/
node/6642

ကြမ်းပိုးပေးသော ဒုက္ခများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကြမ်းပိုးတွယ်ရင် စိတ်ညစ်ရတဲ့သူတွေရှိသလို ကြမ်းပိုးနဲ့ သူငယ်ချင်းဖြစ်နေသူတွေလည်း ရှိပါသတဲ့။ ကြမ်းပိုးတွေ အပြည့်နဲ့အတူနေပြီး ကြမ်းပိုးကို ဘေးမဲ့ပေးထားသူတွေ ရှိပါသတဲ့။

          " ကျွန်မ အဖေအိမ်ကို သွားလည်တိုင်း သူ့ရဲ့အကျႌဆက်ကြောင်းတွေ၊ မွေ့ရာတွေ ခေါင်းအုံးကြားတွေမှာ ကြမ်းပိုးတွေ အမြဲတွယ်နေတာ တွေ့ရတိုင်း ကျောချမ်းမိတယ် "

          စိတ်ပျက်လက်ပျက်နဲ့ ရင်ဖွင့်နေသူက ကြမ်းပိုးချစ်သူမောင်နှံရဲ့သမီးဖြစ်သူ အိမ်ထောင်သည်ပါ။

          " အမေနဲ့အဖေအိမ် သွားလည်တိုင်း ကြမ်းပိုးတွေ အမြဲမြင်ရတယ်။ ခုံကအစ ကြာကြာမထိုင်နိုင်ဘူး။ ည ကောင်းကောင်း မအိပ်နိုင်ဘူး။ မိဘအိမ်က ပြန်လာတိုင်း ကိုယ်တွေမှာ အဖီးအဖီးတွေ၊ အဖုအပိန့်တွေ ထလို့ "

          ကြမ်းပိုးတွေ ပျော်စံရာ မိဘအိမ်အတွက် ဘယ်လောက်ပဲ သန့်ရှင်းရေးလုပ်လုပ်၊ စောင်တွေ လျှော်ပေးပေး ကြမ်းပိုးသံသရာကို မဖြတ်နိုင်ပါဘူး။ ကြမ်းပိုးတွေ ဥတည်ရာ အမည်းကြောင်းလေးတွေက စောင်၊ ခေါင်းအုံးတိုင်းမှာ မင်းမူဆဲ ဖြစ်ပါတယ်။

          ပြန်လာတိုင်း သူမရဲ့အရေပြားမှာ အဖုအပိန့်တွေထပြီး ရက်ပေါင်းများစွာ တဗျင်းဗျင်းကုတ်ပြီးနောက်ပိုင်း အမေ့အိမ်ကိုတောင် မသွားချင်လောက်အောင် ခံစားခဲ့ရပါတယ်။

          အံ့သြစရာပါပဲ။ အမေနဲ့အဖေကတော့ လုံးဝအကိုက်မခံရ အဖုအပိန့်မထ တစ်သက်တာ ထာဝရ သာသာယာယာ ဖြစ်နေတာကို တွေ့ရပြန်တော့ ဘာလုပ်ရမှန်း မသိတော့ပါဘူး။

 

>>    ကြမ်းပိုးကိုက်ခံရတဲ့အခါ ...

●        အနီဖုလေးတွေ ထလာပါတယ်။ ထလာတဲ့နေရာကို ဆပ်ပြာနဲ့ရေနဲ့ သေချာဆေးကြောပါ။

●        စတီးရွိုက်ပါတဲ့ လိမ်းဆေးတစ်မျိုးမျိုး လိမ်းပါ။

●        အယားပျောက်သောက်ဆေး သောက်ပါ။

●        အရည်ကြည်ဖုတွေ ထ၊ နီပူ နာရောင်ဖြစ်ရင် ဆရာဝန် ပြသပါ။

●        လိုအပ်ရင် ပဋိဇီဝဆေး သောက်သုံးကုသဖို့ လိုတတ်ပါတယ်။

 

          ကံကောင်းတာ တစ်ခုက ကြမ်းပိုးတွေက ရောဂါမကူးတတ်ပါဘူးတဲ့။ သူတို့ကိုယ်မှာ ကြောက်စရာရောဂါပိုးတွေ မသယ်ဆောင်ထားပါဘူး။ မိမိကိုယ်နဲ့ ပတ်ဝန်းကျင်ကို  သေချာ သန့်ရှင်းစင်ကြယ်စွာ နေထိုင်တတ်ဖို့သာ လိုအပ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)