/
node/7442

ကြွက်နို့တွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းကောင်းများနှင့် ကာကွယ်နည်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကြွက်နို့တွေဟာ ကြည့်ရဆိုးစေတဲ့အပြင် ယားယံခြင်းနှင့် နာကျင်ခြင်းကိုပါ ဖြစ်စေတာမို့ စိတ်ပျက်စရာကောင်းလှတာ အမှန်ပါပဲ။ ကြွက်နို့ပေါက်လေ့ရှိသူများ အနေဖြင့် မကြာခဏ ပြန်ပေါက်တတ်တာမို့ အမြဲဂရုစိုက်နေမှ တော်ကာကျပါတယ်။ ယခုဖော်ပြပေးမယ့်ဆောင်းပါးမှာတော့ ကြွက်နို့မပေါက်အောင် ကာကွယ်နည်းများနှင့် ကြွက်နို့ပေါက်နေသူများအတွက် အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းကောင်းလေးများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

>>    ကြွက်နို့များကို အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းကောင်းများ

●        ကြွက်နို့ကို ကုသပါ။

          ကိုယ်ခံအားကောင်းနေသူများ အနေဖြင့် ကြွက်နို့ မြန်မြန်ပျောက်စေဖို့ အားသာချက်ရှိသော်လည်း အလုပ်ပင်ပန်းသူများ၊ အာဟာရပြည့်၀စွာ မစားသူများ၊ အိပ်ရေးပျက်သူများစသော ကိုယ်ခံအားနည်းနေသည့်သူများ အနေနဲ့မူ အနာကျက်နှုန်း နှေးတတ်ပါတယ်။ ဒါကြောင့် ကြွက်နို့ကို ဒီအတိုင်းထားမည့်အစား မြန်မြန်ပျောက်ကင်းဖို့အတွက် ကုသသင့်ပါတယ်။ ကုသနည်းများကို အရေပြားဆရာ၀န်များက အောက်ပါအတိုင်း ညွှန်ကြားထားပါတယ်။

 

●        အနာကို ဖုံးအုပ်ပါ/ ကြွက်နို့ ကိုင်ထားသော လက်ကို ချက်ချင်းဆေးကြောပါ။

          ကြွက်နို့ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို ကိုယ်ခန္ဓာရဲ့ နောက်တစ်နေရာဆီသို့ မပျံ့နှံ့စေဖို့ဖြစ်ပါတယ်။ အခြားသူတစ်ဦးထံ မကူးစက်နိုင်အောင်ဆိုရင်လည်း မမှားပါဘူး။

 

●        ကြွက်နို့တစ်၀ိုက်ရှိ အမွေးအမျှင်များကို မရိတ်ပါနှင့်။

          အမွေးရိတ်သောအခါ အနီးအနားရှိ အရေပြားကို စုတ်ပြဲစေပါတယ်။ ဒါကြောင့် ကြွက်နို့ပေါ်ရှိ အရေပြားကို စုတ်ပြဲစေပြီး အနာကို ပိုဆိုးစေနိုင်ပါတယ်။ ထို့ပြင် ဗိုင်းရပ်စ်များကို ပိုပျံ့စေပြီး နောက်ထပ် ကြွက်နို့အသစ်တွေ ပွားလာစေနိုင်ပါသေးတယ်။

 

>>    ကြွက်နို့မဖြစ်ပေါ်အောင် ကာကွယ်နည်းများ

●        သူများတွင် ကြွက်နို့ပေါက်နေပါက ကိုင်ခြင်းထိခြင်း ရှောင်ကြဉ်ပါ။

          ကြွက်နို့ဗိုင်းရပ်စ်ဟာ ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် သူတပါး ကြွက်နို့များကို ညှစ်ပေးခြင်း ထိတွေ့ခြင်း ပြုလုပ်ပါက သင့်ကို ကူးစက်စေနိုင်ပါတယ်။

 

●        မျက်နှာသုတ်ပဝါ၊ လက်သည်းညှပ်၊ ခြေအိတ်၊ မုတ်ဆိတ်ရိပ်ဓား စသည်တို့ကို မိမိတစ်ဦးတည်း သီးသန့်သုံးစွဲပါ။

          ကြွက်နို့ဟာ ကူးစက်စေတတ်တာမို့ မိသားစု၀င်တစ်ယောက်မှာ ကြွက်နို့ဖြစ်နေပါက အသုံးအဆောင်ပစ္စည်းများ တူတူသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

 

●        လက်ကို မကြာခဏ ဆေးကြောပါ။

          သင့်အနီးအနားမှာ ကြွက်နို့ဗိုင်းရပ်စ် ရှိနေနိုင်တာမို့ အများသုံးပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးသင့်ပါတယ်။

 

●        အသားအရေကို မခြောက်သွေ့ပါစေနှင့်။

          အရေပြား ခြောက်သွေ့အက်ကွဲခြင်းက ကြွက်နို့ အလွယ်တကူဖြစ်ဖို့ အားပေးပါတယ်။ဒါကြောင့် အရေပြား အစိုဓာတ်ရစေမယ့် လိုးရှင်းတစ်မျိုးမျိုး နေ့စဉ်လိမ်းဖို့ မမေ့နဲ့နော်။

 

●        လက်သည်းကိုက်ခြင်းကို ရှောင်ကြဉ်ပါ။

          လက်သည်းကိုက်ခြင်းဖြင့် အရေပြားပြဲရှရာမှ ကြွက်နို့ပိုးကို အလွယ်တကူ ၀င်ရောက်စေနိုင်ပါတယ်။

 

●        ရေကူးကန်၊ အများသုံး ရေချိုးခန်းများနှင့် ကမ်းခြေစသော စိုစွတ်သည့်နေရာများကို သွားပါက ခြေညှပ်ဖိနပ်များကို စီးထားခြင်းဖြင့် သင့်ခြေထောက်တစ်၀ိုက်တွင် ကြွက်နို့ပေါက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

 

          ကြွက်နို့ဖြစ်စေသော Human Papilloma Virusဟာ စိုစွတ်သောနေရာများတွင် ပိုမိုပေါက်ဖွားလွယ်ပါတယ်။ ဒါကြောင့် စိုစွတ်စေသောနေရာများတွင် ဖိနပ်စီးထားခြင်းဖြင့် ကြွက်နို့မဖြစ်အောင် ကာကွယ်သင့်ပါတယ်။

          ကြွက်နို့ပေါက်စရှိသူများအနေဖြင့် ကြွက်နို့အသစ်များ ထပ်မံဖြစ်ပေါ်နိုင်တာမို့ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပေးသင့်ပါတယ်။ ကြွက်နို့များကို ဆေးမြီးတိုများဖြင့် ကုသမယ့်အစား အထက်ပါနည်းများဖြင့် စနစ်တကျ ကုသပေးသင့်တယ်နော်။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ကြဖို့လည်း မမေ့့ကြနဲ့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)