ကိုယ်အလေးချိန် များနေပေမယ့်လည်း ဒီအချက်တွေရှိရင် ကျန်းမာပါတယ်
နေ့တိုင်း ပေါင်ချိန်စက်ပေါ် တက်ပြီးတော့ ကိုယ်အလေးချိန်များနေလို့ စိတ်ဓာတ်ကျနေပါသလား။ ကျန်းမာတယ်၊ မကျန်းမာဘူးဆိုတာက ပေါင်ချိန်စက်ပေါ်က ဂဏန်းလေးကိုပဲကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ စိတ်ရောကိုယ်ပါ ကျန်းမာတယ်လို့ပြောဖို့အတွက် တခြားအချက်တွေလည်း ရှိပါတယ်။ ဒီလိုအချက်တွေရှိရင် ကျန်းမာတယ်လို့ ပြောနိုင်ပါတယ်။
1. ခန္ဓာကိုယ်မှာရှိတဲ့ အဆီနဲ့အသား အချိုးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပမာဏအတွင်း ရှိတယ်။
BMI လို့ခေါ်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ပေါ် လိုက်ပြီးတော့ အဝလွန်၊ မလွန် တွက်ချက်ရာမှာ ဝတဲ့အထဲမှာ ပါနေပေမယ့်လည်း ကိုယ့်မှာ အဆီနဲ့ ကြွက်သားအချိုးက ကျန်းမာရေးနဲ့ ညီတဲ့အတွင်းမှာရှိရင် ကျန်းမာပါတယ်။
2. ရေများများသောက်တယ်။
တခြားအရည်တွေမပါဘဲ ရေတစ်မျိုးတည်းကိုပဲ လုံလောက်စွာ သောက်ပေးမယ်ဆိုရင် ဦးနှောက်၊ နှလုံး၊ အရေပြားတွေကို ကျန်းမာသန်စွမ်းစေရုံသာမကဘဲ ဇီဝကမ္မဖြစ်စဉ်ကိုလည်း ကောင်းစေပါတယ်။ အမျိုးသမီးတွေဆိုရင် တစ်နေ့ကို ရေ ၁၁ ခွက်နဲ့ အမျိုးသားတွေမှာ ၁၅ ခွက်လောက် သောက်သင့်ပါတယ်။
3. ဝမ်းပုံမှန်သွားတယ်။
ဝမ်းပုံမှန်သွားတာကလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
4. ရာသီပုံမှန်လာတယ်။
ရာသီလာချိန်တွေက 21-35 ရက်တွေကြားမှာ မရှိဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီးတော့ ဆွေးနွေးသင့်ပါတယ်။
5. ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးတယ်။
အစားအစာ အမျိုးမျိုးစားတယ်။ အပြင်စာတွေ တတ်နိုင်သလောက် ရှောင်တယ်၊ အချိုပွဲတွေကိုလည်း ပွဲတစ်ခုခုရှိမှ တစ်ခါတလေပဲ စားတာဆိုရင် ကျန်းမာရေးနဲ့ ညီပါတယ်။
6. ခံတွင်းကျန်းမာရေး ကောင်းတယ်။
သွားမတိုက်ဘဲနေတာ၊ သွားဆရာဝန်ဆီကို တစ်နှစ် ၂ ကြိမ် ပုံမှန်ပြပြီး စစ်ဆေးမှုမခံယူတာက သွားတစ်ခုတည်းကို ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးအတွက် မကောင်းပါဘူး။ သွားမှာတင်ကျန်တဲ့ သွားချေးတွေ၊ ပိုးတွေက သွေးထဲကို ရောက်ပြီးတော့ သွေးကြောတွေထဲမှာ အဖတ်တွေ ပိတ်နိုင်ပါတယ်။
7. လေ့ကျင့်ခန်း နေ့တိုင်းလုပ်တယ်။
8. ဦးနှောက်ကိုလည်း အလကားမထားဘဲ လေ့ကျင့်နေတယ်။
စာလုံးဆက်တဲ့၊ စာလုံးရှာတဲ့ ဂိမ်းတွေ၊ ဉာဏ်စမ်းတွေ Sudoku စတာတွေက ဦးနှောက်အတွက် ကောင်းပါတယ်။
9. ကျန်းမာရေးနဲ့အညီ အိပ်တယ်။
အိပ်ရာထဲကို ဖုန်းယူပြီး အိပ်တာက မကောင်းပါဘူး။ ကိုယ့်ရဲ့အသက်အရွယ်နဲ့ လှုပ်ရှားမှုပမာဏအပေါ် လိုက်ပြီးတော့ တစ်ညကို 7-9 နာရီလောက် အိပ်ဖို့လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























