အဆုတ် အအေးမိရောဂါကြောင့် ဒုက္ခမရောက်ရလေအောင် ...
ချောင်းလေး တဟတ်ဟတ်ဆိုး၊ ရင်လေးပါ ကြပ်လာပြီ ဆိုရင်ဖြင့် ဆေးခန်းပြေး ဆေးထိုး၊ ဆေးစား ရပါပြီပေါ့၊ စိုးရိမ်ရတဲ့ အဖျားလား? မစိုးရိမ်ရတဲ့ အဆုတ်အအေးပတ်ရောဂါလား? ကွဲကွဲပြားပြား စဉ်းစားကြရအောင်။
အအေးပတ်တယ်လို့ ပြောလိုက်ရင် များသောအားဖြင့် နှာစေးမယ်၊ ညောင်းမယ်၊ ချောင်းဆိုးမယ်၊ အဖျား ငွေ့ငွေ့လေးရှိမယ်ပေါ့။ အများစုက ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တာဖြစ်ပြီး ကိုယ်ခံအားက အလိုလို တိုက်ဖျက်တာကြောင့် ဆေးသောက်သောက်၊ မသောက်သောက် တဖြည်းဖြည်း ပြန်ကောင်းတတ်ကြပါတယ်။
>> အဆုတ်အအေးမိရောဂါရဲ့ စိုးရိမ်လက္ခဏာတွေ
● အဖျားကြီးတယ်
● သလိပ်ပုပ်တွေ ထွက်မယ်
● ချောင်းတရစပ် ဆိုးမယ်
● လူက နုံးခွေနေမယ်
● အစား လုံးဝပျက်သွားမယ်
● ကျော၊ ရင် အောင့်မယ်
ဒါဆိုရင်တော့ စိုးရိမ်ရတဲ့ အဆုတ်အအေးမိရောဂါကို စတင်စဉ်းစားသင့်ပါပြီ။ ထိရောက်စွာ မကုသရင် အသက် ဆုံးရှုံးနိုင်ခြေထိ ရှိနေနိုင်ပါတယ်။ အဆုတ်အအေးမိရောဂါ သို့မဟုတ် ပြင်းထန်နမိုးနီးယားရောဂါ ဖြစ်ပြီဆိုရင် ဆရာဝန်က ဓာတ်မှန်ရိုက်ကူး စစ်ဆေးလေ့ ရှိပါတယ်။
>> အဆုတ်ရောင်ရောဂါဆိုရင် ဓာတ်မှန်က ထူးထူးခြားခြား ဘာတွေထင်ဟပ်ပြသနေမလဲ?
အဆုတ်မှာ ခဲနေတဲ့ အစိတ်အပိုင်းလေးတစ်ခုလောက် ရှိနေပြီဆိုရင် ပဋိဇီဝ ဆေးပတ်လည်အောင် သောက်တာ၊ ဆေးထိုးတာနဲ့ ထိထိရောက်ရောက် ကုသဖို့ အရေးပေါ် လိုအပ်နေတာကို ပြသပါတယ်။ အဆုတ်ရောင် နမိုးနီးယားမှာ ဓာတ်မှန်အဖြေ အလွန်အရေးကြီးပါတယ်။
>> သမားတော်နဲ့ ပြရမလား? အရပ်ထဲက ဆေးခန်းက ဆရာဝန်နဲ့ အဆင်ပြေပါ့မလား?
ပြင်းထန်အဆင့်အပေါ် မူတည်ပြီး သောက်ဆေးနဲ့ ကုသမလား? ထိုးဆေး လိုမလား? ဆေးရုံ တက်ရောက် ကုသရမလား?။ အရပ်ထဲက ဆေးခန်းက ဆရာဝန်နဲ့ ကုသလို့ ရပါ့မလား။ မိမိရောဂါရဲ့ ပြင်းထန်အဆင့်အပေါ် မူတည်ပြီး ပဋိဇီဝဆေး သောက်ဆေး သို့မဟုတ် ထိုးဆေးကို ဆရာဝန်က ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ပြသစစ်ဆေးဖို့သာ မိမိတာ၀န်ပါ။
>> ချောင်းဆိုးနေလား? ... ဒါတွေ သတိထား
ချောင်းဆိုးရင်ကြပ် သလိပ်ကပ်တဲ့အခါ ညောင်းတာ၊ အစာမဝင်တာ၊ ကျောရင်အောင့်တာတွေ၊ သွေးရောင်သလိပ် ထွက်တာတွေ ရှိလာတဲ့အခါ သတိထားပြီး ဆေးကုသမှုခံယူဖို့ ဖြစ်ပါတယ်။ မိမိအရပ်ထဲက အထွေထွေ ရောဂါကုဆရာဝန်နဲ့ပဲကုကု၊ သမားတော်နဲ့ပဲပြပြ ပေါ့ဆသင့်တဲ့ရောဂါ မဟုတ်ပါဘူး။
>> အသက် ငယ်လွန်း၊ ကြီးလွန်းတာက ပြဿနာ
အန္တရာယ်နိမိတ်တွေ တစ်စတစ်စ ကြီးကျယ်လာခြင်းရဲ့ အကြောင်းရင်းတွေမှာ အသက်ငယ်လွန်း၊ ကြီးလွန်းတာတွေ ပါ,ပါတယ်။ အဘိုးအဘွားတွေနဲ့ ကလေးငယ်တွေ၊ လသားနှစ်သား သားသားမီးမီးတွေ ချောင်းဆိုးရင်ကြပ်တဲ့အခါ ပုံမှန်ပျမ်းမျှ အသက်အရွယ်ထက် ပိုမိုပြင်းထန်စွာ ခံစားရလေ့ရှိတဲ့အပြင် အသက် ဆုံးရှုံးနိုင်ခြေလည်း အလွန်များပါတယ်။ ဒါကြောင့် ကြီးလွန်း၊ ငယ်လွန်းတွေကို ဂရုတစိုက် ကုသမှုပေးဖို့ အလွန်အရေးကြီးပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























