/
node/6247

ချွေးနံ့ပျောက်ဆေး သုံးမလား? မသုံးဘူးလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယနေ့ခေတ်မှာတော့ ချိုင်းချွေးနံ့၊ ခြေထောက်အနံ့တွေ ပျောက်ဖို့အတွက် ချွေးနံ့ပျောက်ဆေးတွေကို spray, gel, roll-ons, ပေါင်ဒါ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာ တွေ့နေရပါတယ်။ ဒါတွေကိုလည်း လူတိုင်းလိုလိုက အသုံးပြုနေကြပါတယ်။ ဒီမှာပြဿနာက ဘာလဲဆိုတော့ ဒီချွေးနံ့ပျောက်ဆေးတွေမှာ အလူမီနီယမ်တွေ ပါဝင်ပြီးတော့ ကင်ဆာဖြစ်နိုင်ခြေကို များစေတယ်ဆိုပြီး စိုးရိမ်နေကြတာပါ။ ဒီတော့ ဒီထုတ်ကုန်တွေက တကယ်ပဲ ကျန်းမာရေးအန္တရာယ် ရှိလား၊ ယုံရမှာလားဆိုတဲ့အချက်တွေကို ပြောပြချင်ပါတယ်။

 

>> ချွေးနံ့ပျောက်ဆေးဆိုတာက ဘာလဲ?

          Antiperspirant နဲ့ Deodorant ဆိုပြီး ၂ မျိုး ရှိပါတယ်။ ဒီနှစ်မျိုးက တူတယ်လို့ ထင်ကြပေမယ့် တကယ်တမ်းက မတူကြပါဘူး။

●        Antiperspirant က ချွေးနဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အနံ့နှစ်မျိုးစလုံးကို ထိန်းချုပ်ပေးပါတယ်။ Spray နဲ့ roll-ons တွေက ချွေးထွက်တာကို ထိန်းပေးဖို့အတွက် Aluminum Chlorohydrate ပါဝင်ပြီးတော့ gel နဲ့ stick ပုံစံတွေမှာတော့ Aluminum Zirconium ပါဝင်ပါတယ်။

●        Deodorant မှာတော့ ချွေးနံ့ကိုပဲ ပျောက်စေဖို့ ကာကွယ်ပေးတဲ့ ဘက်တီးရီးယား ပိုးမွှားလေးတွေကို တိုက်ဖျက်နိုင်စွမ်းသာ ရှိပြီးတော့ ချွေးထွက်တာကိုတော့ မတားနိုင်ပါဘူး။ ဒီထဲမှာ အဓိက သုံးထားတာကတော့ Triclosan/ Polyhexamethylene Biguanide ဆိုတာတွေ ပါဝင်ပါတယ်။ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနကတော့ ဒီလို ပိုးသေစေတဲ့ဆေးတွေကို ခဏခဏသုံးရင် ဆေးယဉ်တဲ့ ဘက်တီးရီးယားပိုး မျိုးရိုးဗီဇအသစ်တွေ ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။

 

>>    ချွေးနံ့ပျောက်ဆေး၊ ချွေးမထွက်ဆေးတွေနဲ့ ရင်သားကင်ဆာအန္တရာယ်

          ဒီပစ္စည်းတွေမှာ ပါဝင်တဲ့ aluminum ကို အခြေခံတဲ့ ပါဝင်ပစ္စည်းတွေက ချွေးပေါက်လေးတွေကို ယာယီပိတ်လိုက်ခြင်းအားဖြင့် ချွေးမထွက်အောင် လုပ်ပေးပါတယ်။ လေ့လာမှု အနည်းငယ်အရတော့ ဒီဓာတုပစ္စည်းတွေက အထူးသဖြင့် အမွေးရိတ်ထားလို့ အပေါက်လေးတွေ ဖြစ်နေတယ်ဆိုရင် အရေပြားထဲကို စိမ့်ဝင်ပြီးတော့ ချိုင်းက ရင်သားနဲ့နီးတဲ့အတွက် ရင်သားကင်ဆာဖြစ်နိုင်ခြေကို များစေတယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ဒီဓာတုဓာတ်ပေါင်းတွေက ရင်သားကင်ဆာဆဲလ်တွေကို လှုံ့ဆော်တဲ့ oestrogen ဟော်မုန်းနဲ့တူတဲ့ သက်ရောက်မှုကို ဖြစ်စေပါတယ်။

 

>>    ချွေးနံ့ပျောက်ဆေးနှင့် အယ်လ်ဇိုင်းများရောဂါ

          အယ်ဇိုင်းမားဆိုတာကတော့ အသက် ၆၅ နှစ် နောက်ပိုင်းမှာ ဖြစ်လေ့ရှိတဲ့ အမေ့ရောဂါတစ်မျိုးပါ။ လေ့လာမှုအချို့အရတော့ အယ်ဇိုင်းမားဖြစ်တဲ့ ဦးနှောက်ဆဲလ်တွေထဲမှာ aluminum ပါဝင်မှုတွေ မြင့်မားနေတာကို တွေ့ရပါတယ်။ aluminum တွေများရင် အာရုံကြောတွေကို အဆိပ်သင့်စေပြီးတော့ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။

          ဒီ aluminum တွေကလည်း ချွေးနံ့ပျောက်ဆေးတွေမှာပဲ ပါတာတော့ မဟုတ်ပါဘူး။ သွားတိုက်ဆေးထည့်တဲ့ ဗူးတွေ၊ အစာကြေဆေးတွေ။ မုန့်ဖုတ်ဆိုဒါ၊ နို့မပါတဲ့ creamer တွေ၊ စားပွဲတင်ဆား၊ သောက်ရေနဲ့ ပြုပြင်ထားတဲ့ဒိန်ခဲတွေမှာလည်း ပါပါတယ်။

 

>>    ချွေးနံ့ပျောက်ဆေးတွေနဲ့ ကျောက်ကပ်ရောဂါ

          ကျောက်ကပ် မကောင်းတဲ့သူတွေမှာ aluminum တွေကို ခန္ဓာကိုယ်ထဲကနေ ကောင်းကောင်း ဖယ်မထုတ်နိုင်သလို သတိမေ့တဲ့ရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ Aluminum chloride ပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးအချို့မှာဆိုရင် ကျောက်ကပ်ရောဂါရှိပါက မသုံးခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ပါလို့ စာတန်းလေးပါပါတယ်။

 

>>    ချွေးနံ့ပျောက်ဆေးတွေမှာပါတဲ့ parabens ဆိုတဲ့ ဓာတ်တစ်မျိုး

          Parabens ဆိုတဲ့ ဓာတ်တစ်မျိုးက ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်လို့ ပြောနေကြပေမယ့် အတိအကျတော့ သက်သေ မပြနိုင်သေးပါဘူး။

 

>>    Aluminum ပါတဲ့ ချွေးနံ့ပျောက်ဆေးတွေနဲ့ သဘာဝချွေးနံ့ပျောက်ဆေး

          ဈေးကွက်ဝင် ချွေးနံ့ပျောက်ဆေး အများစုမှာတော့ ချွေးထွက်တာတွေ၊ အနံ့တွေကို ထိန်းထားဖို့ aluminum ဓာတ်ပေါင်းတွေ ပါဝင်သလို အသားပေါ်မှာ လိမ်းရလွယ်ဖို့အတွက် တခြားဓာတုပစ္စည်းတွေလည်း ပါဝင်ပါတယ်။

          သဘာဝထုတ်ကုန်တွေကတော့ ချွေးထွက်တာကို မထိန်းပေးပေမယ့် အနံ့မထွက်စေတဲ့အတွက် အန္တရာယ်ကင်းကင်းနဲ့ သုံးနိုင်ပါတယ်။ သဘာဝထုတ်ကုန်တွေမှာတော့ အနံ့ကို အဓိကထိန်းပေးတာက သတ္တုဆားပါ။ ဒီဆားက အရေပြားကို မထိခိုက်စေတဲ့အတွက်ကြောင့် အန္တရာယ်ကင်းတဲ့ သဘာဝပစ္စည်းပဲ ဖြစ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)