/
node/6424

ဆီးပြွန်ထဲမှာ ပိတ်တဲ့ကျောက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကြယ်လေးတွေသာ လရောင်လေးကဖြာ ညလေးက အေးချမ်းနေပေမယ့် ဦးဇင်းဦးပညာအတွက်တော့ မခံမရပ်နိုင်အောင် အလွန်ဆိုးရွားတဲ့ညပါပဲ။

          ဦးဇင်း ဦးပညာ တစ်ညလုံး မကျိန်းရ။ ထိုင်လိုက် ထလိုက်။ ပြင်းထန်လိုက်တဲ့ ဝေဒနာဒဏ်ပါလား။ ဝေဒနာကို ရှုမှတ်ကာ ကျိတ်မှိတ်သည်းခံသော်လည်း သည်းမခံနိုင်လောက်အောင် ဇောချွေးတွေ ပြန်လာကာ နေရထိုင်ရခက်ပါဘိ။ အောင့်နေသောနေရာက နောက်ကျောအောက်ပိုင်း။ ရှေ့နဲ့နောက် ညှပ်အောင့်သည်။ မခံစားနိုင်လွန်း၍ အပြင်ထွက်ကာ ညဖွင့်သည့်ဆေးခန်း စုံစမ်းသော်လည်း မတွေ့။ တလူးလူးတလိမ့်လိမ့်။ မနက် ၄ နာရီခန့်ကျတော့ နာကျင်သည့်ဒဏ်ကို မခံနိုင်လွန်း၍ ဝေါ့ခနဲ အန်ချလိုက်လေသည်။ လေတွေ တောက်လျှောက် ဆက်အန်သည်။ ခေါင်းတွေလည်း တရိပ်ရိပ် မူးလာလေသည်။

          မနက် ၇ နာရီလောက်ကျတော့ အရပ်ထဲက ဖွင့်သောဆေးခန်းကို ဆိုင်ကယ်တက်စီက လိုက်ပို့ပေးသည်။ ဆေးခန်းခုတင်ပေါ်တွင် လှဲချလိုက်ကာ ဆရာဝန်မေးသောမေးခွန်းများကို ဖြေရသည်။ ဖြေရင်း ဖြေရင်း ... ရုတ်တရက် ခါးက နာကျင်လာပြန်ကာ ချွေးတွေ ပြန်လာပြန်သည်။

          ဆရာဝန်က အစအဆုံးစမ်းသပ်ကာ အာထရာဆောင်းဓာတ်မှန် ချက်ချင်းရိုက်ခိုင်းသည်။ ဆီးကျောက်ဖြစ်နိုင်သည်တဲ့။

          " ဦးဇင်း ... အရင်က ဆီးကျောက်တည်တာ ဖြစ်ဖူးလားဘုရား"

          " ဖြစ်ဖူးတယ် ဒကာကြီး ... ခါးနာလို့ သွားသွားပြနေရင်း ဓာတ်မှန်ရိုက်ကြည့်တော့ ကျောက်ကပ်ထဲမှာ ကျောက်တွေ ရှိတယ်တဲ့။ မကြီးဘူးလို့တော့ ပြောတယ် ... အခုတလော ရေလည်း သိပ်မသောက်ဖြစ်လို့လား "

          ဆရာဝန်က ရောဂါရာဇဝင်ကို ငုံ့ရေးနေရင်း -

          " ဦးဇင်း ... အာထရာဆောင်း ချက်ချင်းရိုက်စေချင်ပါတယ်ဘုရား ... တစ်ညလုံး မခံမရပ်နိုင်အောင် တောက်လျှောက်နာထားတော့ တပည့်တော် ကျောက်အခြေအနေကို သိချင်ပါတယ် "

          ဆေးထိုးပေးလိုက်ကာ သက်သာသွားပြီး နေ့လယ်ကျ အာထရာဆောင်း သွားရိုက်သည်။ ရေသောက်သော်လည်း ဆီးအရင်လို သိပ်မပေါတာ သတိထားမိနေသည်။ ဦးဇင်းကတော့ ဆေးထိုးပြီးနောက်ပိုင်း အနာသက်သာသွား၍ ဆရာဝန်ကို ကျေးဇူးတင်ရပါသည်။

          ဓာတ်မှန်အဖြေကို ဆရာဝန်ကို ပြန်ပြရသည်။ မနက်က ကြည့်ပေးသော ဆရာဝန်က အာထရာဆောင်းစာရွက်ကို ကိုင်ကာ တွေးတွေးချင့်ချင့်နှင့် စဉ်းစားနေလေသည်။ ဦးဇင်းမှာ ကျောက် ဘာဖြစ်လဲ သိချင်လှပြီ။ ဆရာဝန်ထံမှ တော်တော်နှင့် စကားထွက်မလာ။

          ထို့နောက် အေးဆေးတည်ငြိမ်စွာ ရှင်းပြလေသည်။

          " ဦးဇင်းရဲ့ ဆီးပြွန်ထဲမှာ ကျောက်ပိတ်နေတယ် ဘုရား "

          " ဟင် ... ဘယ်လိုပိတ်တာလဲ ဒကာကြီး "

          ကျောက်က ကြီးတယ်ဘုရား ... ကျောက်ကပ်ထဲကနေ ဆင်းလာပုံရတယ်။ ပြဿနာက ကျောက်က ဆီးပြွန်ထဲမှာ ကွက်တိပိတ်နေတာ။ ကျောက်သေးရင်တော့ ပိတ်တုန်းခဏနာပြီး သူ့ဘာသာ ဆင်းသွားတာ ... အခုဦးဇင်းရဲ့ ကျောက်ကတော့ ကြီးပုံရတယ်။ အောက်ကို သူ့ဘာသာ ဆင်းသွားနိုင်ချေ ရာခိုင်နှုန်း အလွန်နည်းပါတယ်ဘုရား "

          " အဲတော့ ... ဦးဇင်း ဘယ်လိုလုပ်ရ ... "

          " ဆီးကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကို ချက်ချင်းပြသ စစ်ဆေးဖို့ လိုပါတယ်ဘုရား "

          " ဟင် ... ဆေးရုံနဲ့ အထူးကုတော့ မပြလို့ မရဘူးလား ဒကာကြီး "

          " ဦးဇင်းရဲ့ ကျောက်က ကြီးတဲ့အတွက် နောက်ပိုင်း ဘယ်လိုဆက်စောင့်ကြည့်မယ်ဆိုတာ ဆီးကျောက်ကပ် ခွဲစိတ်ဘက်က ဆုံးဖြတ်ဖို့ လိုပါတယ်။ ကျောက်က အခု လက်ရှိလည်း ကြီးလည်းကြီး၊ ဆီးပြွန်ထဲမှာ ပိတ်နေတာဆိုတော့ ကျောက်ကပ်ကို ဆိုးကျိုးမဖြစ်ရအောင် ပြသကုသဖို့ လိုလာပါပြီ "

          တစ်ညလုံး မအိပ်ရအောင် နာနေတာ ဒါကြောင့်ကိုး။ ကျောက်က ကြီးတဲ့အပြင် ဆီးပြွန်ထဲမှာ တစ်နေသတဲ့။ သေးရင် ရှောရှောရှူရှူ ဖြတ်ဆင်းသွားတတ်ပေမယ့် အခုတော့ မဆင်းနိုင်လောက်အောင် အရွယ်က မသေးလှဘူးဆိုပါ့လား။ ဆက်ထားရင် ဆီးသွားလမ်းကြောင်း ပိတ်ဆို့ပြီး ကျောက်ကပ်ကိုပါ ထိခိုက်မှုဖြစ်စေလို့ ပြသစစ်ဆေး ကုသမှုယူရပါမယ်တဲ့။ ဦးဇင်းဦးပညာ တစ်ပါးတော့ ကိုယ့်ကလှည့်ကျမှ ဖြစ်တဲ့ကျောက်ဇာတ်လမ်းက ကြံကြံဖန်ဖန်ပါလားလို့ သက်ပြင်းတစ်ချက်သာ ချလိုက်မိပါတော့တယ်။

 

***************************************************************************

 

          ကျောက်ကပ်ထဲမှာ ကျောက်မှုန်တည်တာ ကျောက်တည်တာတွေက မကြာခဏ ခါးနာတတ်ပေမယ့် အရွယ်အစားပေါ် မူတည်ပြီး စိုးရိမ်ရတဲ့ အနေအထား ရောက်လာလေ့ မရှိပါဘူး။ အလားတူစွာပဲ ဆီးပြွန်ထဲမှာ ကျောက်ပိတ်တဲ့အခါ အပြင်းအထန် နာကျင်မှုခံရပေမယ့် အောက်ကို သူ့ဘာသာ ဆင်းကျသွားတဲ့အခါ ဘာမှထွေထွေထူးထူး လက္ခဏာမပြဘဲ ရေများများသောက်ရုံ၊ ကျောက်ကြေဆေး စားရုံနဲ့ ဒီတိုင်းထား စောင့်ကြည့်ကုသလို့ ရပါတယ်။

          အရွယ်အစားကလည်းကြီး ဆီးပြွန်ထဲမှာလည်း ပိတ်နေပြီ ဆိုရင်တော့ ပေါ့ဆရမယ့်အခြေအနေ လုံးဝမဟုတ်တော့ပါဘူး။

          ဆီးပြွန်အစွန်းနားမှာလည်း တည်ရှိနေပြီး အရွယ်လည်းကြီးတဲ့ ဆီးကျောက်ဟာ သူ့အလိုလို ကြေဆင်းသွားဖို့ အလားအလာ အလွန်နည်းပါးတယ်လို့ ပြောလို့ရပါတယ်။

          ဆီးပြွန်ထဲမှာ ကျောက်ပိတ်တဲ့အခါ အောက်ပါအတိုင်း ကုသရပါတယ်။

 

>>    စောင့်ကြည့်ကုသခြင်း

●        လျှပ်စစ်ဓာတ်လွှတ်၍ ရှော့တိုက် ကျောက်ချေဖျက်ခြင်း

●        မှန်ပြောင်းမှတစ်ဆင့် ထုတ်ယူကျောက်ခြေခြင်း

●        အရေပြားမှဖောက်၍ ကျောက်ချေဖျက်ခြင်း

●        ခွဲစိတ်ထုတ်ယူခြင်း

          တို့နဲ့ အခြေအနေပေါ် မူတည်ပြီး ကုသရပါတယ်။

          တစ်ခုရှိတာက သူ့အလိုလို ကြေဆင်းလာဖို့ ရည်ရွယ်ချက်နဲ့ စောင့်ကြည့်ကုသတဲ့အခါ တချို့သော လူနာတွေအနေနဲ့ ပြင်းထန်စွာ နာကျင်ခြင်း မကြာခဏနာကျင်၍ အလုပ်ပျက် လူမှုရေး ပျက်ကွက်ရခြင်းတွေကြောင့် ဖော်ပြပါ တစ်နည်းနည်းနဲ့ ချက်ချင်းကုသပေးဖို့ လိုလာလေ့ရှိပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)