/
node/6158

ဗိုက်ထဲက အော်သံ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ဗိုက်ထဲက တဂွီဂွီမြည်ရင် ဗိုက်ဆာလို့လို့ ပြောကြပြီးတော့ တစ်ခါတလေ အစာစားပြီးပြီးချင်းတောင်မှ အသံမြည်တာမျိုး ရှိပါတယ်။ ဒီတော့ ဘာလို့ အသံထွက်တာလဲ?

          တကယ်တော့ ဗိုက်ဆာလို့ ဗိုက်ထဲက အသံထွက်တာ မဟုတ်ပါဘူး။ ဗိုက်ပဲဆာဆာ၊ ဗိုက်ပဲပြည့်ပြည့် အသံထွက်တာ ပုံမှန်ပါပဲ။

          ဒီအသံတွေက အူတွေ၊ အစာတွေကို ချေနေတာကို ပြောတာပါ။ အစာ စားလိုက်တဲ့အခါမှာ အစာတွေ အစောချေလမ်းကြောင်းတစ်လျှောက် ဖြတ်သွားနိုင်ဖို့အတွက် အစာအိမ်ကြွက်သားတွေက ကျုံ့ပေးရပါတယ်။ ဒီလို အစာချေလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ ကျုံ့ပြီးတော့ အစာတွေ၊ ရေတွေနဲ့ လေတွေကို တွန်းပေးနေတဲ့အခါမှာ ဗိုက်ထဲကအော်သံတွေ ဖြစ်စေပါတယ်။ အစာတွေကို ဖြိုခွဲနေပြီးတော့ အစာချေနေတာပါ။

          ယေဘုယျအနေနဲ့ အစာစားပြီး ၂ နာရီအကြာမှာ အစာအိမ်ကြွက်သားတွေ စပြီးကျုံ့ပါတယ်။ ကျန်းမာတဲ့ လူတစ်ယောက်မှာဆိုရင် အစာစားပြီးတော့ မိနစ် ၉၀-၁၂၀ အကြာမှာ နောက်ထပ် အစာ ထပ်မစားဘူးဆိုရင်ပေါ့ အစာအိမ်ကြွက်သားတွေ ကျုံ့ပြီးတော့ အစာတွေကို အူသိမ်ထဲကို တွန်းပို့ပြီးတော့ အစာအိမ်ထဲမှာ အစာမရှိအောင် ရှင်းပါတယ်။

          ဒါက အူသိမ်ထဲမှာ ဘက်တီးရိးယားပိုးတွေ တရားလွန်မပေါက်ဖွားအောင်လို့ လုပ်နေရတာပါ။

          အစာအိမ်နဲ့ အူထဲမှာ အစာမရှိတော့ရင် အာရုံကြောစနစ်ကို သွားလှုံ့ဆော်ပြီးတော့ ဗိုက်ထဲမှာ အော်စေနိုင်ပါတယ်။ ဒါဆိုရင် သရေစာ နည်းနည်းစားဖို့လိုပြီဆိုတာကို ပြပါတယ်။

 

>>    ဗိုက်ထဲက အော်သံတွေ ရပ်သွားအောင် လုပ်လို့ရလား?

          ဗိုက်ထဲက အသံထွက်ပေမယ့် မအန်ဘူးဆိုရင် ပြဿနာမရှိပါဘူး။ ဒါပေမဲ့လည်း ဒီအသံတွေကို ရပ်ချင်တော့ နည်းလမ်းတွေ ရှိပါတယ်။

          ရေသောက်ပေးတာက အစာအိမ်ကို ပြန်ပြည့်သွားစေပြီးတော့ ဆာလောင်မှုကို လျော့ကျစေတဲ့အပြင် ရေက အစာလမ်းကြောင်းမှာ သွားတာနှေးတဲ့အတွက် ဗိုက်ထဲကအော်သံတွေ နည်းသွားစေသလို  မကြားရတော့အောင် လုပ်ပေးနိုင်ပါတယ်။ သရေစာ နည်းနည်းနဲ့ မကြာခဏ ပုံမှန်စားပေးတာကလည်း အစာချေစနစ်ကို ပိုအလုပ်လုပ်စေပါတယ်။

          နောက်ဆုံးအနေနဲ့ ပြောချင်တာက ဗိုက်ထဲကအော်သံတွေ ပုံမှန်ထက် များနေတယ်လို့ထင်ရင် ဂက်စ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ မုန်ညှင်း၊ အရက် စတဲ့ ကြို့ထိုးစေတဲ့၊ လေတက်စေတဲ့၊ ဗိုက်ထဲမှာ အသံထွက်စေတဲ့ အစားအစာတွေကို ရှောင်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)