/
node/6246

လက်မောင်းတောင့်သွားပြီး လှုပ်လို့မရတာ ဘာကြောင့်လဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ပခုံးအဆစ်ကို ထိတာဖြစ်ပြီးတော့ အဆစ်နေရာက ကိုက်မယ်ပြီးရင် တဖြည်းဖြည်းချင်း တောင့်လာမယ် ဒါကပိုဆိုးလာပြီးတော့ ခဏနေတော့ ပြန်ပျောက်သွားတယ်။ ဒါက်ို frozen shoulder လို့ ခေါ်ပါတယ်။

          Frozen shoulder ဖြစ်တဲ့အခါမှာ တစ်သျှူးလေးတွေက အရမ်းထူပြီးတော့ တင်းလာတဲ့အတွက် လှုပ်ရှားဖို့ ခက်လာစေပါတယ်။ ဒီအခါမှာ အမာရွတ်တစ်သျှူးတွေ ဖြစ်လာပြီးတော့ အဆစ်ကို ချောအောင်လုပ်ပေးထားတဲ့ အရည်ကလည်း နည်းသွားပါတယ်။ ဒါတွေကြောင့်လည်း လှုပ်ရှားတာကို ပိုခက်စေပါတယ်။

 

>>    လက္ခဏာများ

          အဓိကလက္ခဏာတွေကတော့ လက်မောင်းနာတာနဲ့ တောင့်တာဖြစ်ပြီးတော့ လှုပ်ရှားရခက်တာပါ။

          လက်မောင်းတစ်ဖက် နာလာမယ်၊ ပတ်လည်ကကြွက်သားတွေမှာလည်း နာတတ်ပါတယ်။ နာတာက ညဘက်ဆိုရင် ပိုဆိုးပြီးတော့ အိပ်မပျော်ဖြစ်စေပါတယ်။

          Frozen shoulder မှာဆိုရင် အဆင့် ၃ ဆင့် ရှိပါတယ်။

●        Freezing stage - လှုပ်ရှားမှုလုပ်တိုင်း လက်မောင်းနား တစ်နေရာရာမှာ နာမယ်၊ နာတာက အချိန်ကြာတာနဲ့အမျှ ပိုဆိုးလာပြီးတော့ ညဘက်တွေမှာ ပိုနာမယ်။ ဒါက ၆-၉ လလောက် ကြာတယ်ပြီးရင်တော့ လက်မောင်းနည်းနည်းပဲ လှုပ်နိုင်တော့တယ်။

●        Frozen stage - နာတာ သက်သာလာပေမယ့် တောင့်နေတာက ပိုဆိုးလာမယ်။ လက်မောင်းလှုပ်ရတာ ပိုခက်လာပြီးတော့ နေ့စဉ်လုပ်နေကျအလုပ်တွေတောင်မှ လုပ်ဖို့ပိုခက်လာမယ်။ ဒီအဆင့်က ၄-၁၂ လလောက် ကြာနိုင်ပါတယ်။

●        Thawing stage - တဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်း စပြီးလှုပ်ရှားလာနိုင်မယ်။ ဒါက ၆-၁၂ လလောက် ကြာနိုင်ပါတယ်။

 

>>    ဖြစ်စေသော အကြောင်းအရင်းများ

          တချို့လူတွေမှာ ဒီလို ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မသိပါဘူး။ ပိုပြီးဖြစ်နိုင်ချေရှိတဲ့သူတွေ ရှိပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တယ်။ အသက် ၄၀-၆၀ ကြားအရွယ်မှာ ပိုအဖြစ်များတယ်။ လေဖြတ်ခြင်းကဲ့သို့သော ရောဂါတစ်ခုခုကနေ ပြန်ကောင်းလာချိန် (သို့) ရင်သားဖြတ်တောက်ခြင်းကဲ့သို့သော ခွဲစိတ်မှု ခံယူပြီးချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။

          ဆီးချို၊ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါနဲ့ ပါကင်စင် ရောဂါရှိတဲ့သူတွေမှာ ပိုပြီးဖြစ်နိုင်ချေ များပါတယ်။

 

>>    ရောဂါရှာဖွေ ဖော်ထုတ်ခြင်း

          ဆရာဝန်က စမ်းသပ်ကြည့်ပါလိမ့်မယ်။ ဘယ်လောက်နာတယ်၊ ဘယ်လောက်တောင် မလှုပ်မရှားနိုင် ဖြစ်တယ်ဆိုတာကို စမ်းသပ်ပါလိမ့်မယ်။ အများအားဖြင့်တော့ စမ်းသပ်ကြည့်ရုံနဲ့ ရောဂါကို သိနိုင်ပါတယ်။ လိုအပ်ရင်တော့ ဓာတ်မှန်၊ အာထရာဆောင်း၊ MRI စတာတွေရိုက်ပြီးတော့ တခြားရောဂါတွေ ရှိ၊ မရှိ ကြည့်ပါလိမ့်မယ်။

 

>>    ကုထုံးများ

          Aspirin, Ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတွေက နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ဒါနဲ့ မသက်သာရင် ဒီထက်ပိုပြင်းတဲ့ဆေးတွေ ညွှန်ပါလိမ့်မယ်။ ပြီးတော့ အရိုးအဆစ် ပြန်လည်သန်စွမ်းရေးဆရာဝန်နဲ့ ပြပြီးတော့ လိုအပ်တဲ့လေ့ကျင့်ခန်းတွေလုပ်ဖို့ ညွှန်ပါလိမ့်မယ်။

          လက္ခဏာတွေက ပြင်းထန်ပြီးတော့ အချိန်ကြာလာပေမယ့်လည်း မသက်သာဘူးဆိုရင် တခြားကုထုံးတွေကို ညွှန်ပါလိိမ့်မယ်။

●        လက်မောင်းအဆစ်ထဲကို Corticosteroid ထိုးဆေးထိုးခြင်း - နာကျင်မှုကို သက်သာစေပြီးတော့ လှုပ်ရှားမှုကို ပိုကောင်းလာစေနိုင်ပါတယ်။

●        အဆစ်ကို ဆွဲဆန့်ခြင်း - အဆစ်ကို ဆွဲဆန့်ဖို့အတွက် အဆစ်မှာ တွယ်ထားတဲ့တစ်သျှူးတွေထဲကို ပိုးသတ်ထားတဲ့ရေ ထိုးထည့်ပါမယ်။ ဒါက လှုပ်ရှားမှုကို ပိုလွယ်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

●        လေ့ကျင့်ခန်းကုထုံး

●        ခွဲစိတ်မှု - ခွဲပြီးကုရတာတော့ တော်တော့ကို ရှားပါတယ်။ ဒါပေမဲ့လည်း အခြားကုထုံးတွေက အသုံးမဝင်ဘူးဆိုရင် ခွဲစိတ်ဖို့ အကြံပေးပါလိမ့်မယ်။

●        လက်မောင်းကို ဆွဲပြီးပြင်ခြင်း - ဒါက တစ်သျှူးတွေကို လျော့သွားစေပေမယ့်လည်း အခုတော့ ဒီနည်းကို မသုံးတော့ပါဘူး။ ဒီနည်းက အရိုးကျိုးခြင်း အပါအဝင် အခြားနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ခြေ များစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)