/
node/6266

နားကြပ်နဲ့ အကြားအာရုံ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         အခုခေတ်ဟာ နားကြပ်ခေတ်လို့ ပြောရလောက်အောင် လမ်းပေါ်မှာ၊ အလုပ်မှာ၊ အိမ်မှာ၊ ကားထဲမှာ နေရာတကာမှာ နားကြပ်လေးတွေ နားထဲထည့်ပြီး သွားနေ၊ လုပ်နေ၊ ကိုင်နေကြတာ တွေ့ကြမှာပါ။ နားထောင်စရာ၊ ကြည့်ရှုစရာ၊ ဆက်သွယ်စရာ များပြားလာတာနဲ့အမျှ နားကြပ်ဟာ မရှိမဖြစ်အရာတစ်ခုလို ဖြစ်လာနေပါပြီ။ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုတော့ မဟုတ်ဘူး။ တကယ်ဆို လူတိုင်း နားကြပ်သုံးတာ လျှော့သင့်တယ်။ အကြားအာရုံ ချို့ယွင်းနိုင်လို့ပါ။

          နားကြပ်သုံးတဲ့အခါ ၂ ချက်ကို သတိပြုဖို့လိုတယ်။ အသံအကျယ်နဲ့ သုံးချိန်ကြာချိန်ပါ။ အသံအကျယ်ကြီး နားထောင်တာဟာ နားနားကပ်ပြီး သေနတ်နဲ့ပစ်သလို နားကို ထိခိုက်စေနိုင်တယ်။ အသံကို ပုံမှန်အကျယ်နဲ့ အကြာကြီး နားထောင်ရင်လည်း နားကို ဒီလိုပဲ ထိခိုက်နိုင်တယ်။

          ဒီလိုအသံအကျယ်ကြီးကို အကြာကြီး နားထောင်တဲ့အခါ နားကဘယ်တော့မှ အနားမရတဲ့အတွက် အကြားအာရုံ ချို့ယွငး်လာရတာပါ။ ဒီလိုနဲ့ ဒုက္ခပေးမှန်းမသိ ဒုက္ခပေးနေတတ်တယ်။ လမ်းပေါ်က အသံဗလံပေါငး်စုံကြောင့်လည်း အချိန်ကြာလာရင် အကြားအာရုံ ချို့ယွင်းလာတတ်တယ်။ အဲဒါကြောင့် နားကို အနားပေးဖို့ အရေးကြီးတယ်နော်။

          အသံပါရဂူတွေ အပြောအရဆိုရင် အသံကျယ်နှုန်းဟာ ၅၅-၆၅ ဒယ်ဆီဘယ်ထက် မပိုသင့်ပါဘူး။ ပုံမှန်စကားပြောတဲ့ကျယ်နှုန်းလောက်ပေါ့။ ဒါပေမဲ့ နားကြပ်ကနေ လာတဲ့အသံကိုတော့ ကျယ်နှုန်း ခန့်မှန်းရခက်တယ်။ တကယ်လို့ နားကြပ်ကနေ ထွက်လာတဲ့အသံကို ၃ ပေအကွာကနေ ပကတိနားနဲ့ ကြားရတယ်ဆိုရင် တော်တော်ကျယ်တယ်လို့ ပြောလို့ရတယ်နော်။

          ပြီးတော့ သုံးတဲ့နားကြပ်ပေါ်လည်း မူတည်နေသေးတယ်။ နားထဲထိုးထည့်ထားရတဲ့ နားကြပ်မျိုးတွေက အသံကို နားထဲတိုက်ရိုက်ရောက်စေလို့ ပိုဆိုးတယ်။ ဒီလိုဆိုလို့ နားပေါ်အုပ်ထားတဲ့နားကြပ်မျိုး ကလေးတွေကို ဝယ်ပေးမိရင် ပိုဆိုးမယ်နော်။ နားထဲထည့်တဲ့နားကြပ်မျိုးက အသံကျယ်ကျယ် ဖွင့်ထားမိရင် မိဘတွေ အလွယ်တကူ ကြားပြီး သိနိုင်ပေမယ့် နားပေါ်အုပ်တဲ့နားကြပ်မျိုးက အသံလုံလို့ ကျယ်လို့ကျယ်နေမှန်း မိဘတွေ အလွယ်တကူ မကြားနိုင်ဘူး။

          မိဘတွေအနေနဲ့ ကလေးတွေအတွက် နားကြပ်ဝယ်တဲ့အခါ အသံအကျယ်ကို ထိန်းချုပ်နိုင်တဲ့နားကြပ်မျိုးကို ဝယ်ပေးဖို့လိုမယ်။ ဒါပေမဲ့ ဈေးကွက်ထဲက အသံအကျယ် ထိန်းချုပ်နိုင်တယ်ဆိုတဲ့ နားကြပ်တွေရဲ့ ၃ ပုံ ၁ပုံလောက်က တစ်ကယ်မထိန်းချုပ်နိုင်တာကို တွေ့ရတာကြောင့် သေချာလေ့လာပြီးမှ ဝယ်ပေးဖို့ အရေးကြီးတယ်နော်။ မိဘတွေအနေနဲ့ ၆၅ ဒယ်ဆီဘယ်ထက် အသံပိုမကျယ်အောင် နားကြပ်မှာ ထိန်းချုပ်ထားလို့ရတယ်။ ဒီလိုမျိုးမပါရင် ကလေးတွေအတွက် မဝယ်ပေးတာ အကောင်းဆုံးပဲ။

          မိဘတွေဟာ ဒီလိုနားကြပ်ဝယ်ရာမှာ ကန့်သတ်ရုံတင်မကဘဲ ကိုယ်တိုင်ကစံပြအနေနဲ့ နားကြပ်ကို ပုံမှန်အသံနှုန်းနဲ့ နားထောင်တာ၊ အသံအရမ်းဆူတဲ့ အလုပ်မျိုးဖြစ်တဲ့ မြက်ရှင်းစက်နဲ့ မြက်ရိတ်တာမျိုးမှာ နားဆို့တပ်ပြီး လုပ်တာမျိုးတွေ လုပ်ပြသင့်တယ်။ ပြီးတော့ ကလေးတွေကို အကြားအာရုံဟာ ဘယ်လောက်ထိ အရေးကြီးတယ်၊ အကြားအာရုံကို ဘယ်လိုကာကွယ်ရမယ် ဆိုတာတွေကို သေချာရှင်းလင်း ပြောပြထားဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)