မျက်ကြည်လွှာ လှူတယ်ဆိုတာ ...
အလှူတွေထဲမှာ အမြင့်မြတ်ဆုံးသော အလှူတစ်မျိုးကတော့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းကို လှူဒါန်းတာပါပဲ။ ဒီလိုမြင့်မြတ်တဲ့အလှူဒါနမျိုးကို လုပ်ချင်ကြတဲ့ စေတနာရှင်တွေအတွက် မျက်ကြည်လွှာ လှူဒါန်းတော့မယ်ဆိုရင် လိုအပ်တဲ့အချက်အလက်လေးတွေကို ပြောပြပေးပါ့မယ်နော်။
၁။ မျက်ကြည်လွှာ လှူဒါန်းတယ်ဆိုတာ ဘာလဲ?
ကမ်ဘာကြီးကို မြင်ရဖို့၊ အမြင်အာရုံကောင်းနေဖို့ အရေးကြီးပါတယ်။ တစ်ပါးသူအတွက် မျက်စိနှစ်ကွင်း အလင်းပေးတာမို့ လူတစ်ယောက် သေဆုံးပြီးနောက်မှာ မျက်ကြည်လွှာလှူဒါန်းခြင်းဟာ အင်မတန်ကို မြင့်မြတ်တဲ့ အလုပ်တစ်ခုပါ။
၂။ ဘယ်သူတွေ လှူဒါန်းနိုင်သလဲ?
လူတိုင်း လှူဒါန်းနိုင်ပါတယ်။ ကလေးလေးကစပြီး သက်ကြီးရွယ်အိုတွေအထိပေါ့။ ဒီလိုလှူဒါန်းဖို့ လုပ်ရမှာကလည်း မျက်စိဆေးရုံမှာ သွားစားရင်းပေးရုံပါပဲ။
၃။ လှူဒါန်းလို့မရတဲ့လူတွေက ဘယ်သူတွေလဲ?
မေးခိုင်ပိုးရှိသူတွေ၊ အေအိုင်ဒီအက်စ်ရောဂါ၊ ဆစ်ဖလစ်ကာလသားရောဂါနဲ့ သွေးမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါရှိသူတွေမှာ လှူဒါန်းလို့မရနိုင်ပါဘူး။ ခွေးရူးရောဂါတို့၊ တစ်ခါကူးစက်ရောဂါတို့ကြောင့် သေဆုံးခဲ့ရင်လည်း မလှူဒါန်းနိုင်ပါဘူးနော်။
၄။ ဘာကြောင့် မျက်စိလှူဒါန်းခြင်းက အရေးကြီးရတာလဲ?
သေဆုံးပြီးနောက်မှာတောင် ကိုယ့်ကြောင့် တစ်ပါးသူ အမြင်အာရုံအလင်း ရရတယ်ဆိုတာ အင်မတန်ကောင်းတဲ့ အလုပ်တစ်ခုပါ။ မျက်ကြည်လွှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပြီး အမြင်အာရုံ ဆုံးရှုံးရသူတွေမှာ ကိုယ့်မျက်ကြည်လွှာကနေတစ်ဆင့် ပြင်ပကမ်ဘာကို ပြန်မြင်ရမှာပါ။ တစ်နည်းပြောရရင် လူသေသွားတာတောင်မှ ကိုယ့်မျက်လုံးက ကမ်ဘာကြီးမှာ ဆက်ပြီး အသက်ရှင်နေမှာပါ။
၅။ မျက်ကြည်လွှာလှူဒါန်းဖို့ ဘာတွေလိုအပ်မလဲ?
မျက်စိဆေးရုံမှာ သွားစာရင်းပေး၊ လက်မှတ်ထိုးရင် ရပါပြီ။
၆။ ဆီးချိုရောဂါသည်တွေနဲ့ ကင်ဆာလူနာတွေရော လှူလို့ရလား?
လှူနိုင်ပါတယ်။ မျက်မှန်တပ်ရသူတွေ၊ သွေးတိုးရောဂါရှိသူတွေလည်း လှူဒါန်းနိုင်ပါတယ်နော်။
၇။ မြင်လွှာရောဂါတွေ၊ မျက်စိအာရုံကြောရောဂါတွေကြောင့် အမြင်အာရုံ ဆုံးရှုံးနေရသူတွေရော လှူဒါန်းလို့ရသလား?
မျက်ကြည်လွှာသာ မပျက်စီးသေးရင် လှူဒါန်းလို့ရပါတယ်။ မြင်လွှာရောဂါတွေ၊ မျက်စိအာရုံကြောရောဂါကြောင့် နာတာရှည် အမြင်အာရုံ ဆုံးရှုံးနေပြီး မျက်ကြည်လွှာပါ ပျက်စီးနေပြီဆိုရင်တော့ မလှူနိုင်တော့ပါဘူး။
၈။ သက်ရှိထင်ရှား လူတစ်ယောက်ကရော လှူဒါန်းလို့ရသလား?
ဥပဒေစည်းမျဉ်းစည်းကမ်းတွေအရတော့ သက်ရှိထင်ရှား လူတစ်ယောက်ဆီက မျက်ကြည်လွှာကို လှူဒါန်းခွင့် မပြုပါဘူး။
၉။ ကာယကံရှင်က မသေဆုံးမီ လက်မှတ်မရေးထိုးခဲ့ရင် ဆွေမျိုးမိသားစုတွေက မျက်ကြည်လွှာ လှူဒါန်းစေလို့ရမလား?
ရပါတယ်။ သေဆုံးပြီးနောက် ဆွေမျိုးတွေက ဖောင်ဖြည့်လက်မှတ်ရေးထိုးပြီး လှူဒါန်းနိုင်ပါတယ်။
၁၀။ လှူဒါန်းဖို့အတွက် ငွေကုန်ကြေးကျများ ရှိသလား?
မရှိပါဘူး။ လှူဒါန်းတဲ့အတွက်လည်း ငွေကြေးတစ်စုံတစ်ရာ ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အင်မတန်မြင့်မြတ်ပြီး ငွေကြေးနဲ့ နှိုင်းမရတဲ့လှူဒါန်းမှုတစ်ခု ဖြစ်တာပေါ့။
၁၁။ အသုဘချရာမှာ နှောင့်နှေးမှု ဖြစ်လာနိုင်သလား?
မျက်ကြည်လွှာ ယူတဲ့အချိန်ဟာ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ပဲ ကြာတာမို့ နှောင့်နှေးမှု မဖြစ်စေနိုင်ပါဘူးနော်။
၁၂။ မျက်ကြည်လွှာလှူဒါန်းမှုမှာ ဘာသာရေးစွက်ဖက်မှုတွေ ရှိလာနိုင်သလား?
တချို့တွေက ဘာသာရေးက ကိုယ်အင်္ဂါလှူဒါန်းမှုကို အားမပေးမှာ ကြောက်တတ်ကြတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ကိုယ့်မျက်ကြည်လွှာကြောင့် လူတစ်ဖက်သားမှာ အမြင်အာရုံ ကြည်လင်အလင်းရပြီး ဘဝကြီး သာယာစိုပြေလာမယ့်အရေးဟာ ဘယ်ဘာသာမှာမဆို မတားဆီးသင့်တဲ့ အလှူတစ်ခုပါပဲ။
၁၃။ မျက်ကြည်လွှာ လက်ခံရရှိသူကရော လှူဒါန်းသူအကြောင်းကို သိမှာလား?
လှူဒါန်းသူရော၊ အလှူခံမိသားစုတို့ပါ အချင်းချင်း သိနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာတွေ မပေါက်ကြားရအောင် အထူးကြပ်မတ် ဆောင်ရွက်ပေးထားကြပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























