အသားတွေ ယားနေလား
လူကြားသူကြား မခံနိုင်အောင် ယားတာမျိုး မကြုံဖူးတဲ့လူများ ရှိကြလား? မရှိလောက်ဘူး ထင်တယ်နော်။ အသားခြောက်တဲ့အခါ အသားယားတတ်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာရင် အသားအရေ ခန်းခြောက်လာတတ်တော့ ပိုဆိုးတတ်တယ်။
ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီးတော့ အရေပြားက ပုံမှန်အတိုင်းလည်း ဖြစ်နိုင်တယ်။ နီနီကြမ်းကြမ်းကြီးလည်း ဖြစ်နိုင်သလို အဖုအထစ်တွေ၊ အရည်ကြည်ဖုတွေလည်း ထနေနိုင်တယ်။ ခဏခဏ ကုတ်နေရင်တော့ အရေပြား ဖောင်းကြွလာပြီး သွေးတွေ ထွက်လာမယ်၊ ပိုးတွေ ဝင်လာနိုင်တယ်။
အသားအရေ စိုပြေအောင် အစိုထိန်းလိုးရှင်းတွေ လိမ်းတာ၊ အယားပျောက်ဆေးတွေ လိမ်းတာ၊ ပြီးတော့ ရေအေးအေးလေး ချိုးပေးတာတွေ လုပ်ကြည့်ပါ။ အကောင်းဆုံးကတော့ ဘာကြောင့် ယားနေတာလဲ ရှာပြီး သေချာကုဖို့ပါပဲနော်။
တစ်ခါတလေလည်း အချိန်အကြာကြီး ယားနေတတ်တာလည်း ရှိတတ်ပါတယ်။ ကုတ်လေလေ ယားလေလေနဲ့ သံသရာ လည်နေတတ်တယ်နော်။ မကုတ်ဘဲနေဖို့ကလည်း တော်တော်ခက်ပြန်တယ်။ ကုတ်တော့လည်း အရေပြားတွေ ပွန်းပဲ့ပြီး ပိုးတွေ ဝင်နိုင်တယ်။ ကဲ … ဒီလိုဆိုရင်တော့ ပြဿနာပဲပေါ့။
ဒါဆိုရင် ဆရာဝန်နဲ့ ဘယ်လိုအချိန်မှာ ပြရမလဲ သိထားရတော့မှာပေါ့။
>> ယားတာက -
● ၂ ပတ်ထက် ပိုကြာတာ၊ ကိုယ့်ဟာကိုယ် ကောင်းနိုးရာရာလေး လိမ်းနေတာ မပျောက်ဘူးဆိုရင်
● အလုပ်တောင် ကောင်းကောင်း လုပ်လို့မရ၊ ကောင်းကောင်း အိပ်လို့မရလောက်အောင်ကို ယားနေရင်
● ရုတ်တရက်ကြီး ထယားပြီး ဘာကြောင့်ယားမှန်းလည်း မသိရင်
● တစ်ကိုယ်လုံး ယားတာဆိုရင်
● ယားတာအပြင် အရမ်းကို နုံးချိပြီး ပင်ပန်းနေတာ၊ ကိုယ်အလေးချိန်တွေ ကျလာတာ၊ ဆီးတွေ ဝမ်းတွေ ပုံမှန်မဟုတ်တာ၊ ဖျားတာနာတာ၊ အရေပြားတွေ နီနေတာတွေရှိရင်
ပြသင့်တယ်လို့ ပြောပါရစေနော်။
ဘာကြောင့် ဒီလိုယားရတာလဲ သိချင်နေကြပြီမလား။ ယားတတ်တဲ့ အကြောင်းရင်းတွေကတော့ -
၁။ အရေပြားခြောက်ခြင်း
ယားတာအပြင် တခြား အနီကွက်၊ အနီဖုတွေ၊ ထူးထူးခြားခြား ပြောင်းလဲတာတွေမရှိရင် အရေပြားခြောက်လို့ပဲ ဖြစ်နိုင်တယ်။ အသက်ကြီးလာလို့ ဒါမှမဟုတ် အခြားပြင်ပအကြောင်းရင်းတွေဖြစ်တဲ့ အဲယားကွန်း အကြာကြီးခံတာ၊ အပူတွေခံတာ၊ ရေထိတာ အရမ်းများတဲ့အခါမျိုးတွေမှာ အသားခြောက်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။
၂။ အရေပြားရောဂါတွေ
နှင်းခူ၊ ကြွပ်ပွေး၊ ဝဲ၊ သန်း၊ ရေကျောက်၊ အင်ပြင် ဒီလိုအရေပြားရောဂါတွေမှာလည်း ယားနိုင်တယ်။ တစ်ခုနဲ့တစ်ခု ဖြစ်တတ်တဲ့နေရာတွေကတော့ မတူတတ်ဘူး။ ပြီးတော့ ယားတာအပြင် နီတာ၊ နာတာ၊ အဖုတွေ၊ အရည်ကြည်ဖုတွေ ဖြစ်တာတွေပါ ရှိနိုင်တယ်။
၃။ ကိုယ်တွင်းရောဂါတွေ
အသည်းရောဂါ၊ ကျောက်ကပ်ပျက်စီးတဲ့ရောဂါ၊ သံဓာတ်အားနည်း သွေးအားနည်းရောဂါ၊ သိုင်းရွိုက်ရောဂါတွေနဲ့ သွေးကင်ဆာ၊ လင့်ထုံးကင်ဆာလိုမျိုး ကင်ဆာရောဂါတွေမှာလည်း ယားတတ်တယ်နော်။ ခဏခဏကုတ်လို့ အနာဖြစ်တာကလွဲလု့ိ အရေပြားမှာ ဘာမှကို မတွေ့ရဘူး။
၄။ အာရုံကြောရောဂါ
အာရုံကြောအလွှာကွာရောဂါ Multilple sclerosis, ဆီးချို၊ အာရုံကြော ဖိမိတာတွေနဲ့ ရေယုန်တွေမှာလည်း ယားတတ်တယ်လို့ ဆိုပါတယ်။
၅။ ဓာတ် မတည့်တာ
သိုးမွေးစတွေ၊ ဓာတုပစ္စည်းတွေ၊ ဆပ်ပြာနဲ့ အခြားပစ္စည်းတစ်ခုခုကြောင့် အရေပြား ယားတတ်တယ်။ တစ်ခါတလေ အလှပြင်ပစ္စည်းတွေ၊ အစားအစာတွေကြောင့် ဓာတ်မတည့်ရင်လည်း အသားယားတတ်တယ်။
၆။ ဆေး
ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဘိန်း အကိုက်အခဲပျောက်ဆေးတွေကြောင့်လည်း နီရဲပြီး ယားတာမျိုးတွေ ရှိတတ်တယ်။
၇။ ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင်ချိန်မှာလည်း တချို့အမျိုးသမီးတွေ ဗိုက်တွေ၊ ပေါင်တွေ ယားတတ်ကြတယ်။ ပြီးတော့ နှငး်ခူလိုမျိုး အရေပြားရောဂါတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ပိုဆိုးလာတတ်ကြတယ်။
အကြာကြီး ယားပြီး ကုတ်လေ ယားလေဖြစ်လာရင် -
● အရေပြားမှာ အနာတွေဖြစ်တာ
● ပိုးဝင်တာ
● အမာရွတ်ကျန်တာတွေ ဖြစ်တတ်ပါတယ်။
Dr. Emerald (www.drmyanmar.com)





























