ငါးအစိမ်း စားမိတာ လက်ပါ ပုပ်သွားသတဲ့
ငါးအစိမ်း စားတာ နေမကောင်း ဖြစ်စေနိုင်သလား? မသန့်တဲ့ ငါးအစိမ်းစားမိတဲ့ လူတစ်ယောက်ကတော့ လက်ပါ ပုပ်သွားသတဲ့။
ငါးအစိမ်း စားမိရုံနဲ့ ဖျားနာစေသလား? လူတစ်ယောက်ဟာ ပင်လယ်စာအစိမ်းစားပြီး ၁၂ နာရီအကြာမှာ ဖျားပြီး ဘယ်ဘက်လက်ကြီး မခံမရပ်နိုင်လောက်အောင် နာလာတယ်တဲ့။ ၂ ရက်လောက်အကြာမှာ ဘယ်ဘက်လက်ဖဝါးမှာ ၃.၅ စင်တီမီတာကနေ ၄.၅ စင်တီမီတာရှိတဲ့ ခရမ်းရောင် ပူစီဖောင်းကြီး ထလာလို့ အရေးပေါ်ကို ရောက်လာပါတော့တယ်။ လက်ခုံနဲ့ လက်ဖျံတွေပါ ရောင်ရမ်းပြီး အရောင်ပြောင်းနေတတ်တယ်။
ပင်လယ်စာ အစိမ်းစားမိပြီး အသားစား ဘက်တီးရီးယားပိုး ဝင်သွားတာကြောင့်ပါပဲ။
>> အသားစိမ်း ငါးစိမ်းစားတာကြောင့် ဖျားနာတတ်သလား?
တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။
ဒီအသက် ၇၁ နှစ်အရွယ်ရှိတဲ့ လူဟာ အသားစားတဲ့ ဘက်တီးရီးယား vibrio vulnificusပိုး ဝင်သွားတာကြောင့် ဖြစ်သွားတာပါ။
သူ့အသက်ကို ကယ်ဖို့အတွက် အရည်ကြည်ဖုကို ချက်ချင်း အရေးပေါ်ခွဲထုတ်လိုက်ရတယ်။ ဆီးချို၊ သွေးတိုးနဲ့ ကျောက်ကပ် ပျက်စီးနေတာတွေကြောင့်လည်း ပိုဆိုးသွားပါတယ်။
ခွဲပြီးနောက်ပိုင်းမှာ ပိုးသတ်ဆေးပေးထားပေမယ့် တဖြည်းဖြည်းနဲ့ အသားတွေကြေပြီး အနာ ဖြစ်သွားတယ်။ ၂၅ ရက်လောက် အကြာမှာတော့ ဘယ်ဘက်လက်ကို ဖြတ်လိုက်ရုံမှအပ တခြားနည်း မရှိတော့ဘူး။
>> Vibrio Vulnificus ဘက်တီးရီးယားရဲ့ ဘေးအန္တရာယ်တွေကတော့ -
Vibrio vulnificus ဘက်တီးရီးယားပိုးကို အသားစား ဘက်တီးရီးယားပိုးလု့ိခေါ်ပြီး ပင်လယ်စာအစိမ်းတွေ၊ မကျက်တကျက်တွေကနေ ဝင်လေ့ရှိတယ်။ မသန့်တဲ့ ပင်လယ်ရေတွေကနေတစ်ဆင့်လည်း ဝင်တတ်တယ်။ အနာဟောင်းလောင်းကြီးနဲ့ ပင်လယ်ရေထဲ ရေကူးရင်လည်း ဝင်တတ်သေးတယ်။
အရေပြားပိုးဝင်တာ၊ သွေးဆိပ်တက်တာတွေတောင် ဖြစ်နိုင်တယ်။
နာတာရှည်အသည်းရောဂါနဲ့ ကင်ဆာရောဂါလိုမျိုး ခုခံအားကျစေတဲ့ရောဂါတွေကြောင့် ပိုးဝင်နှုန်းနဲ့ နောက်ဆက်တွဲရောဂါတွေ ပိုဆိုးစေတတ်တယ်။
>> Vibrio vulnificus ပိုးဝင်တဲ့ လက္ခဏာတွေကတော့ -
● ဆိုးဆိုးရွားရွား ဖျားနာတာ
● ဝမ်း အရည်လျှောတာ၊ အစာအိမ်အောင့်တာ၊ ပျို့တာ၊ အန်တာ၊ ဖျားတာ
● အနာဟောင်းလောင်းကို ဆားရေနဲ့ ထိတွေ့မိပြီးနောက် အရေပြားအနာဖြစ်တာ
● သွေးဆိပ်တက်တာကြောင့် ဖျားနာတာ၊ ချမ်းတုန်တာ၊ သွေးပေါင်အရမ်းကျတာ၊ အရေပြားမှာ အရည်ကြည်ဖုတွေပေါက်တာ၊ တစ်ခါတလေ အသက်သေဆုံးသည်အထိကို ဖြစ်နိုင်ပါတယ်။
>> ဒီလိုပိုးတွေ မဝင်ရအောင် -
● ကမာကောင်လိုမျိုး အခွံမာပင်လယ်စာတွေကို မစားခင် ကျက်အောင်ချက်ပါ။
● ဆိုင်ကနေ ဆူရှီမှာစားရင်လည်း စိတ်ချရတဲ့ စားသောက်ဆိုင်မှာ မှာစားပါ။
● ပင်လယ်စာတွေကို ရေခဲသေတ္တာထဲမှာ ကောင်းကောင်း ထည့်သိမ်းပါ။ ပင်လယ်စာတွေကို ၂ နာရီထက်ပိုအောင် အပြင်မှာ မထားပါနဲ့။
● အနာရှိနေတဲ့အချိန်မှာ ဆားရေနဲ့ ဝေးဝေးနေပါ။ တကယ်လို့ ဆားရည်နဲ့ တွေ့ရမယ်ဆိုရင်တောင် ရေစိုခံပတ်တီးနဲ့ ပတ်ပေးထားပါ။
● ဆားရည်နဲ့ ထိတွေ့ပြီးရင်လည်း ဆပ်ပြာနဲ့ ရေနဲ့ သေချာပြန်ဆေးပေးပါ။
● အရေပြား ပိုးဝင်နေတုန်း ဆားရေတွေ၊ ပင်လယ်စာအရည်တွေနဲ့ ထိတွေ့မိရင် ဆရာဝန်နဲ့ ပြဖို့လိုတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























