/
node/6282

ဒါတွေကို သတိထားပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခန္ဓာကိုယ်က ဖွဲ့စည်းတည်ဆောက်ထားပုံက အင်မတန် ထူးဆန်းပြီး လေးနက်ပါတယ်။ တစ်ခါတလေ ကိုယ်သတိမမူမိတဲ့ အရာသေးသေးလေးတွေက ကြီးမားတဲ့ရောဂါတွေကို ဆောင်ကျဉ်းလာတတ်ပါတယ်။

●        လက်ဖက်ရည် ပူပူလေး နေ့စဉ်သောက်ရတာ သိပ်အရသာရှိပြီး လူကိုလည်း နွေးထွေးလန်းဆန်းစေပါတယ်။ ဒါပေမဲ့ နေ့စဉ် လက်ဖက်ရည်ပူပူကို အကျင့်ကြီးတစ်ခုလို အမြဲစွဲသောက်သူတွေမှာ အစာရေမျိုပြွန်ကင်ဆာဖြစ်နှုန်း ၅ ဆ တက်နေတာကိုတော့ လူတိုင်း သိချင်မှ သိကြမှာပါပဲ။ ပူပူကြီး နေ့စဉ်သောက်ရင် အစာပိုက်ကို ထိခိုက်လာပြီး ရေရှည်မှာ ကင်ဆာဆဲလ်အသွင် ပြောင်းသွားတာ ဖြစ်နိုင်ပါတယ်။

●        နှာခေါင်းသွေး မကြာခဏ ယိုတတ်နေပြီလား။ နှာခေါင်းထဲကို မသန့်တဲ့အဝတ်နဲ့ဆို့ပြီး သွေးတိတ်စေရာကနေ ရောဂါပိုး ကူးစက်ပြီး အသက်သေဆုံးတဲ့အထိဖြစ်တဲ့ သာဓကတွေ ရှိဖူးပါတယ်။

●        လည်ချောင်းနာတွေကို ပေါ့ပေါ့ဆဆ မထားစေချင်။ လည်ချောင်းနာပိုးဟာ ကျောက်ကပ်ကိုပါ ထိခိုက်သွားပြီး ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ် ပျက်စီးသွားစေပါတယ်။

●        ရေလွှာလျှောစီးတာ၊ ရေကူးတာ၊ လှေစီး ဝါသနာပါသူတွေဟာ မသန့်တဲ့ရေကနေ ကူးစက်တဲ့ လက်ပတိုရောဂါကို သတိပြုသင့်ပါတယ်။ အသားဝါ၊ ဖျား၊ သွေးယိုပြီး သေဆုံးနိုင်ခြေ ရှိပါတယ်။

●        နားထင်မှာ ဝက်ခြံပေါက်ရင် သတိထားပါ။ ဝက်ခြံကနေ ပိုးမတော်တဆ ဝင်တဲ့အခါ နားထင်အောက်က အရိုးခွက်လေးထဲမှာ  သွေးကြောကွန်ရက်ကြီး ရှိနေပါတယ်။ ဦးနှောက်ကို ချက်ချင်း ကူးစက်ပျံနှံ့စေပါတယ်။

●        အဆီထုတ်ကုထုံးတွေက အလွန်ထိရောက်တဲ့ အဆီဖယ်ရှားကုထုံးပါ။ ဒါပေမဲ့  အဆီထုတ်ကုထုံး လုပ်ဆောင်ရင်း ရုတ်တရက် သွေးကြောထဲမှာ အဆီခဲပိတ်ဆို့ပြီး အသက်ရှူလမ်းကြောင်း အလုပ်မလုပ်နိုင်တော့ဘဲ ရုတ်တရက် သေဆုံးနိုင်ပါတယ်။

●        ရေကန်တွေမှာ ရေဆင်းကူးမယ်ဆို သတိထားပါ။ ရေကန်၊ ချောင်း၊ မြောင်းတွေမှာ ရှင်သန်ပေါက်ပွားတဲ့ အမီးဘားကပ်ပါးပိုးကြောင့် ဦးနှောက်ထိခိုက်သွားပြီး ကွယ်လွန်ရသူတွေ ရှိဖူးပါတယ်။

●        သွား မကြာခဏ ပြုပြင်တာ၊ ကုသတာတွေလုပ်ရင်း သွားက ပိုးမွှားတွေဟာ သွေးတွင်းကို ရောက်ရှိသွားတတ်ပါတယ်။ သွေးတွင်းကို ရောက်သွားတဲ့ ပိုးမွှားတွေဟာ နှလုံးကြွက်သားရောင်ရောဂါတွေ ဖြစ်စေပါတယ်။

●        နှာခေါင်းပိတ်ပြီး နှာချေတာ၊ အတင်းအောင့်ထားတာတွေ မလုပ်ပါနဲ့။ ဦးနှောက်တွင်း ဖိအားတက်လာပြီး ခေါင်းကိုက်တာကနေစလို့ သွေးကြောပေါက်တာ၊ လေဖြတ်တာတွေထိ ဇာတ်လမ်း ရှုပ်သွားနိုင်လို့ပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)