/
node/6511

အသည်းအဆီဖုံးခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသည်းအဆီဖုံးတာတွေက ဖြည်းဖြည်းချင်း မြင့်တက်လာနေပြီးတော့ အခုဆိုရင် ကမ်ဘာ့လူထုရဲ့ လေးပုံတစ်ပုံမှာ အသည်းအဆီဖုံးနေပါပြီ။ ဒါကလည်း အဖြစ်များတဲ့ရောဂါတွေဖြစ်တဲ့ အဝလွန်ခြင်း၊ အမျိုးအစား-၂ ဆီးချိုရောဂါ စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါအပြင် ကြောက်စရာကောင်းတဲ့ အချက်တစ်ခုကတော့ အသည်းအဆီဖုံးရာကနေပြီးတော့ တခြား ပိုပြီးပြင်းထန်တဲ့အသည်းရောဂါတွေနဲ့ တခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

 

>>    ဘယ်လိုအရာတွေကြောင့် အသည်းအဆီဖုံးရသလဲ?

          အသည်းအဆီဖုံးစေတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ ဒါတွေကတော့ -

●        အဝလွန်ခြင်း - အဝလွန်တာကြောင့် အသည်းထဲမှာ အဆီတွေသိုလှောင်တာကို အားပေးပါတယ်။ အဝလွန်တဲ့အရွယ် ရောက်ပြီးသူတွေရဲ့ 30-90% လောက်က အရက်သောက်တာနဲ့ မဆိုင်တဲ့ အသည်းအဆီဖုံးရောဂါ ရှိနေတယ်လို့ ခန့်မှန်းရပြီးတော့ ကလေးတွေမှာလည်း အဝလွန်တာတွေ များလာတော့ ကလေးငယ်တွေမှာလည်း ဒီရောဂါတွေဖြစ်တာက ပိုများလာနေပါတယ်။

●        ဗိုက်အဆီများ ပိုနေခြင်း - ခါးနဲ့ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီတွေ အရမ်းများနေတဲ့ ပုံမှန်လူတွေမှာဆိုရင်လည်း အသည်းအဆီဖုံး နိုင်ပါတယ်။

●        အင်ဆူလင်နှင့်ဆိုင်သော ရောဂါများ - အမျိုးအစား-၂ ဆီးချိုဝေဒနာရှင်တွေနဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ဆိုင်တဲ့ ရောဂါရှိသူတွေမှာဆိုရင် အင်ဆူလင် မြင့်မားခြင်းနဲ့ အင်ဆူလင်ကို သိပ်ပြီးလက်မခံနိုင်တော့တဲ့အတွက်ကြောင့် အသည်းထဲမှာ အဆီတွေ ပိုပြီးစုပုံလာစေပါတယ်။

●        အရမ်းပြုပြင်ထားတဲ့ ကစီဓာတ်တွေ အစားများလွန်းခြင်း - ဖြူနေအောင် အရမ်းပြင်ထားတဲ့ ကစီဓာတ်တွေပါတဲ့ ပေါင်မုန့်ဖြူ၊ ဖြူလွန်းတဲ့ဆန်တွေ လိုဟာမျိုးတွေ စားလွန်းရင်လည်း အသည်းထဲမှာ အဆီတွေ များစေပါတယ်။ အထူးသဖြင့်တော့ အဝလွန်နေတဲ့သူတွေမှာပေါ့။

●        သကြားတွေပါတဲ့ အချိုရည်တွေ သောက်ခြင်း - ဆိုဒါတွေ၊ အားဖြည့်အချိုရည်တွေထဲမှာလည်း သကြားတွေ ပါဝင်မှု အရမ်းများတဲ့အတွက်ကြောင့် ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ အသည်းထဲမှာ အဆီပိုတွေကို ပိုစုလာစေပါတယ်။

●        အူကျန်းမာရေးကိုလည်း ဆုတ်ယုတ်စေပါတယ်။ အူထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ မညီမျှရင်၊ အူကျန်းမာရေးပြဿနာတစ်ခုခုရှိရင်လည်းပဲ အသည်းအဆီဖုံးတာကို အားပေးပါတယ်။

 

          အသည်းအဆီဖုံးတဲ့လက္ခဏာတွေ -

          အသည်းအဆီဖုံးတဲ့လက္ခဏာတွေ အများကြီး ရှိပါတယ်။

●        ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း

●        ဗိုက်ရဲ့ညာဘက်ခြမ်း (သို့) အလယ်လောက်မှာ အနည်းငယ်အောင့်ခြင်း (သို့) ပြည့်ခြင်း

●        AST, ALT စတဲ့ အသည်းအင်ဇိုင်းတွေ မြင့်တက်နေခြင်း

●        သွေးတွင်းအဆီ (Triglyceride) တက်နေခြင်း

          အသည်းအဆီဖုံးရာကနေပြီးတော့မှ အသည်းအဆီဖုံး ရောင်ရမ်းခြင်းအထိပါ ဖြစ်သွားရင်တော့ အောက်ပါလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

●        အစာစားချင်စိတ် မရှိခြင်း

●        ပျို့ခြင်း၊ အန်ခြင်း

●        အတော်အသင့် (သို့) အပြင်းအထန် ဗိုက်အောင့်ခြင်း

●        မျက်လုံးနှင့် အသားများဝါခြင်း

          အသည်းအဆီဖုံးတာကို ကုလို့ရတဲ့အဆင့်မှာ စောစောစီးစီး သိစေဖို့အတွက် ဆရာဝန်နဲ့ပြပြီး ပုံမှန်စစ်ဆေးမှုခံယူနေဖို့ လိုပါတယ်။

 

>>    အသည်းအဆီဖုံးတာကို ဝေးဝေးရှောင်နိုင်ဖို့အတွက် ဘယ်လိုစားသောက်ကြမလဲ?

          ကိုယ်အလေးချိန်ချခြင်း၊ ကစီဓာတ်လျှော့စားခြင်း စတာတွေ အပါအဝင် အသည်းအဆီဖုံးတာ မဖြစ်စေဖို့အတွက် လုပ်နိုင်တဲ့အရာတွေ အများကြီး ရှိပါတယ်။

♦        ကိုယ်အလေးချိန်က ရှိသင့်တာထက် ပိုများနေပြီ (သို့) အဝလွန်နေပြီဆိုရင် ကိုယ်အလေးချိန်ကို ချပါ၊ အလွန်အကျွံ မစားပါနဲ့။

♦        ကိုယ်အလေးချိန်ကို အစားအစာ တစ်မျိုးတည်းနဲ့ပဲချချ၊ လေ့ကျင့်ခန်း၊ ခွဲစိတ်မှုတွေပါ လုပ်ပြီးတော့ချလို့ပဲဖြစ်ဖြစ် ကိုယ်အလေးချိန် ကျသွားပြီဆိုရင်တော့ အသည်းထဲကအဆီတွေကို လျော့သွားစေပါတယ်။

♦        ကစီဓာတ် အထူးသဖြင့် အရမ်းဖြူနေအောင် လုပ်ထားတဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေကို အလွန်အကျွံ မစားပါနဲ့။

          ပုံမှန်အားဖြင့် ကြည့်ရင်တော့ အသည်းအဆီဖုံးနေတယ်ဆိုရင် အဆီကိုဖြတ်ရမယ်လို့ပဲ ထင်မှာပါ။ တကယ်တော့ ပိုနေတဲ့ကစီဓာတ်တွေကို အဆီအဖြစ် ပြောင်းပစ်လိုက်ပါတယ်။ ဒါက သကြားပါတဲ့အချိုရည်တွေ၊ ကစီဓာတ်တွေအစားများရင် အဖြစ်များပါတယ်။

          အသည်းထဲကအဆီတွေကို ကျဖို့အားပေးတဲ့ အစားအစာတွေကို စားပါ။

          အပေါ်က ပြောထားတာတွေကို ရှောင်ရုံသာမကဘဲ အသည်းအဆီအတွက် အရေးကြီးတဲ့ အစားအစာတွေကို စားပေးဖို့လည်း လိုပါတယ်။

●        Monosaturated fat - သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာသီးစတဲ့ ကောင်းတဲ့အဆီတွေ ပါဝင်တဲ့ အစားအစာတွေ စားပေးရင် အသည်းအဆီကို ကျစေပါတယ်။

●        လက်ဖက်စိမ်း - လက်ဖက်စိမ်းထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့်က အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါရှိသူတွေမှာ အသည်းအဆီနဲ့ ရောင်ရမ်းခြင်းတွေကို ကျစေပါတယ်။

●        ပျော်ဝင်နိုင်သောအဆီများ - ဒါတွေ စားပေးရင်လည်းပဲ အသည်းအဆီတွေ၊ အသည်းအင်ဇိုင်းတွေကို ကျစေပါတယ်။

          အသည်းအဆီတွေ ကျစေဖို့အတွက် လေ့ကျင့်ခန်းများ - ကိုယ်လက်လှုပ်ရှားမှုရှိတာကလည်း အသည်းထဲက အဆီတွေကို ကျစေဖို့အတွက် ထိရောက်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။ သက်လုံကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ၊ အလေးမ လေ့ကျင့်ခန်းတွေကလည်း အသည်းအဆီတွေကို ကျစေပါတယ်။ ပုံမှန်တော့လုပ်ပေးဖို့ လိုပါတယ်။

          အသည်းအဆီကျစေသော ဖြည့်စွက်ဆေးဝါးများ - သုတေသနတွေအရ တချို့သောဗီတာမင်တွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ အခြားသော ဖြည့်စွက်ဆေးဝါးတွေက အသ်ညးအဆီကိုကျစေပြီးတော့ အသည်းရောဂါတွေ ပိုမဆိုးလာအောင် ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း သေချာခိုင်မာအောင် သုတေသနတွေ ထပ်လုပ်ဖို့တော့ လိုပါသေးတယ်။ ပြီးတော့ ဒါတွေမသောက်ခင်မှာ ကိုယ့်ရဲ့ဆရာဝန်ကို သေချာမေးမြန်းဖို့လည်း အရေးကြီးပါသေးတယ်။

 

>>    Omega 3 Fatty Acids

          ဆယ်မွန်၊ ဆာဒင်း မာကယ် စတဲ့ ပင်လယ်ငါးတွေမှာ omega-3 ပါဝင်ပါတယ်။ လေ့လာမှုများစွာအရ omega-3 စားရင် (သို့) ဆေးသောက်ရင် အသည်းအဆီဖုံးနေတဲ့ ကလေးနဲ့လူကြီးတွေမှာ အသည်းကျန်းမာရေးကို ကောင်းလာစေဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ နေထိုင်မှုပုံစံတွေပါ ပြောင်းလိုက်မယ် ဆိုရင်တော့လည်း အကောင်းဆုံးပေါ့။

 

>>    မှတ်သားစရာ

          အသည်းအဆီဖုံးခြင်းကြောင့် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေပါတယ်။ ကံကောင်းတာက စောစောသိရင် ကုလို့ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားမယ်၊ ကိုယ်လက်လှုပ်ရှားလုပ်မယ်၊ လိုအပ်တဲ့ဆေးဝါးတွေကို စားမယ်ဆိုရင်တော့ အသည်းထဲက ပိုနေတဲ့အဆီတွေကို လျော့နည်းသွားစေပြီးတော့ ပိုဆိုးတဲ့ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)