/
node/7813

ယခုလို မိုးတွင်းကာလတွင် ကောင်းစွာ ဆေးကြောပြီးမှ စားသင့်သော ဟင်းသီးဟင်းရွက် (၅) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          " အောင်မလေး ... ဘာကောင်ကြီးလဲ "

          မိုးတွင်းဆိုတော့ ကိုယ်ခံအားကောင်းအောင် အသီးအရွက်လေး စားရဦးမယ် ဆိုပေမယ့် စားနေရင်း ဒီလို အကောင်ပလောင်တွေ ထွက်လာတာ၊ အစားအစာကနေ ရောဂါဖြစ်တာတွေတော့ ဘယ်သူမှ ဖြစ်ချင်မှာ မဟုတ်ပါဘူး

          မိုးရာသီဟာ အပူလျော့နည်းတဲ့ကာလဖြစ််ပြီး ရိုမန်တစ်ဆန်သူတွေ သဘောကျကြတဲ့ ကာလတစ်ခုပါပဲ။ ဒါပေမဲ့ မိုးတွင်းဟာ ကျန်းမာရေးအတွက် အထူးဂရုပြုရမယ့်ကာလဆိုရင်လည်း မမှားပါဘူး။

 

(၁)     အစိမ်းရောင်အရွက်များ

          လေ့လာချက်များအရ အစိမ်းရောင်အရွက်များဟာ မိုးတွင်းကာလမှာ ဘက်တီးရီးယားများ ပေါက်ပွားဖို့ လွယ်ကူကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် မိုးရာသီမှာ အစိမ်းရောင်ဟင်းရွက်များကို မစားဖို့တောင် အကြံပေးကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက်လည်း လိုအပ်တဲ့အတွက် ဟင်းသီးဟင်းရွက်ဆေးရည်/ ဆားရည်တို့ဖြင့် ကောင်းစွာ ဆေးကြောပြီးမှ စားဖို့ သတိပြုပါ။

 

(၂)     ဂေါ်ဖီထုပ်

          နောက်တစ်မျိုးကတော့ ဂေါ်ဖီထုပ်ပါ။ ဂေါ်ဖီထုပ်မှာ အလွှာများစွာ ပါတာမို့ ဘက်တီးရီးယားများနဲ့ ပိုးကောင်ငယ်များ ခိုအောင်းနေနိုင်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း ဟင်းသီးဟင်းရွက်ဆေးရည်/ ဆားရည််ဖြင့် သေချာဆေးကြောပြီးမှ စားသင့်ပါတယ်။

 

(၃)     ပဲပင်ပေါက်

          ပဲပင်ပေါက်ဟာ ကျန်းမာရေးနှင့် အညီညွတ်ဆုံး အစားအစာတွင် ပါဝင်ပါတယ်။ သို့ပေမယ့် မိုးရာသီမှာတော့ ပဲပင်ပေါက်များတွင် ရောဂါပိုးများ ခိုကပ်နေထိုင်တတ်ပါတယ်။ ဒါကြောင့် မစားခင် သေချာဆေးကြောပြီးမှ ကြော်လှော်စားပေးပါ။

 

(၄)     ပန်းဂေါ်ဖီစိမ်း

          ပန်းဂေါ်ဖီ အဖြူ၊ အစိမ်းများဟာ လူကြိုက်များသော ဟင်းသီးဟင်းရွက်တစ်မျိုးဆို မမှားပါဘူး။ သို့ပေမယ့် ရောဂါပိုးများ ရှိနိုင်တာမို့ ရေနွေးနဲ့ ဆေးကြောပြီးမှသာ ချက်ပြုတ်စားသင့်ပါတယ်။

 

(၅)     သခွားသီး

          သခွားသီးဟာ အသုပ်အမျိုးမျိုးအတွက် မရှိမဖြစ်ပါ။ ကျန်းမာရေးနှင့်လည်း ညီညွတ်တဲ့အစာတစ်မျိုး ဖြစ်ပါတယ်။ သခွားသီးအခွံဟာ ပိုးမွှားတွေ ဝင်ရောက်ဖို့ လွယ်ကူတာမို့ မစားမီမှာ အခွံခွာပြီး အပေါ်ယံမျက်နှာပြင်ကို ကောင်းစွာဆေးကြောပြီးမှ စားသုံးဖို့ မမေ့ပါနဲ့။

          အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးနှင့် ညီညွတ်တာ မှန်သော်ငြားလည်း မိုးတွင်းကာလမှာတော့ အထက်မှာဖော်ပြသွားသလို ရေနွေး၊ ဟင်းရွက်ဆေးဆပ်ပြာ၊ ဆားရည်တို့ဖြင့် ဆေးကြောပေးပြီးမှ စားဖို့ မမေ့နဲ့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)