/
node/6116

လက်သည်းခွံ ကွာတဲ့အကြောင်းလေး ပြောပြချင်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အခုခေတ်မှာတော့ လက်သည်းကို အလှအပတစ်ခုအနေနဲ့ အမျိုးမျိုး ခြယ်သကြပေမယ့် ဘိုးဘေးဘီဘင် ရှေးဦးလူသားတွေ ဘဝတုန်းကတော့ လက်သည်းကို တူးဖို့ ဆွဖို့၊ ကာကွယ်ဖို့အတွက် သုံးခဲ့ကြရတယ်။ ပြီးတော့ လက်သည်းဟာ လက်ထိပ်တွေကို ကာကွယ်ပေးထားပြီး ပစ္စည်းတွေ ကောက်ကိုင်နိုင်စွမ်းကို ပိုကောင်းစေနိုင်တာပေါ့။

          လက်သည်းမှာ keratin လု့ိခေါ်တဲ့ ပရိုတင်း အသားဓာတ်တစ်မျိုးပါတယ်။ ဒီပရိုတင်းကို ဆံပင်တွေမှာပါ တွေ့ရတတ်တယ်။ လက်သည်းကို keratin အလွှာတွေ အများကြီးနဲ့ ဖွဲ့စည်းထားတယ်။ ဒီအလွှာတွေ ကွာကျတဲ့အခါ လက်သည်း ပါးသွားပြီး ကွဲထွက်သွားနိုင်တယ်။

          ဒီလို လက်သည်း ကွာတာဟာ အပြင်က ထိခိုက်တာတွေကြောင့် ဖြစ်နိုင်သလို ကိုယ်တွင်းရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။

          လက်သည်းတစ်ခု အပြည့်ရှည်ထွက်လာဖို့ ၆ လလောက် ကြာတယ်တဲ့နော်။ ဒါကြောင့် လက်သည်း တစ်ခုခု ဖြစ်တာဟာ လတ်တလော ထိခိုက်တာကြောင့် မဟုတ်ဘဲ အရင်လတွေတုန်းက ဖြစ်ခဲ့တဲ့ ရောဂါအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

          လက်သည်းကို ထိမိခိုက်မိတာ၊ အဝတ်လျှော်၊ ပန်းကန်ဆေးရင်း လက်အမြဲ ရေစိုနေတာတွေက လက်သည်းကို ခြောက်သွားပြီး လက်သည်းခွံ ကွာစေတတ်တယ်နော်။

          ဒါတင်မကသေးဘူးတဲ့။

●        လက်သည်းကို ဖိမိတဲ့အလုပ်တွေ

●        လက်သည်းကို အသုံးများတာတွေ

●        လက်သည်းနီကို ခွာနေတတ်တဲ့သူတွေ

●        လက်သည်းတု တပ်တဲ့သူတွေမှာလည်း

          လက်သည်းခွံ ကွာတတ်သေးတယ်။

          အပြင်က အကြောင်းကြောင့်လား၊ ကိုယ်တွင်း အကြောင်းကြောင့်လားဆိုတာ သိရအောင် လက်သည်းနဲ့ ခြေသည်းကို ယှဉ်ကြည့်လို့ရတယ်။ လက်သည်းချည်း ဒါမှမဟုတ် ခြေသည်းချည်း ကွာနေတယ်ဆိုရင် ဒါ အပြင်က ထိမိခိုက်မိလု့ိဖြစ်တာ ဖြစ်နိုင်တယ်။ လက်သည်းရော၊ ခြေသည်းရော ကွာနေတယ် ဆိုရင်တော့ ဒါ ကိုယ်တွင်းရောဂါတစ်ခုခုကြောင့် ဖြစ်လိမ့်မယ်။

          ကိုယ်တွင်းရောဂါတွေက အမျိုးမျိုး ကွဲပြားနိုင်တယ်။ ဒါပေမဲ့ ရံဖန်ရံခါ လက်သည်းခြောက်ပြီး ကွာတာက ဗီတာမင် ချိုတဲ့တာ၊ သံဓာတ် အားနည်းတာတွေကြောင့် အဖြစ်များတယ်နော်။

          လက်သည်းလေး ကွာရုံနဲ့တော့ ဆရာဝန် ပြစရာမလိုပေမယ့် ဆရာဝန် ပြရမယ့် အခြေအနေမျိုးကိုတော့ သိထားရမှာပေါ့။

          အရမ်းနာနေရင်၊ သွေးတွေပါ ထွက်နေရင် ဒါ အရေးကြီးလာပြီပေါ့။

          အများစုမှာတော့ အိမ်မှာ ကိုယ့်ဟာကိုယ် ကုပြီး ပျောက်သွားတတ်တယ်။

 

>>    အိမ်မှာ ဘယ်လိုကုသင့်သလဲဆိုရင် -

          သံဓာတ် အားနည်းနေတယ်လို့ ထင်ရင် သံဓာတ် များများစားပေးပေါ့။ သံဓာတ်များတဲ့ အစားအစာတွေကတော့ -

●        အာလူးမီးဖုတ် (အခွံမခွာ)

●        သံဓာတ်ဖြည့်စွက်ထားတဲ့ မနက်စာ Cereal

●        အဆီမပါ အသား

●        ပဲ

●        ဟင်းနုနွယ်

●        ပဲအဖြူ

          သံဓာတ်အားဆေးတွေလည်း သောက်လို့ရတယ်။ ဗီတာမင်အားဆေးတွေ သောက်မယ်ဆိုရင်လည်း ဆေးအညွှန်းကို သေချာဖတ်ကြည့်ပါ။ တချို့အားဆေးတွေက သံဓာတ် မပါတတ်ဘူး။

          ဒါပေမဲ့ တန်ဆေးလွန်ဘေး ဆိုတာလိုပေါ့။ ၂၅ မီလီဂရမ်ကျော်အောင် သောက်ရင်လည်း ကိုယ်ခန္ဓာက ဇင့်စုပ်ယူမှု အားနည်းသွားတတ်တယ်။ ဒါကြောင့် ချင့်ချိန်ပြီး သောက်ပေါ့။

          ပြီးတော့ လက်သည်းတွေကို အားဖြည့်ပေးတဲ့ biotin ဓာတ် အားဆေးသောက်ပေးလို့လည်း ရတယ်နော်။

          လက်သည်းကို အစိုဓာတ် ပြည့်ဝအောင် ထားဖို့လည်း အရေးကြီးသေးတယ်။ ရေ အကြာကြီး မကိုင်နဲ့။ အကယ်၍ အိမ်မှုကိစ္စတွေလုပ်ပြီး မကိုင်မဖြစ် ကိုင်ရရင်လည်း ရာဘာလက်အိတ်ကြီးတွေ စွပ်ပြီး လုပ်ပေးပါ။ ရေကူးတာတို့၊ ဘာတု့ိ ရေနဲ့ ပတ်သက်တဲ့အလုပ်တွေ ဆိုရင်လည်း လက်ကိုရော၊ လက်သည်းကိုပါ လိုးရှင်းတွေ၊ ခရင်မ်တွေ လိမ်းပေးပါနော်။

 

>>    ဒီလို အလှပျက်စေတဲ့ လက်သည်းခွံ ကွာတာကို ကာကွယ်ဖို့အတွက် -

          လက်သည်းအတု တပ်တာကို ရှောင်ပါ။ လက်သည်းအတု တပ်တာက လက်သည်းခွံကို ကွာစေပြီးတော့ လက်သည်းကို အမာရွတ် ကျန်စေနိုင်တယ်။ ပြီးတော့ ပါးသွားစေတတ်တယ်။

          လက်သည်းထိပ်လေးတွေကို လက်သည်း တံစဉ်းလေးနဲ့ စားစားပေးလို့ ရတယ်။ လက်သည်းလေး နှစ်ဖက်ကို ချွန်ချွန်ကြီးမထားဘဲနဲ့ လခြမ်းကွေးပုံစံလေး ညှပ်ပေးနော်။ ဒါမှ ကျိုးတာ၊ ကွဲတာတွေ မဖြစ်မှာပါ။ လက်သည်း တိုက်ရင်လည်း တစ်ဖက်တည်းကို ဦးတည်ပြီး တိုက်ပေးပါ။ ရှေ့နောက် တိုက်ရင်တော့ လက်သည်းတွေ ပိုပြီးကွာတတ်တယ်။

          တစ်ခါတလေ အစို အရမ်းများရင်လည်း ကွာတတ်သေးတယ်။ ဒါကြေင့် လက်သည်းကို အကြည်ရောင်လေး ဆိုးပေးလို့ ရတယ်။ နိုင်လွန်အမျှင်ပါတဲ့ လက်သည်းအကြည်တွေက လက်သည်းကို ပိုပြီးသန်မာစေနိုင်တယ်တဲ့။

          ပြီးတော့ သတိထားဖို့က ပစ္စည်းတွေ ကောက်တာ၊ ဖွင့်တာကို လက်သည်း သိပ်မသုံးဘဲ လက်ထိပ်ကို ပိုသုံးပေးဖို့ မှာချင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)