ဆီးလမ်းကြောင်း ပိုး၀င်ခြင်းကို အမြန်ဆုံး သက်သာစေမယ့် အိမ်တွင်းကုထုံးများ
ယခုလို ပူပြင်းတဲ့ နွေရာသီမှာဆိုရင် ဆီးကျဉ်ခြင်း၊ ဆီးအောင့်ခြင်းများ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ ဆီးကျဉ်ခြင်း၊ ဆီးအောင့်ခြင်းကို အဓိကဖြစ်စေသော အကြောင်းရင်းမှာ ဆီးလမ်းကြောင်း ပိုး၀င်ခြင်း ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း ပိုး၀င်တတ်သူအများစုက ပိုးသတ်ဆေးများ မှီ၀ဲရမှာ ကြောက်တာကြောင့် ဆရာ၀န်နှင့် စနစ်တကျပြသဖို့ ငြင်းဆန်တတ်ကြပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့နော်။ ဆီးပိုး၀င်ခြင်းကို သဘာ၀နည်းလမ်းတွေနဲ့လည်း သက်သာအောင် ကုသနိုင်ပါတယ်။ ထိုအိမ်တွင်းနည်းလမ်းတွေက ဆီးကျဉ်ခြင်း၊ ဆီးအောင့်ခြင်းတို့ကို သက်သာစေမယ့်အပြင် ဆီးပိုး၀င်ခြင်းကိုလည်း လျင်မြန်စွာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
လွယ်ကူပြီး ငွေကုန်သက်သာတဲ့နည်းလမ်းလေးတွေဖြစ်တာကြောင့် ဆက်လက်ဖတ်ရှုကြည့်ကြပါဦး။
(၁) ရေအလုံအလောက် သောက်ပါ။
အရိုးရှင်းဆုံး နည်းလမ်းလေးတစ်ခုပါပဲ။ ရေလုံလောက်စွာသောက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆီးပိုး၀င်ခြင်းကို ဖြစ်စေသော ဘက်တီးရီးယားတွေကို ဆီးလမ်းကြောင်းကနေ စွန့်ထုတ်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။ လုံလောက်တဲ့ရေဓာတ်ကို ရရှိစေဖို့ တစ်ယောက်လျှင် ရေ ၆ ဖန်ခွက်ကနေ ၈ ခွက်ထိ သောက်သုံးပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ရောဂါရှိသူများ အနေနဲ့တော့ ရေများများ သောက်သုံးဖို့ မသင့်တာကြောင့် သတိထားသင့်ပါတယ်။
(၂) ဆီးမအောင့်ထားပါနှင့်။
ဆီးပိုး ၀င်နေသူများအနေဖြင့် ဆီးသွားတိုင်း နာကျင်နေတာကြောင့် ဆီးသွားဖို့ ၀န်လေးကြပါတယ်။ ဒါကြောင့် ဆီးမသွားဘဲ အောင့်ထားတတ်ကြပါတယ်။ တကယ်ကတော့ ဆီးကိုမအောင့်ထားသင့်ဘဲ ဆီးသွားလိုတဲ့အခါတိုင်း သွားပေးသင့်ပါတယ်။သို့မှသာ ဆီးလမ်းကြောင်းတစ်လျှောက်က ဘက်တီးရီးယားတွေကို ကိုယ်ခန္ဓာအပြင်ဘက်သို့ စွန့်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) ရေနွေးအိတ်ကပ်ပေးပါ။
ရေနွေးအိတ်ကပ်ခြင်းဖြင့် ဆီးပိုး၀င်ခြင်းကြောင့်ဖြစ်သော ဆီးကျဉ်ခြင်းနဲ့ ဆီးခုံတစ်၀ိုက်နာကျဉ်ခြင်းကို ခဏတာ သက်သာစေပါလိမ့်မယ်။ဒါပေမယ့် ရေနွေးကို တိုက်ရိုက်ကပ်ခြင်း၊ အချိန်အကြာကြီး ကပ်ခြင်းဖြင့် အရေပြားကို ထိခိုက်စေမှာဖြစ်လို့ သတိထားသင့်ပါတယ်။
(၄) အောက်ခံဘောင်းဘီကို သေချာစွာ ရွေးချယ်ပါ။
အလွန်တင်းကျပ်သော အတွင်းခံများကို ၀တ်ဆင်ခြင်းဖြင့် ဆီးလမ်းကြောင်းတစ်လျှောက် အစိုဓာတ် များပြားစေတာမို့ ဘက်တီးရီးယားများ ပေါက်ပွားဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဒါကြောင့်မို့ အတွင်းခံကို ပွပွချောင်ချောင်အနေအထား ၀တ်ဆင်သင့်ပြီး ဆီးခုံတစ်၀ိုက်ကို ခြောက်သွေ့သန့်စင်အောင်ထားဖို့ အရေးကြီးပါတယ်။
(၅) စားသောက်ပုံ
သင့်အစားအသောက်ပုံစံကလည်း ဆီးပိုး၀င်ခြင်းအပေါ် များစွာသက်ရောက်စေနိုင်ပါတယ်။ သင့်နေ့စဉ်အစားအစာထဲမှာ ဗီတာမင်စီ များစွာပါသော အစားအစာများကို ထည့်သွင်းစားခြင်းဖြင့် ဆီးပိုး၀င်ခြင်းကို လျင်မြန်စွာ သက်သာစေပါလိမ့်မယ်။ သင်ဟာ ဆီးလမ်းကြောင်း ပိုး၀င်ရောဂါရှိသူဖြစ်ပါက အောက်ပါအစားအစာများက သင့်ရောဂါကို ပိုဆိုးစေပါလိ်မ့်မယ်။ အပူအစပ်များ၊ ကော်ဖီနှင့် ကဖင်း ပါ၀င်သောအရည်များ၊ အရက်၊ ဘီယာ အထက်ပါအစားအသောက်များကို ရှောင်ကြဉ်ပြီး အမျှင်ဓာတ် ကြွယ်၀သော အစားအစာများကို ပိုမိုစားပေးသင့်ပါတယ်။ ပညာရှင်များရဲ့ လေ့လာချက်အရ Cranberry ဖျော်ရည်ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ဆီးပိုး၀င်ခြင်းကို သက်သာပျောက်ကင်းစေတယ်လို့ သိရပါတယ်။
>> ဆီးပိုး၀င်ခြင်းကို ဘယ်လို ကာကွယ်သင့်လဲ?
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ်ဆိုတဲ့ စကားလေးလိုပါပဲ။
● ရေချိုးပြီးချိန် သို့မဟုတ် အိမ်သာတက်ပြီးချိန်တိုင်း ဆီးလမ်းကြောင်းတစ်လျှောက်ကို ခြောက်သွေ့အောင် သုတ်သင်ပေးသင့်ပါတယ်။
● လက်နှင့် သုတ်သင်ဆေးကြောရာတွင်လည်း ဆီးလမ်းကြောင်းကနေ စအိုသို့ အရှေ့မှအနောက် အနေအထားအတိုင်းသာ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။
● သင့် အဖော်နဲ့ လိင်ဆက်ဆံပြီးသော အခါတိုင်းတွင်လည်း ချက်ချင်း ရေဖြင့် ဆေးကြောပေးခြင်းဖြင့် ဆီးလမ်းကြောင်းပိုး၀င်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
● ဗီတာမင်စီ အားဆေးများကို နေ့စဉ် မှီ၀ဲဖို့ နှင့် ရေကို လုံလောက်စွာ သောက်သုံးပေးဖို့လည်း မမေ့နဲ့ဦးနော်။
အထက်ပါ အိမ်တွင်းနည်းလမ်းလေးတွေကို အသုံးပြုနေပြီး တစ်ပတ်အတွင်း မသက်သာသေးလျှင် သော်လည်းကောင်း၊ အရင်ကထက် ပိုဆိုးလာလျှင် သော်လည်းကောင်း ဆရာ၀န်နှင့် အမြန်ဆုံး ပြသတိုင်ပင်ဖို့ မမေ့ပါနဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























