/
node/6301

ဒူး ရောင်နေပါသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဒူးကျီးပေါင်း အပျော့စားတွေ၊ ပိုးကြောင့်ဖြစ်တာမဟုတ်တဲ့ ဒူးဆစ်အိတ်ရောင်တာတွေနဲ့ သာမန်ထိခိုက်တာလေးတွေလောက် ဆိုရင်တော့ အကိုက်အခဲပျောက်ဆေးလေးတွေ၊ R.I.C.E နည်းလမ်းနဲ့တင် ပျောက်နိုင်တယ်နော်။ ဒါပေမဲ့ တောက်လျှောက် ဒူးရောင်နေတာ၊ ဒူးရောင်တဲ့အပြင် အရမ်းနာနေတာ၊ တခြားလက္ခဏာတွေ ရှိနေတာဆိုရင်တော့ ဆေးရုံ၊ ဆေးခန်း ပြဖို့လိုပါပြီ။

 

>>    ဆရာဝန်နဲ့ ဘယ်အချိန်ပြရမလဲဆိုရင် -

●        ဒူးကြီး ရောင်ကိုင်းနေတာ

●        ဒူးကို အကွေးအဆန့် မလုပ်နိုင်တာ

●        အကိုက်အခဲပျောက်ဆေး သောက်တာတောင် ဒူးနာ မပျောက်တာ

●        ကိုယ်အလေးချိန်ကို ဒူးမခံနိုင်တာ

●        အဖျား ၁၀၀.၄° ထက် များတာ

●        ရောင်နေတာ ၃ ရက်ထက် ပိုကြာနေတာမျိုးရှိရင် ဆရာဝန်နဲ့ ပြဖိိုလိုပါပြီ။

          ဖြစ်ရတဲ့အကြောင်းရင်းကို လိုက်ရှာဖို့ ဆရာဝန်က ရောဂါရာဇဝင်မေးမြန်းပြီး စမ်းသပ်စစ်ဆေးလိမ့်မယ်။ ပိုပြီးကွဲကွဲပြားပြား သိရအောင် ဓာတ်မှန်တွေ၊ အဆစ်အရည်စစ်တာတွေ လုပ်လိမ့်မယ်။

 

          အပေါ်မှာပြောခဲ့တဲ့ R.I.C.E နည်းလမ်းဆိုတာ ဘာလဲပြောပြမယ်နော်။

>>    ဒူးရောင်တဲ့အခါ

        R.I.C.E – Rest (အနားယူပါ) / Ice (ရေခဲကပ်ပါ) / Compression (ပတ်တီးစည်းပါ) /  Elevation (ခြေထောက် မြှောက်ထားပါ) ဆိုတဲ့ နည်းလမ်းနဲ့ ကုသရတယ်။

          ဒါ့အပြင် အရောင်ကျဆေးတွေဖြစ်တဲ့ ibuprofen, naproxenတွေ သောက်ပေးပါ။ acetaminophen (ပါရာစီတမော) ကတော့ အရောင်မကျစေပေမယ့် နာတာ၊ ကျင်တာကိုတော့ သက်သာစေပါလိမ့်မယ်။

●        Rest (အနားယူပါ) : လှုပ်ရှားမှုတွေမလုပ်ဘဲ ၂၄ နာရီလောက် ငြိမ်ငြိမ်နေပါ။ လုံးလုံးမလှုပ်ခိုင်းတာတော့ မဟုတ်ဘူးနော်။ ဒူးကို ဖြည်းဖြည်း အကွေးအဆန့်လုပ်ပေးရင် နည်းနည်း သက်သာစေတယ်။

●        Ice (ရေခဲကပ်ပါ) : ဒူးကို ရေခဲ မိနစ် ၂၀ စီ တစ်နေ့ ၃၊ ၄ ကြိမ်လောက် ကပ်ကပ်ပေးရင် အရောင်ကျစေပြီး အနာကျက်တာ မြန်စေတယ်။ ရေခဲကို အရေပြားမှာ တိုက်ရိုက်တော့ မကပ်နဲ့နော်။

●        Compression (ပတ်တီးစည်းပါ) : ပတ်တီးစည်းပေးတာက ရောင်တာကို လျော့စေ၊ သက်သာစေတယ်။

●        Elevation (ခြေထောက် မြှောက်ထားပါ) : ခြေထောက်ကို တစ်ခုခုမှာ တင်ပြီး ထိုင်တာ၊ အိပ်တာမျိုး လုပ်သင့်တယ်နော်။ ဒါမှ သွေးအစီး နည်းပြီး အရောင်သက်သာမှာပါ။

 

>>    အဆစ်ရည်ထုတ်တယ် စစ်ဆေးတယ်ဆိုတာ ဘာလဲ?

          အဆစ်ကြားထဲက အရည်ကို အပ်နဲ့ ဆေးထိုးပြွန်ကိုသုံးပြီး ထုတ်စစ်တာပါ။ ဒါမှ ဘာကြောင့်ရောင်နေတယ်ဆိုတာကို သေချာသိနိုင်မှာပေါ့။

          ထွက်လာတဲ့အရည်ရဲ့ အရောင်၊ ပျစ်/မပျစ်ကို မှတ်ပြီး ထပ်စစ်ဆေးဖို့ ဓာတ်ခွဲခန်းကို ပို့စစ်ရပါမယ်။ အရည်ထဲပါတဲ့ ပစ္စည်းတွေကိုကြည့်ပြီး အကြောင်းရင်းကို ခန့်မှန်းလို့ရတယ်။ ဥပမာအားဖြင့် ယူရစ်အက်ဆစ်တွေ တွေ့ရရင် ဂေါက်အဆစ်ရောင်ရောဂါလို့ ပြောလို့ရပြီး ဘတ်တီးရီးယားပိုးတွေ တွေ့ရရင် ပိုးဝင်တာလို့ ပြောလို့ရတယ်။

          အကြောင်းရင်းကို သိပြီဆိုရင် ကုရတာ ပိုလွယ်သွားပါပြီ။

Dr. Mya Phoo Ngon (www.drmyanmar.com)