မျက်လုံးထဲ သွေးကြောပေါက်ခြင်း
မျက်လုံးမြှေးလို့ခေါ်တဲ့ မျက်လုံးအဖြူသားအောက်မှာ သွေးကြောသေးသေးလေးတွေ ပေါက်တဲ့အခါ မျက်မြှေးပါး သွေးယိုခြင်းလို့ ခေါ်ပါတယ်။ မျက်မြေးပါးဟာ ယိုစိမ့်လာတဲ့သွေးတွေကို ပြန်မစုပ်နိုင်တာမို့ အကြာကြီးမျက်နှာပြင်မှာ ရဲနေတတ်တယ်။ စိုးရိမ်စရာကောင်းတယ် ဆိုပေမယ့် ဘာအန္တရာယ်မှ မပေးဘဲ တစ်ပတ်၊ ၂ ပတ်လောက်အတွင်းမှာ ပျောက်သွားတတ်တယ်။ နှာ အရမ်းချေလိုက်တာပဲဖြစ်ဖြစ်၊ ချောင်း အရမ်းဆိုးလိုက်တာပဲဖြစ်ဖြစ် သွေးကြောလေးတွေကို ပေါက်သွားစေနိုင်တယ်။
>> ဘာကြောင့် မျက်လုံးထဲသွေးကြောလေးတွေ ပေါက်ရတာလဲ?
ဘာကြောင့် သွေးကြောပေါက်ရတယ်တော့ သေချာမသိပေမယ့် ဒီအကြောင်းရင်းတွေကြောင့် ပေါက်နိုင်တယ်။
၁။ ညှစ်ခြင်း
နှာချေတာ၊ ချောင်းဆိုးတာ၊ အန်တာ၊ အလေးအပင်တွေ မ,တာ၊ ပြင်းပြင်းထန်ထန် လေ့ကျင်ခန်းတွေလုပ်တာ စသဖြင့် ညှစ်အား များတာတွေကြောင့် သွေးကြောလေးတွေ ပေါက်တတ်တယ်။
၂။ ထိခိုက်ဒဏ်ရာရခြင်း
မျက်လုံးကို ထိမိခိုက်မိ ရိုက်မိတာကြောင့်လည်း သွေးကြော ပေါက်နိုင်တယ်။
၃။ ဆီးချိုမျက်လုံးရောဂါ
ဆီးချိုကြောင့် မျက်လုံးရောဂါဖြစ်တဲ့အခါ သွေးကြောတွေ ပေါက်ထွက်ပြီး အမြင်အာရုံတောင် ကွယ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ကာကွယ်ဖို့ မျက်လုံးကိုမှန်မှန် စစ်ဆေးဖို့လိုတယ်။
၄။ မျက်လုံးနီခြင်း
ရေတိမ်၊ နုံးခြင်း၊ ဓာတ်မတည့်ခြင်း၊ ပိုးဝင်ခြင်းနဲ့ တခြားရောဂါ အမျိုးမျိုးတို့ကြောင့် မျက်လုံးထဲက သွေးကြောတွေမှာ ပုံမှန်ထက် သွေးပိုစုတဲ့အခါ မျက်လုံးကြီး ရောင်ပြီးရဲနေတတ်တယ်။ နာတာ ကျင်တာ၊ အမြင်အာရုံ ချို့ယွင်းတာ၊ မျက်ကြည်လွှာ တိမ်ဖုံးတာ၊ မျက်ဝတ်တွေ ထွက်တာတွေ ရှိလာရင် ဆရာဝန်နဲ့ပြဖို့ လိုပါလိမ့်မယ်။
၅။ မျက်လုံးထဲ သွေးထွက်ခြင်း
မျက်ကြည်လွှာနဲ့ မျက်လုံးသားငယ်အိမ်ကြား သွေးတွေ ထွက်လာခဲ့ရင် ရေတိမ်ဖြစ်ပြီး အမြင်အာရုံ ထိခိုက်နိုင်တာမို့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။
၆။ သွေးပေါင်တက်ခြင်း
သွေးပေါင်တက်တာဟာ မျက်လုံးထဲ သွေးကြောပေါက်ခြင်းရဲ့ အများဆုံးတရားခံပါ။ ဒီလိုသွေးကြောပေါက်တာနှင့်အတူ နှလုံးဖောက်တာ၊ လေဖြတ်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စား၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး သွေးပေါင် ထိန်းဖို့လိုတယ်။ ကြက်သွန်ဖြူ၊ ဖောလစ်အက်ဆစ်ပါတဲ့ အစားအသောက်တွေ စားပေးဖို့ လိုပါတယ်။
၇။ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်း
ချောင်းဆိုးတာ၊ နှာချေတာကို ထိန်းလို့မရနိုင်ဘူးပေါ့။ ဒါပေမ့ဲ့ အရမ်းဆိုးရွားလာရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုတယ်။ အအေးမိတာဆိုရင် ဗီတာမင်စီ သောက်တာ၊ ချောင်းဆိုးပျောက်ဆေး သောက်တာ၊ အအေးမိပျောက်ဆေး သောက်တာတွေ လုပ်ပေးနိုင်ပါတယ်။
ဒီလိုသွေးကြောတွေ ပေါက်ထွက်တဲ့အခါ ကုဖို့တော့ မလိုပေမယ့် နာတာ၊ ကျင်တာတွေ အတွက်ကတော့ ဆေးသောက်ဖို့ လိုတယ်။ သွေးကြဲစေတဲ့ အက်စ်ပရင်လိုဆေးမိျုးကိုတော့ ရှောင်သင့်တယ်။ သွေးကြဲဆေး သောက်လက်စ လူတွေကတော့ ဆရာဝန်ကို ဆေးဆက် သောက်သင့်၊ မသောက်သင့် တိုင်ပင်ကြည့်ပါ။ ယားယံတာတွေအတွက် မျက်စဉ်းလေး ခတ်ပေးပေါ့။ ထိခိုက်မိလို့ ထွက်တာဆိုရင် အနာကျက်ဖို့ တခြားဆေးတွေပါ လိုလာပါပြီ။ ပိုးဝင်ရင် ပိုးသတ်ဆေး မျက်စဉ်းခတ်ပေးပါ။ ၂ ပတ်၊ ၃ ပတ် လောက်မှတင် သူ့အလိုလို ကောင်းသွားမှာပါနော်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်သလဲ?
၂ ပတ်အတွင်း မသက်သာခဲ့ရင်တော့ မျက်စိဆရာဝန်နဲ့ ပြသင့်တယ်။ မျက်လုံး ၂ ဖက်လုံးမှာ တစ်ပြိုင်နက်ဖြစ်ရင်၊ သွေးခြေဥတာ၊ သွားဖုံးသွေးယိုတာတွေပါ တွဲဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုတယ်။
ဒါ့အပြင် -
● သွေးထွက်ပြီး နာတာ
● အမြင်အာရုံ ပြောင်းလဲတာ (နှစ်ထပ်မြင်တာ၊ ဝါးတာ)
● သွေးရောဂါရှိတာ
● သွေး အရမ်းတိုးဖူးတာ
● မျက်လုံးကို ထိခိုက်ဒဏ်ရာရတာတွေ ရှိရင်လည်း ဆရာဝန်နဲ့ပြတာ အကောင်းဆုံးပဲ။
>> သွေးကြောတွေ မပေါက်အောင် ဘယ်လိုကာကွယ်မလဲ?
မျက်လုံးထဲ သွေးကြောမပေါက်အောင် ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဒီနည်းလမ်းလေးတွေကတော့ အသုံးဝင်မယ် ထင်တယ်နော်။
● သွေးတိုးနေသူတွေမှာ သွေးပေါင်ချိန်ကို သေချာထိန်းဖို့ လိုတယ်။
● ဝမ်းချုပ်တတ်သူတွေမှာ ဝမ်းသွားချိန် အရမ်းမညှစ်ပါနဲ့။ ဝမ်းသွားရလွယ်အောင် ဝမ်းပျော့ဆေး သောက်ပေးပါ။
● ဆီးချိုရှိသူတွေမှာ မျက်လုံးကို မှန်မှန်စစ်ဆေးပေးဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























