/
node/6613

အူကင်ဆာ မဖြစ်အောင် ကာကွယ်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      နေထိုင်စားသောက်မှုပုံစံ

        အူမကြီးကင်ဆာက နေထိုင်စားသောက်မှုပုံစံနဲ့သိသိသာသာကို ဆက်နွယ်နေပါတယ်။ စားသောက်မှုပုံစံနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ကောင်းအောင်ပြုပြင်ပြီးနောက်မှာ အူကင်ဆာ ဖြစ်နိုင်ချေကို ၇၅% လောက်ထိ ကျသွားစေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

>>    အစားအသောက်

        အဆီတွေ များပြီးတော့ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့ စားသောက်မှုပုံစံက အူကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ ဒါကြောင့် ပြည့်ဝဆီတွေပါဝင်တဲ့ အစားအစာတွေကို လျှော့ချပါ။ ကိတ်မုန့်၊ ဘီစကစ်၊ တခြားအချိုမုန့်တွေ၊ အဆီထုတ်မထားတဲ့ နို့နဲ့လုပ်ထားတဲ့စားစရာတွေကို လျှော့စားပါ။ အနီရောင်အသားကိုလည်း တစ်ပတ်ကို ၃-၄ ကြိမ်လောက်ပဲ စားသင့်ပါတယ်တဲံ။

          သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားတာက အမျှင်ဓာတ်ကြွယ်ဝသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ အင်တီအောက်ဆီးဒင့်တွေ အများကြီးပါဝင်တဲ့အတွက် အူကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ဟင်းသီးဟင်းရွက် ၅ ခွက်နဲ့ သစ်သီး ၂ လုံးစားပေးပါ။

 

>>    အရက်နဲ့ ဆေးလိပ်

          အရက် အလွန်အကျွံ သောက်သုံးတာက အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအချို့ ဖြစ်နိုင်ချေကို များစေတဲ့အတွက် ကျန်းမာရေးကောင်းစေဖို့ အရက်ကို လျှော့သောက်ပါ။

          ဆေးလိပ်လည် းအတူတူပါပဲ။ သုတေသနတွေအရ ဆေးလိပ်က အူကင်ဆာအပါအဝင် တခြားကင်ဆာအချို့ ဖြစ်နိုင်ချေကို များစေရုံသာမက အူကင်ဆာဖြစ်နေတဲ့သူတွေထဲမှာမှ ဆေးလိပ်သောက်တဲ့သူတွေက သေဆုံးနိုင်ချေ ပိုများပါတယ်။

 

>>    လေ့ကျင့်ခန်း

          မလှုပ်မရှားဘဲ နေတာကလည်း အူကင်ဆာဖြစ်နိုင်ချေကို များစေတဲ့အတွက်ကြောင့် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ ဒါက ကင်ဆာဖြစ်နို်င်ချေကို လျော့ကျစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

 

2.      ကြိုတင်စစ်ဆေးခြင်းများ

          အူကင်ဆာ အပါအဝင် ကင်ဆာအများစုက ပထမပိုင်းမှာ လက္ခဏာပြလေ့ မရှိတဲ့အတွက်ကြောင့် ပုံမှန်စစ်ဆေးမှုလုပ်နေဖို့ လိုပါတယ်။

 

>>    အူကင်ဆာအတွက် စစ်ဆေးခြင်းများ

          လူလတ်ပိုင်း အရွယ်လောက်အထိတော့ ပုံမှန်စစ်ဆေးနေဖို့ သိပ်မလိုပါဘူး။ အသက် ၅၀ ကျော်ပြီဆိုတာနဲ့ ၂ နှစ်တစ်ကြိမ်လောက် fetal occult blood လို့ခေါ်တဲ့ ဝမ်းထဲမှာ သွေးစ ပါ၊ မပါ စစ်ဆေးရတဲ့ စစ်ဆေးမှုကို လုပ်ပေးဖို့ လိုပါတယ်။

          တချို့ ကင်ဆာဖြစ်နိုင်ချေ များတဲ့သူတွေမှာတော့ အသက်ငယ်ငယ်ကတည်းက စစ်ကြည့်ဖို့ လိုနိုင်ပါတယ်။ ဒီတော့ ကိုယ့်မှာ အူကင်ဆာဖြစ်နိုင်ချေ များတယ်လို့ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

>>    Fecal occult blood test (၀မ်းထဲမှာ သွေးစ ပါ၊ မပါ စစ်ဆေးမှု)

          အူသိမ်ကင်ဆာတွေနဲ့ ကြာလာရင် ကင်ဆာအဖြစ် ပြောင်းသွားနိုင်တဲ့ အကြိတ်တွေကြောင့် အူထဲကို သွေးထွက်ပေမယ့်လည်း သွေးထွက်တာ နည်းတဲ့အတွက် သာမာန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။ ဒီလိုအခါမှာ ဒီစစ်ဆေးမှုကို လုပ်ဖို့လိုပါတယ်။

          ဒီစစ်ဆေးမှု လုပ်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ဝမ်းအနည်းငယ်ကို ဓာတ်ခဲခန်းထဲမှာ စစ်ဖို့လိုပါတယ်။ ဒီစစ်ဆေးမှုမှာ သွေးစတွေ့တယ်ဆိုရင် ဆရာဝန်က တခြားစစ်ဆေးမှုတွေလုပ်ဖို့ ညွှန်ပါလိမ့်မယ်။ အများအားဖြင့်တော့ အူမကြီးမှန်ပြောင်း ကြည့်ခိုင်းလေ့ရှိပါတယ်။ သွေးစတွေ့တိုင်းတတော့လည်း ကင်ဆာလို့ အတိအကျ မပြောနိုင်ပါဘူး။ တခြားဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေကိုလည်း သေချာစမ်းသပ်စစ်ဖို့ လိုပါတယ်။

 

>>    အူမကြီး မှန်ပြောင်းကြည့်ခြင်း

          အူမကြီးကို သေချာကြည့်နိုင်ဖို့အတွက် မှန်ပြောင်းကြည့်ဖို့ လိုပါတယ်။ အူမကြီး အတွင်းပိုင်းကို သေချာမြင်နိုင်ပြီးတော့ လိုအပ်ရင် အသားစ တစ်ခါတည်းယူပြီးတော့ ဓာတ်ခွဲခန်းပို့ စစ်ဆေးလို့ရပါတယ်။

 

>>    ပုံမှန်စစ်ဆေးခြင်းရဲ့အကျိုးကျေးဇူးများ

          ပုံမှန်စစ်ဆေးတာကတော့ ရောဂါကို စောစောသိ စောစောကုနိုင်မယ့် အကောင်းဆုံးနည်းလမ်းပါပဲ။ အူမကြီးကင်ဆာကို စောစောသိမယ်ဆိုရင် ကုသမှု အောင်မြင်နို်င်ချေက ၉၀% လောက် ရှိပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)