/
node/6758

အစားစားချင်စိတ်ကို ထိန်းမနိုင်သိမ်းမရဖြစ်စေသော အမှားများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာစားလိုစိတ်တွေပြင်းပြနေခြင်းဟာ  ကိုယ်အလေးခိျန်လျှော့ချဖို့ကြိုးစားနေသူတွေအတွက်တော့  အကြီးမားဆုံး ပြဿနာတစ်ရပ်ပါ။  အစားစားလိုစိတ်ကို မလွန်ဆန်နိုင်ခြင်းကြောင့်ပဲ ကိုယ်အလေးချိန်လျှော့ချဖို့ကို လက်တွေ့အကောင်အထည်မဖော်နိုင်ဘဲဖြစ်နေကြတာပါ။ ပိုဆိုးတာက မိမိကိုယ်ကိုအစားစားလိုစိတ်ပြင်းပြအောင် ကိုယ်တိုင်လုပ်မိနေတယ်ဆိုတာကို သတိမမူမိတာက ဆုံးဖြတ်ချက်ကိုယိမ်းယိုင်စေတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။  ဒါကြောင့် ဒီလိုအမှားတွေမလုပ်မိအောင် အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို ဂရုပြုထိန်းသိမ်းသင့်ပါတယ်နော်။

1. မနက်စာ မစားခြင်း  

မနက်စာမစားတဲ့သူတွေက အစားစားချင်စိတ်ပိုပြင်းပြတတ်ကြပါတယ်။ ပရိုတင်းဓာတ်ပါ၀င်မှုများတဲ့ အစားအသောက်တွေက ဆာလောင်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မနက်စာအနေနဲ့ ပရိုတင်းဓာတ်ကြွယ်၀တဲ့ ကြက်ဥပြုတ်နှစ်လုံး၊   အုတ်ဂျုံတစ်ခွက်ကို စားပေးသင့်ပါတယ်။

2.  အရသာကိုကြိုက်လွန်းအားကြီး၍ ထပ်တလဲလဲစားခြင်း

ကြိုက်လွန်ုးတဲ့အစားအစာကို စားချင်လွန်းလို့ စားလိုက်တာက ပြဿနာမရှိပေမယ့်  စိတ်အလိုကိုလိုက်ပြီး လိုက်ပွဲတွေထပ်ကာထပ်ကာယူမိနေရင်တော့ ကယ်လိုရီအများကြီး ခန္ဓာကိုယ်ထဲရောက်သွားမှာပါ။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းနေသူတွေအနေနဲ့ မိမိစားမယ့်အစားစာကို တစ်နေ့ဘယ်လောက်ပဲစားမယ်ဆိုပြီး သတ်မှတ်ချက်ထားကာ စနစ်တကျစားသုံးသင့်ပါတယ်။

3. ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာနဲ့ တွဲဖက်စားလေ့မရှိခြင်း 

မိမိနှစ်ခြိုက်တဲ့အစားအစာကိုချည်းသာစားနေမယ်ဆိုပါက ထပ်စားပြီးရင်းစားချင်စိတ်ဖြစ်နေမှာပါ။  ဒါကြောင့်  မိမိကြိုက်တဲ့အစားအစာနဲ့ ကျန်းမာရေးနဲ့ညီညွတ်စေမယ့်အစားအစာကို် တွဲဖက်စားတတ်တဲ့အကျင့်လုပ်ထားသင့်ပါတယ်။ ဥပမာဆိုရင် အကြော်တွေကို ဆော်လမွန်ငါးကင်၊ အရွက်သုပ်နဲ့တွဲဖက်စားတာမျိုး၊ ကြက်ကင်ကို ဟင်းသီးဟင်းရွက်၊ ချိစ်နဲ့တွဲဖက်စားတတ်တဲ့အကျင့် လုပ်ထားသင့်ပါတယ်။

4. အာရုံမပြောင်းလိုက်ခြင်း

အစာတစ်ခုကို အာသာပြင်းပြနေချိန်မှာ အာရုံလွှဲလိုက်ခြင်းမရှိဘဲ အစားစားချင်တဲ့အပေါ်မှာသာ အာရုံရောက်နေရင်လည်း ပြဿနာပါပဲ။ ဥပမာ - 15 မိနစ်လောက် လမ်းလျှောက်ပြီးအာရုံပြောင်းလိုက်တာက ချောကလတ်စားလိုစိတ်ပြင်းပြမှုကို လျော့ကျသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာကို အာရုံပြောင်းနိုင်အောင်လုပ်ပါ။

နောက်တစ်နည်းလုပ်နိုင်တာက တစ်ခုခုကို အစားထိုးစားသောက်လိုက်တာမျိုးပါ။ ဥပမာအနေနဲ့ဆိုရင် သွားရည်စာကြိုက်တတ်သူတွေအနေနဲ့ နေ့လည်နေ့ခင်းမှာ ကွတ်ကီးမုန့်တွေအစား ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းခါးတို့လို အစားအသောက်မျိုးတွေကို စားသောက်ခြင်းက  အာဟာရဓာတ်တွေရရှိစေတဲ့အပြင် တစ်ခုခုကိုစားချင်နေတာကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။

 

5. Social Media များကို သုံးခြင်း  

Facebook တို့ Instagram တို့လို လူမှုကွန်ယက်မျိုးတွေမှာ Food Blogger (သို့) စားသောက်ဆိုင် (သို့) သူငယ်ချင်းတွေတင်ထားတဲ့ အစားအသောက်ပုံတွေဟာ ကိုယ့်ရဲ့အစာစားချင်စိတ်ကိုလှုံ့ဆော်ပေးပြီး   ချက်ချင်းဆိုသလို၀ယ်စားချင်စိတ်၊ ကိုယ်တိုင်ပြင်စားလိုစိတ်တွေပေါ်စေပါတယ်။ ဒါကြောင့် ၀ိတ်လျှော့နေချိန်မှာ အစားအသောက်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာပြင်ဆင်ချက်ပြုတ်တဲ့ Videos တွေ၊ ပုံတွေ၊ စာတွေကလွဲလို့ ကျန်တာကို အာရုံမထားသင့်ပါဘူး။

6. ပျင်းရိစိတ်ကိုကုစားဖို့ တစ်တွတ်တွတ်စားခြင်း  

ပျင်းရိတာကြောင့်  တီဗွီကြည့်ရင်း မုန့်ကိုတစ်တွတ်တွတ်စားနေခြင်းကလည်း အကန့်အသတ်အတိုင်းအဆမရှိ စားမိစေတဲ့အပြင်  မုန့်ကုန်လို့ကုန်သွားမှန်းတောင်မသိလိုက်ဘဲ  နောက်ထပ်ဆက်စားလိုစိတ်က ကျန်နေတတ်ပြီး အိမ်မှာအသင့်၀ယ်ထားသမျှမုန့်တွေကို တစ်ခုပြီးတစ်ခုဆက်စားမိစေပါတယ်။ ဒါကြောင့် တီဗွီကြည့်ရင်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာသုံးရင်ပဲဖြစ်ဖြစ် အနားမှာ  အစားအသောက်တွေ ယူမထားသင့်ပါဘူး။

www.drmyanmar.com

(Unicode)











 





www.drmyanmar.com