/
node/7035

ခါးနာခြင်းအတွက် ကုထုံးများနှင့် အိမ်တွင်းနည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရိုးရိုးသာမန်ခါးနာတာတွေက ပုံမှန်အလုပ်တွေကို ပြန်လုပ်ပြီး ၄ ပတ်လောက်ဆိုရင် ပြန်သက်သာသွားတတ်ပါတယ်။

          ဒီလိုမဟုတ်ဘဲနဲ့ ရက်သတ္တပတ် အတော်ကြာလို့မှ မသက်သာရင် (သို့) အချိန်ကြာလာတာနဲ့အမျှ ခါးနာတာလည်း ပိုဆိုးလာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

လခါးနာပြီးချိန်မှာ ပုံမှန်အတိုင်း ပြန်ပြီးလှုပ်ရှားပေးဖို့ လိုပါတယ်။ လမ်း ဖြည်းဖြည်းလျှောက်တာကလည်း သွေးစီးဆင်းမှုကို ကောင်းစေပြီးတော့ အနာကျက် မြန်စေပါတယ်။ လှုပ်ရှားမှုမရှိတဲ့အခါမှာ တောင့်တင်းပြီးတော့ ပိုနာစေကာ နောက်ကျောပြဿနာကို ပိုဆိုးစေပါတယ်။

          အကြောလျှော့ပေးတာက အထူးသဖြင့် ကြွက်သားတွေ တောင့်တင်းနေချိန်မှာ ကြွက်သားကို ပြေလျော့စေပါတယ်။

          ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံးလေးခံပြီး အိပ်တာကလည်း ညအိပ်တဲ့အခါမှာ ပိုပြီးသက်သောင့်သက်သာ ဖြစ်စေပါတယ်။

          အကိုက်အခဲပျောက်ဆေးများ - paracetamol, ibuprofen စတဲ့ဆေးတွေကလည်း ရောင်ရမ်းခြင်းနဲ့ ကိုက်ခဲခြင်းတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ကိုက်ခဲတာက လုံးဝကင်းစင်သွားမှာ မဟုတ်ပေမယ့်လည်း ပုံမှန်လှုပ်ရှားမှု အနည်းငယ်ကို ပြန်လည်လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ဆေးကို သောက်သင့်တဲ့ပမာဏပဲ သောက်ဖို့အရေးကြီးပါတယ်။

          အကိုက်အခဲပျောက် လိမ်းဆေးများ - လိမ်းဆေးအဆီ (သို့) အနှစ်ပုံစံနဲ့ လာလေ့ရှိပြီးတော့ နာကျင်တဲ့နေရာမှာ လိမ်းပေးလို့ရပါတယ်။

          ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးများ - နောက်ကျောနာတဲ့အခြေအနေပေါ် မူတည်ပြီးတော့ ဆရာဝန်က ပိုပြီးပြင်းတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ညွှန်နိုင်ပါတယ်။ muscle relaxants လို့ခေါ်တဲ့ ကြွက်သားပြေလျော့ဆေးတွေပါတဲ့ ဆေးတွေက ခါးနာတာကို သက်သာစေနိုင်တယ်ဆိုတဲ့ သက်သေပြချက်တော့ မရှိပါဘူး။ Oxycodone ဆိုတဲ့ဆေးကို ဆရာဝန်တွေက တစ်ခါတလေ ညွှန်နိုင်ပေမယ့် ဒီဆေးက ကြာကြာသောက်ရင် စွဲပြီးတော့ ဆေးလွန်တဲ့ဆိုးကျိုးလည်း ရှိနိုင်တဲ့အတွက်ကြောင့် ရေရှည်စွဲသောက်ဖို့ မသင့်တော်ပါဘူး။ codeine ကိုလည်း ခဏတာ သုံးနိုင်ပေမယ့် သူလည်း စွဲတတ်တဲ့အတွက်ကြောင့် ရေရှည်အတွက် မသင့်တော်ပါဘူး။

          ရေပူ (သို့) ရေခဲကပ်ခြင်း - အပူက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီးတော့ သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့အပြင် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကိုလည်း ပိုမိုရရှိစေပါတယ်။ အအေးကတော့ နာကျင်မှု ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ ဒဏ်ရာ စရပြီးချိန်မှာတော့ ရေခဲကပ်ရပါတယ်။

          လေ့ကျင့်ခန်း အစီအမံများ - အကြောအဆစ် ပြန်လည်သန်စွမ်းရေး ဆရာဝန်တွေက လှုပ်ရှားမှုကောင်းဖို့၊ နာကျင်ကိုက်ခဲမှှုတွေကို သက်သာစေဖို့၊ နောက်ထပ်ဒဏ်ရာ ထပ်မရစေဖို့နဲ့ ခါးနာတာကို ပြန်လည်ကောင်းမွန်စေဖို့အတွက် သင့်လျော်တဲ့လေ့ကျင့်ခန်းတွေ လုပ်စေပါလိမ့်မယ်။

          အစိုးရိမ်လွန်တာတွေ၊ မကောင်းတဲ့အတွေးတွေလည်း သိပ်မတွေးပါနဲ့။ စိတ်နဲ့ ကိုယ်နဲ့ကြားက ဆက်သွယ်မှုတွေက ရှုပ်ထွေးပါတယ်။ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေက ခါးနာတာကို ပိုဆိုးစေပါတယ်။

          အပ်စိုက်ကုသခြင်း - အပ်စိုက်တာက ခါးနာတာကို သက်သာစေတယ်ဆိုတဲ့ သက်သေပြချက်တော့ မရှိပေမယ့် ဒါက အန္တရာယ်တော့ မရှိနိုင်ပါဘူး။

          TENS လို့ခေါ်တဲ့ အာရုံကြောတွေကို ဗို့အားနည်း လျှပ်စီးကြောင်းလေးတွေ ပေးပြီးတော့ လှုံ့ဆော်ပေးတဲ့နည်းလည်း ရှိပေမယ့် သက်သေပြချက်တော့ မရှိသေးပါဘူး။

          နှိပ်နယ်ကုသခြင်းကြောင့် ခါးနာသက်သာစေတယ်ဆိုတာကို အခိုင်အမာ ပြသထားတာ မရှိပေမယ့်လည်း တချို့လူတွေမှာတော့ သက်သာရာရတာကို တွေ့ရပါတယ်။

          ယောဂကျင့်ခြင်း - ယောဂကျင့်တာကလည်း လှုပ်ရှားနိုင်မှုနဲ့ ကိုယ်နေဟန်ထားကို ကောင်းစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေနဲ့ တွဲလုပ်မယ်ဆိုရင် ခါးနာတာကို သက်သာစေပြီးတော့ အရိုးလုပ်ဆောင်ချက်ကိုလည်း ပိုကောင်းလာစေပါတယ်။

          ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်သော အစားအစာများ - တချို့အစားအစာတွေက ရောင်ရမ်းခြင်းကို ဖြစ်စေပြီးတော့ ခါးနာတာကို ပိုဆိုးစေပါတယ်။ ယေဘုယျအားဖြင့်တော့ အသင့်စား အစားအစာတွေက ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစားအစာတွေကတော့ omega-3 fatty acids (ငါးများတွင် တွေ့ရ)၊ အရောင်စုံတဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကနေရတဲ့ အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပါတယ်။

          အဆစ်ထဲကို ဆေးထိုးခြင်း  - သောက်ဆေးနဲ့ မသက်သာတဲ့အခါ ကျွမ်းကျင်တဲ့ ဆရာ၀န်တွေက ဆေးထိုးပေးလို့ ရပါတယ်။

          နောက်ကျော ခွဲစိတ်ကုသခြင်း - ကျောရိုးဆစ်မှာဖြစ်တဲ့ တချို့သောရောဂါတွေအတွက်တော့ ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။

 

>>    ကာကွယ်ခြင်း

          တချို့လူတွေမှာ ခါးနာခြင်းဟာ တစ်ခါ ခါးနာပျောက်သွားပေမယ့် နောက်တစ်ခါ ထပ်နာတတ်တဲ့အတွက် နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့ လိုပါတယ်။

          ကျွန်မတို့ ပစ္စည်းတွေ မတဲ့ပုံစံ၊ ထိုင်ခုံမှာထိုင်တဲ့ပုံစံ အပါအဝင် အသေးစား လုပ်ဆောင်မှုတွေအားလုံးက ခါးအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ပစ္စည်းတွေ မတဲ့အခါမှာ ခါးလိန်ပြီး မတာက ခါးနာတာကို အဖြစ်များစေတဲ့ အကြောင်းအရင်းပါ။ အထူးသဖြင့် ခါးကုန်းပြီး လုပ်ရတာများတဲ့ အိမ်အလုပ်တွေ၊ အပင်တွေ ပြုပြင်စိုက်ပျိုးတာတွေလုပ်တဲ့အခါမှာ သတိထားပါ။

 

>>    ခါးမနာစေဖို့အတွက် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းအချို့ကတော့ -

●        ကိုယ်အနေအထား မှန်ကန်စွာနေပါ။ ခါးကို မတ်နေအောင််ထားပါ။

●        လှုပ်ရှားမှုရှိပါစေ။ လမ်းလျှောက်၊ ရေကူးစတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာက ခါးကြွက်သားတွေကို သန်မာစေတဲ့အတွက် အရိုးကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်စေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အကွေးအဆန့်နဲ့ အားအင်တွေ ကောင်းစေပြီးတော့ နာကျင်မှု၊ တောင့်တင်းမှုတွေကို သက်သာစေကာ အရိုးကို ကာကွယ်ပေးပါတယ်။

●        နောက်ကျောကို သန်မာစေသောလေ့ကျင့်ခန်းများ - အကြောအဆစ် ပြန်လည်သန်စွမ်းရေး ဆရာဝန်တွေက သင့်တော်တဲ့လေ့ကျင့်ခန်းတွေကို လမ်းညွှန်ပေးပါလိမ့်မယ်။

●        ပစ္စည်းအလေးကြီးတွေ မ,မပါနဲ့။ ကိုယ့်အတွက် အရမ်းလေးလံတာတွေကို မ,မပါနဲ့။ ပစ္စည်းမတဲ့အခါမှာ ဒူးခေါင်းကို ကွေးပြီးတော့ မ,မခင်မှာ ဗိုက်က ကြွက်သားတွေကို ညှစ်ထားပါ။ မတဲ့အခါမှာ ခါးကိုလိန်ပြီး မ,မပါနဲ့။ ခါးကုန်းပြီး မ,မပါနဲ့။

●        ပစ္စည်းသယ်တဲ့အခါမှာလည်း မှန်မှန်ကန်ကန် သယ်တတ်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်တစ်ဖက်တည်းမှာ အလေးကြီး သယ်တာမျိုး မလုပ်ဘဲနဲ့ နှစ်ဖက်လုံး ညီမျှအောင် ဂရုစိုက်ပြီး သယ်ပါ။

●        စိတ်ဖိစီးမှုတွေကို ရှောင်ပါ။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကြောင့် သွေးကြောကျဉ်းစေခြင်း၊ ခန္ဓာကိုယ်တစ်သျှူးတွေဆီကို သွေးနဲ့ အောက်ဆီဂျင်စီးဆင်းမှုတွေကို နည်းစေတဲ့အတွက်  ကြွက်သားတွေကို တင်းစေပါတယ်။ ဒီအခါမှာ အညစ်အကြေးတွေ စုပုံစေပြီးတော့ ကြွက်သားတွေကို ညှစ်စေပါတယ်။ စိတ်ဖိစီးမှုတွေက အမြဲတမ်း ရှိနေတဲ့အခါမှာ ကြွက်သားတွေကို တင်းပြီးတော့ တိုစေပါတယ်။ လည်ပင်းနဲ့ နောက်ကျောတွေမှာ အဖြစ်များပါတယ်။

●        အကြောဆန့်ခြင်း - အကြောဆန့်တာက ကြွက်သားတင်းအားတွေကို ပြေစေပါတယ်။ ပေါင်မှာရှိတဲ့ ကြွက်သားတွေကို သေချာဆန့်ပေးခြင်းအားဖြင့် ခါးနာတာကို သက်သာစေနိုင်ပါတယ်။

●        ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်သောက်တာက နောက်ကျောကို သွေးစီးဆင်းမှုနဲ့ အာဟာရဓာတ်တွေ စီးဆင်းမှုကို လျော့နည်းစေတဲ့အတွက်ကြောင့် ခါးနာတာနဲ့ ဆက်စပ်နေပါတယ်။

●        ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပါ။ တချို့အစားအစာတွေက ရောင်ရမ်းခြင်းနဲ့ နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေနိုင်ပါတယ်။

●        ရေဓာတ် ပြည့်ဝအောင်နေပါ။ အသက်ကြီးလာတဲ့အခါမှာ အရိုးကြားက ချပ်ပြားလေးတွေမှာရှိတဲ့ ဂျယ်လေးတွေ ခမ်းခြောက်လာတတ်ပါတယ်။ ဒါကြောင့် ရေဓာတ် ပြည့်ဝအောင်နေခြင်းက ဒီလိုခမ်းခြောက်တဲ့ဖြစ်စဉ်ကို နှေးစေပါတယ်။

●        ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။ အဝလွန်ရင် လှုပ်ရှားရခက်ပြီးတော့ ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ပိုဖြစ်စေတဲ့အပြင် ရောင်ရမ်းခြင်းတွေကိုလည်း ဖြစ်စေပါတယ်။

●        ဒေါက်မြင့်ဖိနပ်တွေ မစီးပါနဲ့။ ဒေါက်မြင့်ဖိနပ်တွေက ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းကို ပြောင်းသွားစေပြီးတော့ ခါးပေါ်မှာ ဝန်ပိုပိစေပါတယ်။ ကောင်းကောင်း ထောက်ပံ့မှုမပေးနိုင်တဲ့ thongs, flipflops တွေကလည်း ခြေထောက်ရဲ့ပုံစံကို မထောက်ပံ့ပေးနိုင်တဲ့အတွက် ကိုယ်နေဟန်ထား မကောင်းစေပြီးတော့ ခါးနာစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)