လိင်စိတ်စွဲလမ်းမှု အလွန်အကျွံဖြစ်တာကို စိတ်ရောဂါတစ်မျိုးလို့ သတ်မှတ်လိုက်ပြီ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိင်စိတ် စွဲလမ်းမှု အလွန်အကျွံဖြစ်တာကို စိတ်ရောဂါလို့ သတ်မှတ်လိုက်ပါပြီတဲ့။ ဂိမ်းစွဲတာကိုလည်း စိတ်ရောဂါလို့ သတ်မှတ်ပြီး ဖြစ်ပါတယ်။
ခြောက်လလောက် အစားမမှန် မအိပ်နိုင် အပေါင်းအသင်းပြတ် ဆက်ဆံရေးတွေကျဲ နေ့ရောညရော အိပ်ရာပေါ်က ကိစ္စသာ တွေးနေမိပြီဆိုရင်တော့ လိင်စိတ်အလွန်အကျွံစွဲ စိတ်ရောဂါဖြစ်နေပါပြီတဲ့။
အိမ်ထောင်ဖက် ဘယ်နှစ်ဆက်၊ မိန်းမဘယ်နှစ်ယောက်နဲ့ အိပ်တာ၊ ပွေတာတွေက ပြဿနာမဟုတ်ပါဘူး။ နေ့စဉ်လူနေမှုဘဝကို ထိခိုက်လာမှသာ စိတ်ရောဂါအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလဲလာပဲ ဖြစ်ပါတယ်။ စိတ်ကစဉ်းကလျားဖြစ်ပြီး ခုတင်ပေါ်ကနေကို မဆင်းချင်တာမျိုးပေါ့။
လိင်စိတ်ဟာ အမျိုးအမည်များပြားပြီး အမည်တပ်ရ ရှုပ်ထွေးပါတယ်။ လိင်ဆက်ဆံမှုဟာ ခန္ဓာကိုယ်အတွက် အထိုက်အလျောက် အကျိုးရှိပြီး စိတ်ပျိုကိုယ်နုစေပါတယ်။ တစ်ဖက်မှာလည်း ပြင်းထန်လွန်ကဲတဲ့ လိင်စွဲလမ်းမှုဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ထင်ဟပ်ပြနေပါတယ်။
>> လိင်စိတ်စွဲလမ်းရောဂါကို ဘယ်လိုကုမလဲ
• အဓိကကတော့ နှစ်သိမ့်ဆွေးနွေး ပညာပေးတာ ဖြစ်ပါတယ်။ အခက်အခဲပြဿနာကို အေးဆေးစွာ နားထောင်ပေးပြီး မှန်မှားကို ဖြစ်သင့်တာကို ကူညီညွှန်ပြ လမ်းကြောင်းပေးတာ ဖြစ်ပါတယ်။ တခြားစိတ်စွဲလမ်းမှုတွေလိုပဲ CBT လို့ခေါ်တဲ့ အပြုအမူ ပြုပြင်ဆွေးနွေးပေးတာဟာ အင်မတန် ထိရောက်တဲ့ စိတ်ကုထုံးတစ်ခု ဖြစ်ပါတယ်။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)






























