/
node/6306

သခွားသီးရဲ့ ကောင်းကျိုးအထွေထွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       သခွားသီးဟာ အစာအိမ်ရဲ့ အက်ဆစ်ဓာတ်ကို လျှော့ချပေးတာကစလို့ အသားအရေကို ညီညာချော့မွေ့စေသည်အထိ ကောင်းကျိုးများ ပေးနိုင်ပါတယ်။

 

၁။     အသားအရေအတွက် ကောင်းကျိုး

        သခွားသီးမှာ ကြွက်သား၊ အရွတ်၊ အရိုးနဲ့ အရိုးနုတွေ ကျန်းမာကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ဆီလီကာဓာတ် ကြွယ်ဝစွာ ါဝင်ပါတယ်။ ဒီလို ဆီလီကာဓာတ် ပါဝင်တဲ့အတွက် ဝင်းပစိုပြေတဲ့ အသားအရေ လိုချင်သူတွေကို သခွားသီးဖျော်ရည်သောက်ဖို့ ဆရာဝန်များက ထောက်ခံချက်ပေးကြပါတယ်။ ဒါ့အပြင် သခွားသီးမှာ ရေဓာတ်ပြည့်ဝစွာ ပါဝင်တဲ့အတွက် သဘာဝအတိုင်း အစိုဓာတ်ပြည့်ဝလှပတဲ့ အသားအရေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ နေလောင်တာ၊ မျက်လုံးအိတ် ဖောင်းတာတွေကို သက်သာစေဖို့ သခွားသိီးအနှစ်ကို မျက်နှာပေါ် လိမ်းတတ်ကြပါသေးတယ်။ သခွားသီးမှာ ပါဝင်တဲ့ ascorbic နဲ့ caffeic acid ဆိုတဲ့ ဓာတ် ၂ မျိုးဟာ ခန္ဓာကိုယ် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့ အဓိကဓာတ်နှစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ များတဲ့အတွက် သခွားသီးဟာ အသားအရေအတွက် မရှိမဖြစ် ပစ္စည်းတစ်မျိုး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သခွားသီးဟာ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိစေနိုင်ပြီး ကြွပ်ပွေး၊ နှင်းခူနဲ့ ဝက်ခြံတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

 

၂။     သွေးပေါင် ကျစေနိုင်ပါတယ်။

          အစားအသောက်ဖြင့် သွေးတိုးရောဂါ ကာကွယ်ရေးအဖွဲ့အစည်းရဲ့ လေ့လာစမ်းသပ်မှုအရ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ စားသုံးသူတွေမှာ သွေးပေါင်ချိန် ပုံမှန်ထက် လျော့နည်းနေတယ်လို့ သိရပါတယ်။ ဒါကြောင့် သခွားသီးဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အပြင် ကြွက်သား၊ အရွတ်၊ အရိုးအဆစ်အမြစ်တွေကိုပါ ကြံ့ခိုင်စေနိုင်ပါတယ်။

 

၃။     ဆီးချို ကျစေနိုင်ပါတယ်။

          ဆီးချိုဝေဒနာရှင်တွေဟာ သခွားသီးကို ဓာတ်စာအဖြစ် စားသုံးလာကြတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ မုန့်ချိုအိတ်မှာရှိတဲ့ ဘီတာဆဲလ်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးတဲ့ အင်ဆူလင်ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုထုတ်လုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ ဟော်မုန်းဓာတ်တွေ သခွားသီးမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အစားအစာတွေမှာ ပါဝင်တဲ့ ကစီဓာတ်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်မှုတွေကို အချိုဓာတ်စံနှုန်းနဲ့ သက်မှတ်ကြပါတယ်။ သခွားသီးမှာ ပါဝင်တဲ့ အချိုဓာတ်စံနှုန်းဟာ " 0 " ပဲ ရှိပါတယ်။ ကစီဓာတ်ဟာ သွေးတွင်းအချိုဓာတ်ကို တက်စေနိုင်တတ်ပေမယ့် သခွားသီးမှာ ပါဝင်တဲ့ ကစီဓာတ်ဟာ ဆီးချိုရောဂါသည်တွေအတွက် အလွယ်တကူ ချေဖျက်နိုင်တဲ့အတွက် ဆီးချိုကို မတက်စေနိုင်ပါဘူး။ ဒါကြောင့် အခုခေတ်မှာ ဆီးချိုအတွက် သခွားသီးဖြည့်စွက်စာအဖြစ် ပင်လယ်သခွားသီးအမှုန့် ဆေးလုံးလေးတွေကို ဈေးကွက်ထဲမှာ ရောင်းချလာကြပါတယ်။

 

၄။     ကျန်းမာရေးကို အထူးကောင်းမွန်စေနိုင်ပါတယ်။

          သခွားသီးဟာ ခန္ဓာကိုယ်မှာ စုပုံလာတဲ့ အဆိပ်အတောက်၊ အညစ်အကြေးတွေကို ဖျောက်ဖျက်ပေးနိုင်တဲ့ အစွမ်းထက် သန့်စင်ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်၊ ဆီးအိမ်၊ အသည်းနဲ့ မုန့်ချိုအိတ်တို့ကို အကျိုးပြုပါတယ်။ သခွားသီးနဲ့ မုန်လာဥနီကို ဖျော်ရည်လုပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ ပိုလျှံနေတဲ့ ဆီးဆိပ်ဓာတ် Uric acid ကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သောက်သုံးပေးပါက ဂေါက်ရောဂါနဲ့ နှင်းခူရောဂါတို့ကို ပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။ အကယ်၍ အဆုတ်နဲ့ အစာအိမ် ရောဂါတစ်စုံတစ်ရာရှိပါက သခွားသီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို ပျော့ပျောင်းစေနိုင်ပြီး သခွားသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်က သွေးလည်ပတ်မှုကောင်းစေကာ အာရုံကြောကို ပြေလျော့စေနိုင်ပါတယ်။ သခွားသးီမှာ သတ္တုဓာတ်တွေ ပြည့်ဝတဲ့အတွက် ခြေသည်း၊ လက်သည်း ကွာခြင်းကို ကာကွယ်ပေးနိုင်ပါသေးတယ်။ နောက်ထပ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေလည်း ပါဝင်သေးတဲ့အတွက် အကင်တွေ၊ အကြော်တွေနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။

 

>>    အခြားအကျိုးများ

          သခွားသီးဟာ အယ်ကာလီဓာတ် မြင့်မားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ PH ဓာတ်ကို ထိန်းညှိပေးပြီး အက်ဆစ်ဓာတ်ကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်သမားတွေဟာ သခွားသီးကို ရံဖန်ရံခါ စားသုံးပေးသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)