အကိုက်အခဲပျောက်ဆေး သောက်တဲ့အခါ သတိထားစရာများ
နာကျင်၊ ကိုက်ခဲ၊ ဖျားနာခြင်းတွေအတွက် အိမ်တိုင်းအိမ်တိုင်းမှာ မရှိမဖြစ်ရှိနေတဲ့ဆေးကတော့ အကိုက်အခဲပျောက်ဆေးပါပဲ။ ဒီလို တွင်တွင်ကျယ်ကျယ် သုံးနေကြပေမယ့် အကိုက်အခဲပျောက်ဆေးတွေမှာလည်း နောက်ဆက်တွဲဆိုးကျိုးလေးတွေ ရှိနေတတ်တယ်နော်။
>> အကိုက်အခဲပျောက်ဆေး အမျိုးအစားတွေကတော့ -
● မူးယစ်ဆေးပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ : မော်ဖင်း၊ အောက်စီကိုဒုန်း၊ မက်သဒုန်း၊ ကိုဒိန်း၊ ဖန်တနိုင်း
● တိုင်လီနော/အက်စီတမိုင်နိုဖန် : ပါရာစီတမော
● နှစ်မျိုးပေါင်း
● စတီးရွိုက်မပါ အရောင်ကျဆေးတွေ : အိုင်ဗျူပရိုဖန်၊ နက်ပရောက်ဆန်၊ ဆယ်လီကိုစစ်
● အက်စ်ပရင်
စတာတွေပါပဲ။
ဒီဆေးတွေကို ဒူးနာ ခါးနာ အဆစ်အမြစ်နာတာ၊ ခွဲစိတ်ပြီးချိန် နာကျင်တာ၊ ဒဏ်ရာရတာ၊ သွားကိုက်တာ၊ ခေါင်းကိုက်တာ၊ ဓမ္မတာကိုက်ခဲတာ၊ ကြွက်သားတွေ နာကျင်တာ စတာတွေမှာ သုံးလေ့ရှိတယ်နော်။
>> အကိုက်အခဲပျောက်ဆေးက ဘယ်လိုအလုပ်လုပ်သလဲ?
အကိုက်အခဲပျောက်ဆေးတွေရဲ့ အလုပ်လုပ်ပုံက တစ်ခုနဲ့တစ်ခု မတူပါဘူး။
မူးယစ်ဆေးပါတဲ့ အကိုက်အခဲပျောက်ဆေးတွေက အာရုံကြောက ထုတ်လွှတ်လိုက်ပြီး ဦးနှောက်က လက်ခံတဲ့ နာကျင်စေတဲ့ အချက်ပြမှုတွေကို လျော့နည်းစေနိုင်ပါတယ်။
တိုင်လီနောက ခန္ဓာကိုယ်ရဲ့ နာကျင်ခံစားမှုကို ပြောင်းလဲပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေက ပရိုစတာဂလန်ဒင်ဆိုတဲ့ ဓာတ်တစ်မျိုးကို လျော့နည်းစေနိုင်တာကြောင့် နာကျင်တာအပြင် ရောင်ရမ်းတာကိုပါ ကျစေနိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေးတွေရဲ့ ဆိုးကျိုးတွေကိုလည်း သိထားဖို့လိုတယ်နော်။
သောက်တဲ့အကိုက်အခဲပျောက်ဆေးနဲ့ ဘယ်လောက်ကြာကြာ သောက်လိုက်သလဲ ဆိုတာပေါ် မူတည်နေပါတယ်။
● ဝမ်းချုပ်ခြင်း
● မူးဝေခြင်း
● အိပ်ငိုက်ခြင်း
● ဗိုက်နာခြင်း
● နားအူခြင်း
● အရေပြားတွေယားယံခြင်း
● အာခြောက်ခြင်းစတဲ့ နောက်ဆက်တွဲတွေကို ခံစားရပါလိမ့်မယ်။
ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေသောက်တော့မယ် ဆိုရင်
အကိုက်အခဲပျောက်ဆေး မသောက်ခင်မှာ ကိုယ့်မှာရှိတဲ့ ရောဂါတွေအားလုံးကို ဆရာဝန်ကိုပြောပြပါ။
ကလေးတွေဆိုရင် Reye’s syndrome လို့ခေါ်တဲ့ အသည်းနဲ့ ဦးနှောက်ရောင်ရောဂါစု ဖြစ်စေတတ်လို့ အက်စ်ပရင် အကိုက်အခဲပျောက်ဆေးကို မသောက်သင့်ပါဘူး။
တိုင်လီနောအကိုက်အခဲကိုလည်း အများကြီး သောက်မိရင် အသည်းကို ထိခိုက်နိုင်ပါတယ်။ ၃၇၅ မီလီဂရမ်ဆို ၉ လုံး၊ ၅၀၀ မီလီဂရမ်ဆိုရင် ၆ လုံးထက် ပိုမသောက်သင့်ပါဘူး။
စတီးရွိုက်မပါ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်သွေးကြောပေါက်၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်စတဲ့နောက်ဆက်တွဲတွေ ဖြစ်စေနိုင်ပါတယ်။
မူးယစ်ဆေးပါတဲ့ အကိုက်အခဲပျောက်ဆေးတွေကလည်း ကြာကြာသောက်လာမိရင် စွဲတတ်ပါတယ်။
မူးယစ်ဆေးပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ စစချင်းသောက်ချိန်ဆို ကားမောင်းတာတို့၊ အာရုံနိုးနိုးကြားကြား ထားရမယ့်အလုပ်တွေကို ခဏရပ်ထားတာ ပိုကောင်းပါတယ်။
ကိုယ်သောက်နေတဲ့ တခြားဆေးတွေရှိရင်လည်း ပြောထားသင့်ပါတယ်။
ဆေးအညွှန်းမှာ ဖော်ပြထားတဲ့အတိုင်း ဆေးသောက်ပါ။ သူ ညွှန်ထားတဲ့ပမာဏထက် ပိုမသောက်သင့်ပါဘူး။
အကိုက်အခဲပျောက်ဆေး လွန်သွားပြီထင်ရင် ချက်ချင်းအရေးပေါ်ကို သွားပါ။
>> အကိုက်အခဲပျောက်ဆေးနဲ့ အရက်
အရက်က အကိုက်အခဲပျောက်ဆေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုဆိုးစေနိုင်စွမ်းရှိပါတယ်။
ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေ၊ အထူးသဖြင့် အက်စီတမိုင်နိုင်ဖန်ခေါ် ပါရာစီတမော သောက်နေရင် အရက်ကို ခဏဖြတ်ထားသင့်ပါတယ်။
>> အကိုက်အခဲပျောက်ဆေးနဲ့ ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ရှိနေ၊ ကိုယ်ဝန်ရှိဖို့ အလားအလာရှိနေ၊ ကလေး နို့တိုက်နေရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အကိုက်အခဲပျောက်ဆေး သောက်သင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























