/
node/6185

ကျောက်ကပ် ထိစေနိုင်တဲ့အရာတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      အသားဓာတ် များများစားလွန်းခြင်း

        အသားဓာတ်က ကျန်းမာဖို့အတွက် မရှိမဖြစ် အရေးပါပေမယ့်လည်းပဲ ကျောက်ကပ် မကောင်းတဲ့သူတွေ အတွက်တော့ အသားများများ စားလွန်းရင် ကျောက်ကပ်ကို ဝန်ပိစေပါတယ်။ ဒီတော့ ကျောက်ကပ် မကောင်းဘူးဆိုရင် အသားဓာတ် တစ်နေ့ ဘယ်လောက်စားလို့ရလဲဆိုတာ ဆရာဝန်ကို သေချာမေးပါ။ ဥ၊ ငါး၊ ပဲနဲ့ အခွံမာသီးတွေကနေ ရတဲ့အသားအမျိုးမျိုးကို နည်းနညး်စီပဲ စားပေးဖို့ လိုနိုင်ပါတယ်။

 

2.      ဆား

          တချို့လူတွေမှာ ဆား အလွန်အကျွံစားခြင်းကြောင့် သွေးတိုးပြီးတော့ ကျောက်ကပ် ပျက်စီးတာကို မြန်စေပါတယ်။ ပြီးတော့ ကျောက်ကပ် ကျောက်တည်တာ၊ ကျောအောင့်တာနဲ့ ဆီးသွားရ ခက်တာတွေ ဖြစ်စေနိုင်ပါတယ်။

 

3.      ဆေးလိပ်သောက်ခြင်း

          ဆေးလိပ်သောက်တာက ကျောက်ကပ်ရောဂါတွေ ဖြစ်စေတဲ့ အဓိကရောဂါနှစ်မျိုးဖြစ်တဲ့ သွေးတိုး၊ ဆီးချိုတွေ ပိုဆိုးစေရုံသာမကဘဲ ဒီရောဂါတွေအတွက် သောက်ရတဲ့ဆေးတွေရဲ့ သက်ရောက်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ကျောက်ကပ်ဆီ သွေးစီးဆင်းမှုကို နှေးစေလို့ ကျောက်ကပ်ရောဂါ ရှိပြီးသားသူတွေမှာ ကျောက်ကပ်ပြဿနာတွေ ပိုဖြစ်စေပါတယ်။

 

4.      အရက်

          အရက် အလွန်အကျွံသောက်တဲ့သူတွေ (အမျိုးသားတွေဆိုရင် တစ်ပါတ်ကို ၁၄ ခွက်ထက် ပိုသောက်တာနဲ့ အမျိုးသမီးတွေဆို တစ်ပတ်ကို ၇ ခွက်ထက် ပိုသောက်တာ) တွေက ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေကို နှစ်ဆတက်စေပါတယ်။ တစ်ကြိမ်တည်းနဲ့ အများကြီး သောက်တာ (၂ နာရီအတွင်းမှာ ၄-၅ ခွက်ထက် ပိုသောက်တာ) ကြောင့်ဆိုရင် ကျောက်ကပ်ကို ရှောင်တခင် ထိခိုက်စေပြီးတော့ ဒီကနေမှ ကျောက်ကပ် ပြင်းထန်စွာ ပျက်စီးကာ ကျောက်ကပ်ဆေးဖို့တောင် လိုတဲ့အဆင့် ရောက်သွားနိုင်ပါတယ်။

 

5.      ဆိုဒါ

          Diet ဆိုဒါတစ်နေ့ ၂ ခွက်နဲ့အထက် သောက်ရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။ သကြားအချိုတွေ ထည့်ထားတဲ့ဖျော်ရည်တွေကတော့ မတူပါဘူး။

 

6.      ရေဓာတ်ခမ်းခြောက်ခြင်း

          ကျောက်ကပ် ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် ရေကို လိုအပ်ပါတယ်။ ရေဓာတ် မလုံလောက်ရင် အထူးသဖြင့်တော့ မကြာခဏ ရေဓာတ်နည်းတယ်ဆိုရင် ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဒီတော့ ရေ ဘယ်လောက် သောက်သင့်တယ်ဆိုတာကို ဘယ်လိုကြည့်လို့ရလဲဆိုရင်တော့ လွယ်ပါတယ်။ ဆီးရောင်ကို ကြည့်လိုက်ပါတယ်။ ဆီးရောင် အဝါဖျော့ဖျော့လေး ဖြစ်နေရပါမယ်။

 

7.      အကိုက်အခဲပျောက်ဆေးတွေ

          Acetaminophen, aspirin, ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ပဲလှော်စားသလို ပုံမှန်ဝါးနေမယ်ဆိုရင် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ လုံးဝမသောက်ရဘူးလို့ မဆိုလိုပါဘူး။ ဘယ်ဆေးကို ဘယ်လောက်သောက်ရမယ်ဆိုတာ ဆရာဝန်ကို သေချာမေးပါ။

 

8.      မူးယစ်ဆေးဝါးတွေ

          ကိုကိန်း၊ ဟီးရိုးအင်း (ဘိန်းဖြူ)၊ မီသာဖက်တမင်းစတဲ့ မူးယစ်ဆေးတွေကလည်း ကျောက်ကပ်ကို ပျက်စီးစေပါတယ်။ ဒီဆေးအချို့က သွေးတိုးစေပြီးတော့ ကျောက်ကပ်ကို ထိစေပါတယ်။

 

9.      လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း

          ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို အကြာကြီးလုပ်ရင်လည်း ထိခိုက်ပျက်စီးနေတဲ့ ကြွက်သားတစ်သျှူးတွေကို မြန်မြန်ကြီး ပြိုကွဲစေပါတယ်။ ဒီအခါမှာ သွေးထဲကို ဒီပြိုကွဲတဲ့အပိုင်းအစတွေ ရောက်လာပြီးတော့ ကျောက်ကပ်ကို ထိစေပါတယ်။ ဒါကြောင့် တန်ဆေးလွန်ဘေးဆိုသလိုပဲ အရမ်းလည်း အလွန်အကျွံကြီး မလုပ်ပါနဲ့။ စစချင်းမှာ ပြင်းပြင်းထန်ထန်မလုပ်ဘဲ ဖြည်းဖြည်းချင်း စလုပ်ပါ။ ဖြစ်နိုင်ရင် အရမ်းပူတဲ့အချိန်နဲ့ စိုစွတ်မှုများတဲ့အချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာ ရှောင်ပါ။ ကြွက်သားတွေ နာရင်၊ ဆီးမည်းမည်းတွေ သွားရင် ဆရာဝန်နဲ့ သွားပြပါ။

 

10.    ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတဲ့ စတီးရွိုက်တွေ

          တချို့လူတွေက ကြွက်သားတွေ တက်လာစေဖို့ ဆိုပြီးတော့ စတီးရွိုက်တွေသောက်တာ ရှိပါတယ်။ ဒီဆေးတွေက သွေးထဲကို စစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့ အစိတ်အပိုင်းတွေမှာ အမာရွတ်တွေ ထင်စေပြီးတော့ ဖောရောင်လာစေတယ်၊ သွေးထဲက အသားဓာတ်တွေကို ဆုံးရှုံးစေတယ်၊ ကိုလက်စရောတွေ များစေပါတယ်။

 

11.    ရင်ပူတာပျောက်တဲ့ ဆေးတွေ

          အစာအိမ်ထဲက အက်ဆစ်တွေကို ချေဖျက်ဖို့အတွက် သောက်ရတဲ့ PPI လို့ခေါ်တဲ့ဆေးတွေကလည်း အကြာကြီး စွဲသောက်ရင် ကျောက်ကပ်ရောင်စေပါတယ်။ လေ့လာမှုအချို့အရဆိုရင် ဒီဆေးတွေ အသောက်များရင် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်ပူတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ H2 blocker လို့ခေါ်တဲ့ တခြားဆေးက ပိုကောင်းနိုင်ပါတယ်။

 

12.    လည်ချောင်းနာစေတဲ့ Strep ပိုး

          Strep ဆိုတဲ့ ပိုးဝင်လာတဲ့အခါမှာ ဒီပိုးကိုပြန်တိုက်ဖ်ို့အတွက် ခန္ဓာကိုယ်ကနေပြီးတော့ ပဋိပစ္စည်းထုတ်လိုက်ပါတယ်။ ဒီထဲက ပိုနေတဲ့ဟာတွေက ကျောက်ကပ်ရဲ့စစ်ထုတ်တဲ့အပိုင်းမှာ သွားအနယ်ထိုင်နေပြီးတော့ ကျောက်ကပ် ရောင်စေပါတယ်။ ဒါက အကြာကြီး မဟုတ်ပေမယ့် ကျောက်ကပ်က ပျက်စီးတာကတော့ ရာသက်ပန် ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ့်မှာ Strep ကြောင့် လည်ချောင်းနာနေတယ်ထင်ရင် ဆရာဝန်ဆီ ချက်ချင်း သွားကုသင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)