/
node/7159

လည်ပင်းကြီးရောဂါ ဖြစ်နေပြီလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သင့်မှာ သိုင်းရွိုက်ကြောင့် လည်ပင်းအကြိတ်တွေ ရှိနေပြီဆိုတာနှင့် သိပ်ပြီး ကြောက်လန့်ဖို့တော့ မလိုပါဘူး။ လည်ပင်းကြီးရောဂါဆိုတာဟာ လည်ပင်းရှေ့တွင်ရှိသော လိပ်ပြာပုံစံ သိုင်းရွိုက် ဂလင်းငယ်လေး ကြီးထွားလာခြင်း ဖြစ်ပါသည်။

          သိုင်းရွိုက်ကြီးခြင်းသည် ပုံမှန်အားဖြင့် ကြောက်စရာ မကောင်းပါဘူး။ အသက် ၄၀ ကျော် လူတွေရဲ့တစ်၀က်ဟာ သိုင်းရွိုက်ဂလင်း ကြီးတတ်ကြပါတယ်။ သိုင်းရွိုက်ကြီးပြီးနောက် နောက်ဆက်တွဲဆိုးကျိုးများ မရှိပါက စိုးရိမ်ဖို့ မလိုပါဘူး။ ဘယ်အချိန်မှာ လည်ပင်းကြီးရောဂါအတွက် ကုသမှုလိုမလဲဆိုတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁)    မိဘမျိုးရိုးတွင် သိုင်းရွိုက်ကင်ဆာရှိခြင်း

          မိဘနှင့် မောင်နှမများတွင် သိုင်းရွိုက်ကင်ဆာရှိပါက သို့မဟုတ် သင့်တွင ်အခြားကင်ဆာရောဂါရှိပါက သင့်လည်ပင်းက အလုံးကို သေချာစွာစစ်ဆေးသင့်ပါသည်။

          ဦးခေါင်းနှင့်လည်ပင်းကို ဓာတ်ကင်ဖူးသူများအနေဖြင့်လည်း သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ချေ များပါသည်။

 

(၂)    အလုံးမှာ အလွန်ကြီးနေခြင်း

          လည်ပင်းအကြိတ်မှာ အလွန်ကြီးမားလာပြီး အစာများပင် မျိုချမရသည်အထိ ဖြစ်ပါက သင့်အသံအိုးကိုပါ ထိခိုက်လာနိုင်ပါသည်။

 

(၃)    သိုင်းရွိုက်ဟော်မုန်းများနေခြင်း

          သင့်လည်ပင်းရှိအကြိတ်ဟာ သိုင်းရွိုက်ဟော်မုန်းများကို ပုံမှန်ပမာဏထက် ပိုထုတ်ပေးနေပါက သိုင်းရွိုက်ဟော်မုန်းလွန်ကဲမှု (Hyperthyroidism) ဖြစ်စေပြီး အောက်ပါလက္ခဏာများ ဖြစ်ပေါ်ပါမယ်။

●        နှလုံးတုန်မြန်ခြင်း

●        ညအိပ်မပျော်ခြင်း

●        အကြောင်းရင်းမရှိပဲ ၀ိတ်ကျခြင်း

●        ကြွက်သားအားနည်းခြင်း

●        ဂဏှာမငြိမ်ဖြစ်ခြင်း

          ထိုအခါမျိုးတွင် သမားတော်နှင့် တိုင်ပင်ဆွေးနွေးဖို့ လိုပါသည်။

 

(၄)    လည်ပင်းအကြိတ်က အမြင်ဆိုးစေသောအခါ

          တခါတရံမှာ လည်ပင်းကြီးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေသော်လည်း ကြည့်ရဆိုးစေတတ်ပါသည်။ ထိုအခါ ဆရာ၀န်နှင့် တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါသည်။

          သိုင်းရွိုက်ကြီးခြင်းကို အာထရာဆောင်းရိုက်ကြည့်ပြီး သံသယရှိပါက အသားစယူပြီး စစ်ဆေးသင့်ပါသည်။ သိုင်းရွိုက်ကြီးခြင်း၏ ၅ ရာနှုန်းလောက်သာ ကင်ဆာဖြစ်နိုင်တာမို့ တအားတော့ မထိတ်လန့်ပါနှင့်။ သို့သော် သတိဆိုတာ ပိုသည်မရှိတာမို့ သိုင်းရွိုက်ကြီးခြင်း ခံစားနေရပါက ဆရာ၀န်နှင့် ပုံမှန်စစ်ဆေးသင့်ကြောင်း တင်ပြလိုက်ပါသည်။

Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)