း မရှိတော့ဘဲ အသံတိုးနေလို့ တိုးနေမှန်းလည်း မသိကြဘူး။

 

၅။     အသံရှတတ

          အသံ ရုတ်တရက်ကြီး ရှတတဖြစ်လာပြီး မပျောက်တော့ရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ လည်ချောင်းကင်ဆာ ဖြစ်နေနိုင်တယ်နော်။ လည်ချောင်းထဲ ပုံမမှန်တာ တစ်ခုခုရှိနေရင် အသံကြိုး တုန်ခါမှုတွေကို အပြောင်းအလဲဖြစ်စေလာပြီး အသံရှတတ ဖြစ်လာတတ်တယ်။ ဒါပေမဲ့ ၅% လောက်ပဲ ဖြစ်တတ်တာပါ။ အများစုကတော့ လည်ပြွန်ရောင်တာကြောင့် ဖြစ်တတ်တယ်။ လည်ပြွန်ရောင်တာကြောင့် ဆိုရင်တော့ (၁) ပတ်လောက်အတွင်းမှာတင် ပျောက်သွားပါလိမ့်မယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)