/
node/6411

ခြေကျင်းဝတ် လည်သွားတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ခြေကျင်းဝတ် လည်သွားတာက အရမ်း အဖြစ်များပါတယ်။ ခြေကျင်းဝတ်က အပြင် (သို့) အတွင်းဘက်ကို ရုတ်တရက် လည်ထွက်သွားတဲ့အခါမှာ ခြေကျင်းဝတ်အဆစ်ကို နေရာလွဲသွားစေပါတယ်။

          ခြေကျင်းဝတ် အတွင်းကို လည်သွားရင် အတွင်းဘက်ကအရွတ်ကို ထိပြီးတော့ အပြင်ကို လည်ထွက်သွားရင် အပြင်ဘက်ကအရွတ်ကို သွားထိပါတယ်။ အတွင်းကိုပဲလည်လည်၊ အပြင်ကိုပဲလည်လည် လည်သွားပြီဆိုရင်တော့ အရွတ်တွေကို ဆွဲဖြဲသလိုဖြစ်ပြီးတော့ ပြဲသွားကာ ရောင်ရမ်းနာကျင်မှုတွေကို ခံစားရစေပါတယ်။

          ခြေကျင်းဝတ် လည်ပြီးတော့ ဒီလိုတွေ ခံစားရရင်တော့ ဆရာဝန်သွားပြဖို့ လိုပါတယ်။

●        အလွန်အမင်း နာကျင်ခြင်း

●        အလွန်အမင်း ရောင်ရမ်းလာခြင်း

●        ခြေလှမ်း အနည်းငယ်ထက် ပိုပြီးတော့ မလျှောက်နိုင်တော့ခြင်း

●        သိပ်ပြီးတော့ လှုပ်ရှားမှု မလုပ်နိုင်တော့ခြင်း

          ကိုယ်ဟာကိုယ် ကုလို့ရလား ဆိုတာကတော့ ဘယ်လောက်အထိ ထိခိုက်မိသွားလဲဆိုတာအပေါ်မှာ မူတည်ပါတယ်။

          နည်းနည်းလေးပဲ လည်သွားတာ ဆိုရင်တော့လည်း အိမ်မှာပဲ ကုလို့ရပါတယ်။ ခြေကျင်းဝတ်ကို အနားပေးမယ်၊ ရေခဲကပ်ပေးပြီးတော့ ခြေထောက်ကို မြှောက်ထားပေးဖို့ လိုပါတယ်။

 

>>    ဘယ်အချိန်မှာ လှုပ်ရှားလို့ရသလဲ?

          ခြေကျင်းဝတ် လည်သွားပြီးတော့ တစ်ရက် နှစ်ရက်လောက်နားပြီးရင် လေ့ကျင့်ခန်း အပျော့စားလေးတွေ လုပ်ပေးတာက မြန်မြန်ပြန်ကောင်းဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ခြေသလုံးနဲ့ ခြေကျင်းဝတ်မှာရှိတဲ့ ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေက ဟန်ချက်ညီမှုနဲ့ ထိန်းနိုင်ဖို့ကို အထောက်အကူ ဖြစ်စေပြီးတော့ ထိခိုက်ဒဏ်ရာ ပြန်ရနိုင်ချေကိုလျော့နည်းစေပါတယ်။

ဒဏ်ရာရထားတဲ့နေရာကို ၄ ပတ်ထက်ပိုပြီး လုံးဝမလှုပ်ရှားဘဲထားတာက ရောဂါလက္ခဏာတွေကို ပိုဆိုးစေပြီးတော့ ပြန်ကောင်းဖို့ဆိုတဲ့အပေါ်မှာလည်း ဆိုးကျိုးသက်ရောက်စေပါတယ်။ ဒီတော့ လေ့ကျင့်ခန်းကို ဖြေးဖြေးချင်း စလုပ်ပေးပါ။ ကိုယ့်ရဲ့ ရောဂါလက္ခဏာကို ပိုဆိုးလာစေတဲ့လေ့ကျင့်ခန်းကို ဆက်မလုပ်ပါနဲ့။ ဘယ်လိုလေ့ကျင့်ခန်းတွေက ကိုယ်နဲ့ ကိုက်ညီမလဲဆိုတာကို ဆရာဝန်ကို သေချာမေးပါ။

 

>>    ရေခဲ ကပ်မှာလား၊ အပူကပ်မှာလား။

          ဒဏ်ရာ တစ်မျိုးနဲ့တစ်မျိုးတော့ မတူပါဘူး။ ကိုယ့်ရဲ့ဒဏ်ရာက အအေးကပ်လို့ သက်သာရင် အအေးကပ်ပါ။ စကပ်တဲ့ ပထမ ၇၂ နာရီမှာ ရေခဲဝတ် တစ်ကြိမ်ကပ်ရင် ၁၅-၂၀ မိနစ်ကြာ ၂-၃ နာရီခြားတစ်ခါ ကပ်ပေးပါ။ ဆီးချိုရှိတဲ့သူတွေ၊ သွေးကြောရောဂါ ရှိတဲ့သူတွေမှာတော့ ဒီနည်းက မသင့်တော်ပါဘူး။ တစ်ကြိမ်ကို မိနစ် ၂၀ ထက်တော့ ပိုမကပ်ပါနဲ့။ ကြာကြာကပ်တိုင်း ကောင်းတာမဟုတ်ပါဘူး။

 

●        အလတ်စတစ်ပတ်တီးနဲ့ ဖိထားပေးခြင်း

          ဒီလိုစည်းထားပေးတာက အရောင်လျော့စေပြီးတော့ ခြေကျင်းဝတ်ကို ငြိမ်နေအောင် ထိန်းပေးထားပါတယ်။ ခြေကျင်းဝတ် လည်ပြီဆိုတာနဲ့ ချက်ချင်း ပတ်တီးစည်းပြီး ၄၈-၇၂ နာရီကြာအောင် စည်းထားပါ။ အရမ်းကြီး ကြပ်နေအောင်တော့ မစည်းပါနဲ့။

 

●        ခြေထောက်ကို အပေါ်မြှောက်ထားပေးပါ။

          ခြေထောက်ကို ခါး (သို့) နှလုံးထက်မြင့်အောင် မြှောက််ထားပေးရင် ပိုနေတဲ့အရည်တွေကို ဖယ်ထုတ်ပေးတဲ့အတွက် အရောင်ကျစေပါတယ်။ ဒါကြောင့် ဒဏ်ရာရပြီး နောက်ရက်အနည်းငယ်ကြာအောင် ခြေထောက်ကို တတ်နိုင်သမျှ မြှောက်ထားပေးပါ။

 

●        အရောင်ကျဆေး သောက်ပါ။

          ဒဏ်ရာရပြီး ၄၈ နာရီအတွင်းမှာ အကိုက်အခဲပျောက် အရောင်ကျဆေး သောက်ပေးရင် အကောင်းဆုံးပါ။ သောက်ဆေးတွေရှိသလို လိမ်းဆေး၊ ဖြန်းဆေးတွေလည်း ရှိပါတယ်။ သောက်ဆေးတွေကြောင့် အစာအိမ်အောင့်တာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ခံနေရတယ်ဆိုရင် လိမ်းဆေးလိမ်းပေးလို့ ရပါတယ်။

 

>>    ခြေကျင်းဝတ်လည်ပြီး လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ

        ဆရာဝန် (သို့) အကြောအဆစ် ပြန်လည်သန်စွမ်းရေး အထူးကုတွေက လုပ်ရမယ့်လေ့ကျင့်ခန်းတွေကို ညွှန်ပေးပါလိမ့်မယ်။ ဟန်ချက်ညီအောင် ထိန်းပေးတဲ့လေ့ကျင့်ခန်းတွေ၊ အကြောဆန့်ပေးတဲ့ လေ့ကျင့်ခန်းတွေက လှုပ်ရှားနိုင်စွမ်းကို ကောင်းစေပါတယ်။ ဒဏ်ရာရပြီး မကြာခင်မှာ လေ့ကျင့်ခန်း လုပ်နိုင်လေလေ ပိုကောင်းလေပါပဲ။ အလွန်အကျွံတော့လည်း မလုပ်ပါနဲ့။

        လေ့ကျင့်ခန်းအချို့ကတော့ -

●        ချိုင်းထောက်နဲ့ (သို့) မပါဘဲ လမ်းလျှောက်ပါ။

●        စာလုံးလေးတွေကိုခြေမနဲ့ ပြန်စီပေးပါ။ ဒါက ခြေကျင်းဝတ်လှုပ်ရှားမှုကို အားပေးပါတယ်။

●        သန်မာစေဖို့အတွက် ခြေတစ်ချောင်းတည်းနဲ့ ၂၅ စက္ကန့်ကနေ တစ်မိနစ်လောက်ကြာအောင် ရပ်ကြည့်ပါ။

●        ဒဏ်ရာရထားတဲ့ခြေထောက်ရဲ့ ခြေဖဝါးကို ကြမ်းပြင်ပေါ်မှာပြားပြားချထားပြီးတော့ ကုလားထိုင်မှာ ထိုင်ပါ။ ခြေဖဝါးပြားပြား ချထားပြီး ဒူးခေါင်းကို ဟိုဘက်ဒီဘက် ရွှေ့ကြည့်ပါ။ ဒီလိုမျိုး ၂-၃ မိနစ်လောက်လုပ်ပါ။

●        လက်တွေကို နံရံမှာထောက်ပြီးတော့ ခြေသလုံးကြွက်သားတွေကို ဆွဲဆန့်ပါ။ ခြေထောက်ကို ဖြောင့်နေအောင် ထားပြီးတော့ ၂၅ စက္ကန့်လောက် နေပါ။ ဒီလိုမျိုး ၂-၄ ကြိမ် လုပ်ပေးပါ။

 

>>    ရေရှည်မှာလည်း ခြေကျင်းဝတ်ကို သေချာဂရုစိုက်ပါ

●        ဒေါက်မြင့်ဖိနပ်လိုမျိုး ခြေကျင်းဝတ်ကို မငြိမ်မသက်ဖြစ်စေတဲ့ ဖိနပ်တွေကို မစီးပါနဲ့။

●        လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးရင် အကြောလျှော့ပေးပါ။

●        ခြေကျင်းဝတ်နဲ့ ခြေထောက်ကို ပုံမှန်အကြောလျှော့ပေးပါ။

●        ခြေကျင်းဝတ်ကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို ဆက်လုပ်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)