/
node/6291

သင့်ဦးနှောက်ကို ချစ်မြတ်နိုးပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သင့်ရဲ့ဦးနှောက်က တစ်ကိုယ်လုံးကို ဖန်တီးစီမံနေတဲ့ သင့်ရဲ့မန်နေဂျာပါ။ ဒါပေမဲ့ ဒီမန်နေဂျာကလည်း အနားမရရင် မရသလို သင့်ဂရုမစိုက်ရင် မစိုက်သလို လုပ်ငန်းဆောင်တာတွေ ယိုယွင်းပျက်စီးလာတတ်ပါသတဲ့။

          တန်ဖိုးထားရတဲ့ သင့်ဦးနှောက်ကို ဒီလိုလေးတွေ ထိန်းသိမ်းစောင့်ရှောက်ကြည့်ပါနော်။

●        ချွေးထွက်တဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ဦးနှောက်တွင်း တွေးခေါ်နိုင်စွမ်းတွေကို မြင့်တက်စေပါတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု  လေ့ကျင့်ခန်း တစ်ခုခုလုပ်ပြီး ဦးနှောက်ကို အားဖြည့်လိုက်ပါနော်။

●        ပညာသင်တာ၊ လေ့လာတာ၊ စာဖတ်တာတွေက ဦးနှောက်ရဲ့ သင်ယူလေ့လာနိုင်စွမ်းကို အစဉ် လေ့ကျင့်ပေးသလိုပါပဲတဲ့။

●        ဆေးလိပ်ဖြတ်လိုက်ခြင်းဖြင့် ဦးနှောက်ကို စိတ်ချမ်းသာအောင် ထားကြပါတဲ့။ ဆေးလိပ်ငွေ့ဟာ သင့်ဦးနှောက်ကိုပါ အချိန်တိုင်း မီးမြိုက်နေပါတယ်။

●        နှလုံးသွေးကြောကျဉ်းကို ကာကွယ်ဖို့ အဆီအအိမ့်တွေ ဖြတ်လိုက်ပြီး ဆီးချို၊ သွေးတိုးရောဂါတွေကို ပြင်ပဆေးဝါးနဲ့ သေချာထိန်းချုပ် ကုသတာတာ ဦးနှောက်ကို ကယ်တင်ရာ ရောက်ပါတယ်။

●        ဆိုင်ကယ်စီးရင်း ဦးထုပ်ဆောင်းခြင်းဖြင့် မထိခိုက်အောင် ကာကွယ်ထားပါ။

●        အိပ်ရေးဝဝ အိပ်တာဟာ ဦးနှောက်ကျန်းမာရေး ကောင်းလာဖို့ အဓိကကျတဲ့အချက် ဖြစ်ပါတယ်။ နေ့ခင်း တရေးတမောအိပ်တာ ညမှာ အိပ်ရေးဝဝအိပ်တာတွေက မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းကို အထူးမြင့်တက်စေပါတယ်။

●        စိတ်ကျန်းမာရေးကို ဦးစားပေးပါ။ ဒေါသကို မြုံမထားပါနဲ့၊ သူငယ်ချင်းတွေကို ရင်ဖွင့်ပါ။ ဆရာဝန်တွေကို ပြောပြဖွင့်အန်ပါ။ တစ်ယောက်တည်း ကျိတ်မခံစားဘဲ မိသားစုနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဘဝအနေအထားကို စီမံနေထိုင်ပါ။

●        အမြဲလူတွေနဲ့ ဆက်ဆံ ပွဲတက်တွေ့ဆုံပွဲတွေ သွားရောက်ပြီး ကြွယ်ဝတဲ့ လူမှုဆက်ဆံရေး ရှိတာဟာ သင့်ရဲ့စိတ်ကျန်းမာရေးကို အကောင်းဆုံး အနေအထားမှာ ထားနိုင်ပါတယ်။ တစ်ခါတလေ တစ်ယောက်တည်း နေကြည့်တာကလည်း သက်သာရာရစေပါတယ်။

●        ဂိမ်းဆော့ပါ။ ဂဏန်းတွက်ပါ။ ပုစာၦတွေ ဖြေရှင်းပါ။ မိမိဦးနှောက်ကို ဖိစီးမှုမရှိတဲ့ ပုံမှန်ဉာဏ်ရည် ကစားနည်းလေးတွေ စကားလုံးပဟေဠိ အဖြေညှိတာတွေ နှစ်ပတ်တစ်ခါလောက် လုပ်ဆောင်ပြီး ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)