မိမိကိုယ်ကို အားပြန်လည်ဖြည့်တင်းကြရအောင်
အလုပ်နဲ့လက်နဲ့မပြတ် အိမ်ထောင့်တာဝန်သားတာဝန်တွေနဲ့ အမြဲစိတ်တင်းပြီး ကြိုးစားရုန်းကန်နေရတဲ့ အမျိုးသမီး၊ အမျိုးသားတွေအနေနဲ့ မိမိကိုယ်မိမိ ဉာဏအား ပြန်လည်ဖြည့်ဆည်းပေးပါမှ စိတ်ဖိစီးမှုကင်းဝေးပြီး အားမာန်တက်ကြွစွာ ဘဝကို ဆက်လက်ရင်ဆိုင်နိုင်ပါသတဲ့။
မိမိကိုယ်မိမိ ပြန်လည်အားဖြည့်တင်းခြင်းဆိုတာ ကားဆီထည့်သလို အင်ဂျင်ဝိုင် လဲသလိုပါပဲတဲ့။ အချိန်လေး နေ့စဉ်တော့ ပေးဖို့လိုအပ်ပါသတဲ့။ မိမိကိုယ်ကို အချိန်တစ်ခု နေ့စဉ်ပေးပြီး စိတ်ရှည်လက်ရှည် အနားယူ အပန်းဖြေခြင်း စစ်စစ်မှန်မှန်လေးတွေကို ရွေးချယ်ပြီး လုပ်ကြည့်ကြရအောင်လား။
တရားထိုင်ခြင်း၊ ဝင်သက်ထွက်သက်မှတ်ခြင်းကို နေ့စဉ်လုပ်ငန်းထဲမှာ ထည့်ထားပြီး မပျက်မကွက်လေး လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ဘဝဟာ သိသိသာသာ အနားရလာတာကို တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။ တရားထိုင်နေရင်း မိမိရဲ့အတွေးတွေ စိတ်နေစိတ်ထားတွေကို ဆန်းစစ်လိုက်နိုင်တဲ့အပြင် မကောင်းတဲ့ စိတ်အညစ်အကြေးတွေကိုပါ ရှင်းထုတ်နိုင်လိုက်မှာ မုချပါ။
● ငြိမ်သက်စွာထိုင်ပြီး တရားထိုင်တဲ့အခါ ပထမဆုံးအနေနဲ့ မိမိကိုယ်မိမိ အတွေးတွေ တွေးနေမိတာ ဦးနှောက်တွင်းမှာ ပြေးလွှားတွေးခေါ်နေတာတွေကို ပထမဆုံး သတိထားမိလာပါတယ်။
● သတိပြုမိပြီဆိုတာနဲ့ အတွေးဆိုးတွေကို ရပ်တန့်လို့ရပါပြီတဲ့။ အလျင်မပြတ် တသွင်သွင်စီးနေတဲ့ ရေလိုအတွေးတွေကို မြင်အောင်ကြည့်ပြီး သိမှုမှတ်ဉာဏ်ကို စိတ်ရှည်ရှည်နဲ့ တည်ဆောက်ရတာ ဖြစ်ပါတယ်။
● မိမိရဲ့ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေသမျှ အထွေထွေကို သေချာအချိန်ပေးပြီး ရှုကြည့်သတိထားနေမိခြင်းဖြင့် အရာအားလုံး ငြိမ်းအေးသာယာသွားတာကို ခံစားလာရမှာဖြစ်ပါတယ်။
လူအတော်များများက ပတ်ဝန်းကျင်ကို အာရုံစိုက်တယ်၊ မိသားစုကို ချစ်တယ် ဒါပေမဲ အရေးကြီးဆုံးဖြစ်တဲ့ မိမိခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေတယ်။ အတွေးတွေ ဘာတွေတွေးနေလဲဆိုတာ မေ့နေတတ်ကြပါသတဲ့။
1. ငြိမ်သက်စွာထိုင်ပြီး မိမိကိုယ်မိမိ ရှုကြည့်တဲ့ အလုပ်တဲ့ တစ်ပတ်ကို သုံးကြိမ်လောက်နေ စတင်လုပ်ကြည့်နိုင်ပါတယ်။
2. အေးချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ပါ။ ဖျာပါးပါးလေးခင်းပါ။ ခြင်၊ ယင် မနှောင့်ယှက်အောင် ကာကွယ်ပြင်ဆင်ပါ။ အမွှေးတိုင် သင်းသင်းလေးတွေ ထွန်းညှိထားနိုင်ပါတယ်။
3. သက်သောင့်သက်တာလေး ထိုင်ချလိုက်ပြီး ခေါင်းဖျားကနေ ခြေဖျားအဆုံး ငြိမ်သက်တည်ငြိမ်စွာ ရှုကြည့်ပါ။
မိမိကိုယ်မိမိ အချိန်ပေးပြီး စိမ်းစိုအေးချမ်းတဲ့နေရာလေးတခုမှာ ငြိမ်သက်အေးဆေးစွာ ရှုကြည့်ခြင်း၊ တရားထိုင်ခြင်းဖြင့် ဉာဏအားကို အေးအေးဆေးဆေး ပြန်လည်ဖြည့်တင်းကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























