/
node/6532

ရောဂါဆိုးနဲ့ ရင်ဆိုင်ရလည်း ဘယ်တော့မှ အရှုံးမပေးပါနဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ကျွန်မမှာ ဒီနှစ် အစောပိုင်းလောက်ကစပြီးတော့ ဘာအကြောင်းမှမရှိဘဲ ညိုမဲစွဲတာ၊ သွားဖုံးသွေးယိုတာ၊ တစ်နေ့လုံး နှာခေါင်းသွေးယိုနေတာနဲ့ တစ်ခုခုနဲ့ ထိရှမိပြီဆိုရင်လည်း အနာမကျက်တာတွေကို စပြီးသတိထားမိလာတယ်။

          ဘာရောဂါလည်းဆိုတာကို သေချာမသိရသေးဘဲနဲ့ ဆေးရုံမှာ သွားပြလိုက်၊ ပြန်လာလိုက်နဲ့ လတော်တော်ကြာမှ ကျွန်မမှာ သွေးရောဂါတစ်မျိုးဖြစ်တဲ့ aplastic anaemia ဖြစ်နေပြီဆိုတာကို သိခဲ့ရပါတယ်။ ဒါက သွေးမွှားနည်းတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ သွေးမတိတ်တာကိုလည်း ဖြစ်စေပါတယ်။ ဒီရောဂါ အသက်အန္တရာယ် ရှိစေနိုင်ပြီးတော့ တစ်ခါတလေဆိုရင် ဒီကနေပြီးတော့ သွေးကင်ဆာ ဖြစ်သွားနိုင်ပါတယ်။ ဒါက လူပေါင်း ၂၅၀၀၀ မှာ တစ်ယောက်ဖြစ်နိုင်ပြီးတော့ ကလေးငယ်တွေနဲ့ အသက် ၆၀ ကျော် လူကြီးတွေမှာ အဖြစ်များပါတယ်။ လူတိုင်းမှာတော့ ဖြစ်နိုင်ပါတယ်။

          ကံကောင်းတဲ့အချက်ကတော့ ကျွန်မရဲ့မောင်လေးရဲ့ ရိုးတွငး်ခြင်ဆီက ကျွန်မနဲ့ ကိုက်ညီတဲ့အတွက် ရိုးတွင်းခြင်ဆီ အစားထိုးပြီးတော့ အသက်ရှင်ဖို့ အခွင့်အရေးကို ရခဲ့ပါတယ်။

          ကျွန်မရဲ့ခြေထောက်တွေမှာ ညိုမဲတွေ စွဲလာတယ်၊ ပြီးတော့ သွေးထွက်ရင်လည်း မတိတ်တော့ဘူး။ အရေပြား အပေါ်ယံလေးကို ရှမိတာနဲ့ နာရီအနည်းငယ်ကြာအောင် မရပ်မနား သွေးထွက်နေတော့တာပါပဲ။

          တစ်နေ့မှာတော့ နှာခေါင်းသွေး တစ်နေ့လုံး ယိုနေပြီးတော့ မရပ်တော့ဘဲ အစားနိုင်၊ မသောက်နိုင်အထိ ဖြစ်သွားလို့ သွေးသွင်းရပါသေးတယ်။

          Aplastic anaemia ဆိုတာက ရိုးတွင်းခြင်ဆီတွေကနေပြီးတော့ သွေးဆဲလ်တွေ အလုံအလောက် မထုတ်ပေးနိုင်တော့တဲ့ ကြောက်စရာအခြေအနေတစ်ခုပါ။ ဒီမှာဆိုရင် သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမွှားအားလုံး ကျဆင်းလာပါတယ်။ သွေးနီဥက ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် ပို့ဆောင်ရေးအတွက် အရေးပါတဲ့အတွက်ကြောင့် သူတို့နည်းလာတဲ့အခါ ကြွက်သားတွေ အောက်ဆီဂျင် ပြတ်လတ်ပြီးတော့ လူက ပိုပြီးအားနည်း၊ နုံးချိလာပါတယ်။

          သွေးဖြူဥတွေကတော့ ခုခံအားစနစ်အတွက် အရေးပါပြီးတော့ သွေးမွှားတွေက ထိခိုက်ဒဏ်ရာရတဲ့အချိန်မှာ သွေးခဲဖို့အတွက် အထောက်အကူပြုပါတယ်။ ခုခံအားစနစ် အားနည်းသွားလို့ အပြင်စာ စားတာနဲ့ ရောဂါပိုး ဝင်လွယ်တယ်။ ဒီတော့ ကျွန်မက အခုဆိုရင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေဆိုရင် သေချာဆေးပြီးမှ စားလို့ရတယ်။

          ဆေးရုံမှာ တစ်လလောက် တက်ပြီးတော့ သွေးတွေ၊ သွေးမွှားတွေ ရာချီပြီး သွင်းပြီး အသက်ဆက်ခဲ့ရပါတယ်။ ပြီးတော့ ရိုးတွင်းခြင်ဆီအ စားထိုးဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ ပြင်းထန်တဲ့ဆေးသွင်းကုသမှုကို လုပ်ရပါတယ်။

          Aplastic anaemia ကို ရိုးတွင်းခြင်ဆီ အစားထိုးတဲ့နည်းလမ်းနဲ့ ကုသလို့ရပါတယ်။ ဒါက မွေးရာပါဖြစ်နိုင်သလို အချိန်မရွေးလည်း ဖြစ်လာနိုင်ပါတယ်။ ဒီကနေပြီးတော့ သွေးကင်ဆာအဖြစ်လည်း ပြောင်းသွားနိုင်ပါတယ်။

          ကျွန်မရဲ့ရောဂါ ပြင်းထန်လို့ ဆေးသွင်းပြီးတော့ အစားထိုးလိုက်တဲ့ ရိုးတွင်းခြင်ဆီကို လက်မခံတာ မဖြစ်ရလေအောင် စတီးရွိုက်တွေလည်း ထိုးရပါသေးတယ်။ ဆေးသွင်းကုသမှုမခံယူခင်မှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ မျိုးပွားခြင်းဆိုင်ရာပြဿနာတွေ၊ အမွေးကျွတ်တာတွေကို ပြောထားပေမယ့်လည်း ကံကောင်းစွာပဲ ဆိုးကျိုးတွေကို မခံစားခဲ့ရပါဘူး။ ဆေးသွင်းပြီး ရက်အနည်းငယ်ကြာမှာ ၉ ပေါင်တောင် တက်လာပါသေးတယ်။ အဲဒီအချိန်တွေကတော့ ကျွန်မအတွက် အရမ်းကို ခက်ခဲတဲ့အချိန်တွေပါ။ ဒါပေမဲ့လည်း အခုလို အသက်ရှင်နေရတာနဲ့စာရင်တော့လည်း မပြောပလောက်ပါဘူး။

          နောက်ထပ်ကုသမှုတွေ ထပ်မယူရဖို့တော့ မျှော်လင့်ပေမယ့် အတိအကျတော့ မပြောနိုင်ပါဘူး။ ကျွန်မ ပိုပြီးသန်မာလာသလို ခံစားရပြီးတော့ ရောဂါကို အနိုင်ရတဲ့သူဖြစ်လို့ ဝမ်းသာပါတယ်။ ကျွန်မ ကြိုးစားတိုက်ခိုက်ပြီး အနိုင်ရခဲ့တယ်။ ဒါက တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။

          ဒီရောဂါကြီးက နောက်တစ်ကြိမ် ထပ်လာနိုင်ပြီး ပိုဆိုးလာနိုင်တယ်ဆိုတာ သိပေမယ့် အားမလျှော့ပါဘူး။ ဆက်တိုက်ပြီး အနိုင်ယူဦးမှာပါ။

          ဒီတော့ ကျွန်မအကြောင်းလေးကို ဖတ်ပြီးတော့ ဒီလိုရောဂါဆိုးနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့သူတွေလည်းပဲ ခွန်အားတွေ ရစေချင်ပါတယ်။ ပြီးတော့ ဘယ်တော့မှ အရှုံးမပေးဘဲနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ အားပေးချင်ပါတယ်။ ဆက်ပြီး တိုက်ကြပါ။ ဒီရောဂါက ကိုယ့်ရဲ့ဘဝကို အနိုင် မယူသွားပါစေနဲ့။

Dr. Mya Myo Myo Swe (www.drmyanmar.com)