/
node/6627

နေရောင်ခြည်နဲ့ အရေပြားကင်ဆာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိတွေ့ခြင်းကြောင့်ဖြစ်တဲ့ အဆိုးရွားဆုံး ဆိုးကျိုးကတော့ အရေပြားကင်ဆာပါ။ နှစ်ကြာလာတာနဲ့အမျှ နေကြောင့် အသားအရေ ပျက်စီးတာ များလာပြီးတော့ အသက်ကြီးလာတာနဲ့အမျှ အရေပြားကင်ဆာ ဖြစ်နိုင်ချေတွေကလည်း ပိုပိုများလာပါတယ်။ အဖြစ်များတဲ့ အရေပြားကင်ဆာတွေကတော့ basal cell carcinoma, squamous cell carcinoma, malignant melanoma တို့ဖြစ်ကြပါတယ်။

 

>>    Basal cell carcinoma

          ဒီကင်ဆာအမျိုးအစားက နေကြောင့် ပျက်စီးနေတဲ့အရေပြားပေါ်မှာ ဖြစ်တာများပြီးတော့ နည်းနည်းလေး မြင့်တက်နေတဲ့ ပန်းရောင်အကွက်လေး ဖြစ်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ဘလိတ်ဓားနဲ့ ရိတ်တဲ့မုတ်ဆိတ်နေရာတွေမှာ ဒီကင်ဆာဖြစ်တာ များပါတယ်။ ဒီကင်ဆာက ဘေးကို မပျံ့ပေမယ့်လည်း အချိန်ကြာလာတဲ့အခါမှာ ပိုကြီးပြီးတော့ အောက်ကို ပိုနက်လာတတ်တဲ့အတွက် လျစ်လျူရှုမထားသင့်ပါဘူး။

 

>>    Squamous cell carcinoma (SCC)

        ဒါက နေနဲ့ထိတွေ့တဲ့နေရာတွေမှာဖြစ်သလို အပူလောင်တဲ့ အမာရွတ်တွေပေါ် (သို့) အရေပြားပေါ်က နာတာရှည်အနာတွေပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ တစ်ခါတလေတော့လည်း SCC က အကျိတ်တွေဆီကို ပျံ့သွားတတ်ပြီးတော့ ရှားပေမယ့် တခြားအင်္ဂါအစိတ်အပိုင်းတွေကိုလည်း ပျံ့နိုင်ပါတယ်။

 

>>    Malignant melanoma

          ဒါကတော့ အရမး်ကိုအန္တရာယ်များတဲ့ ကင်ဆာအမျိုးအစားဖြစ်ပြီးတော့ အရေပြား ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ နေရောင်လှုံလေ့ရှိတဲ့ အသက် ၁၈-၂၉ အရွယ် အမျိုးသမီးတွေမှာ အဖြစ်များလာနေပါတယ်။ ဒီကင်ဆာက အကျိတ်တွေနဲ့ ဦးနှောက်၊ အဆုတ်၊ အသည်း အပါအဝင် တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပျံ့နှံ့နိုင်ပါတယ်။ မိသားစုထဲမှာ ပုံမှန်မဟုတ်တဲ့မှဲ့တွေ၊ အရေပြားကင်ဆာ ဖြစ်ဖူးတဲ့ရာဇဝင်ရှိရင် ပိုအဖြစ်များပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)