/
node/7911

အစာအိမ် လေဆေးအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူတိုင်းလူတိုင်း မကြာမကြာ အစာမကြေ ဗိုက်အောင့်တတ်ကြမှာပေါ့။ ဒီလို လေထ ဗိုက်အောင့်လာတိုင်း တီဗီမှာ ကြော်ငြာနေကြတဲ့ ကောင်းပေ့ဆိုတဲ့ အစာအိမ်လေကြေဆေးတွေ သောက်လိုက်ကြမှာပါပဲ။ ဒီတော့ ဒီဆေးတွေအကြောင်းလေးတော့ သိထားသင့်တာပေါ့နော်။

          အစာအိမ်လေဆေးတွေ အများစုဟာ အစာအိမ်ထဲက အက်ဆစ်ဓာတ်ကို ပြယ်ပျောက်စေပြီး အစာမကြေ၊ ရင်ပူတာတွေကို သက်သာစေနိုင်ပါတယ်။

          အရည်ပုံစံ၊ ဝါးစားလို့ရတဲ့ သောက်ဆေးပုံစံ စသဖြင့် ပုံစံမျိုးစုံ လာနိုင်ပါတယ်။

 

>>    ဘယ်အချိန်မှာ အစာအိမ်လေကြေဆေးတွေ သောက်လို့ရမလဲ?

●        အစာမကြေ

●        ရင်ပူ

●        အစာအိမ်အနာ

●        အစာအိမ်ရောင်တဲ့ အခြေအနေတွေမှာ သောက်နိုင်ပါတယ်။

          နာရိီပိုင်းလောက်တော့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီဆေးတွေက အစာမကြေဖြစ်စေတဲ့ အောက်ခံအကြောင်းရင်းကိုတော့ မကုသပေးနိုင်ဘူးနော်။

 

>>    အစာကြေဆေး အမျိုးအစားများ

          နာမည်အမျိုးမျိုးနဲ့ အစာကြေဆေးတွေကို ဈေးကွက်ထဲမှာ တွေ့ရမှာပါ။

          အစာကြေဆေးတွေထဲမှာ ဘာတွေပါတတ်သလဲဆိုရင် -

●        alluminium hydroxide

●        Magnesium carbonate

●        Magnesium trisilicate

●        Magnesium hydroxide

●        Calcium carbonate

●        Sodium carbonate

          အဓိကအားဖြင့် ဒီဓာတ်ပေါင်းတွေ ပါဝင်တတ်ပြီး

          တချို့ဆေးတွေမှာ Alginate (အစာအိမ်အတွင်းသားကို အလွှာတစ်လွှာအနေနဲ့ အုပ်ပေးထားတဲ့ဆေး) တို့၊ simeticone (လေကြေစေတဲ့ဆေး) တွေပါ ပါတတ်ပါတယ်။

 

>>    ဘယ်အချိန်မှာ ဘယ်လို သောက်သင့်ပါသလဲ?

          တစ်ခါသောက် ဘယ်လောက်သောက်ရမယ်၊ တစ်နေ့ ဘယ်နှစ်ကြိမ် သောက်ရမယ်ဆိုတာက်ု ဆေးအညွှန်းမှာ ကြည့်ပါ။ ကိုယ်သောက်တဲ့ ဆေးအမျိုးအစားနဲ့လိုက်ပြီး ကွာခြားနိုင်ပါတယ်။

          ရောဂါလက္ခဏာတွေ ပြလာတဲ့့အခါ၊ ရောဂါလက္ခဏာတွေ ပေါ်လာတော့မယ်လို့ ထင်တဲ့အခါမျိုးမှာ သောက်လို့ရပြီး အစာစားပြီးချိန် ဒါမှမဟုတ် အိပ်ရာမဝင်ခင် သောက်ပေးနိုင်ပါတယ်။

          ကလေးတွေ သောက်ရမယ့်ဆေးပမာဏက လူကြီးတွေထက် ပိုနည်းမယ်ဆိုတာကိုလည်း သတိထားသင့်ပါတယ်။

 

>>    အစာကြေဆေးကို အစာ၊ အရက်၊ တခြားဆေးတွေနဲ့ ရောသောက်မိရင် -

          အစာကြေဆေးကို အစာမကြေ ဖြစ်စေနိုင်တဲ့အချိန်ဖြစ်တဲ့ အစာနဲ့အတူဖြစ်စေ၊ အစာစားပြီးဖြစ်စေ သောက်နိုင်ပါတယ်။

          အစာနဲ့အတူ သောက်ပေးရင် အစာကြေဆေးရဲ့ အာနိသင်က ပိုသိသာတာပေါ့။

          အစာကြေဆေး သောက်ထားရင် အရက်သောက်လို့ ရပေမယ့် အရက်က အစာအိမ်ကို ထိနိုင်ပြီး ရောဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

 

>>    အစာကြေဆေးရဲ့ နောက်ဆက်တွဲများ

          တစ်ခါတလေသောက်တာ၊ သူ ညွှန်ကြားထားတဲ့ပမာဏလောက် သောက်တာက နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်စေနိုင်ပေမယ့် တစ်ခါတလေ

●        ဝမ်းလျှောတာ၊ ဒါမှမဟုတ် ဝမ်းချုပ်တာ

●        လေပွတာ

●        ဗိုက်အောင့်တာ

●        ပျို့ချင်၊ အန်ချင်တာ စတဲ့လက္ခဏာတွေကို ပြနိုင်ပါတယ်။

          ဆေးရပ်လိုက်ရင် လက္ခဏာတွေ သက်သာသွားမှာပါ။

 

>>    အစာကြေဆေး သောက်လို့မရတဲ့လူတွေက …

          အတော်များများကတော့ စိတ်ချလက်ချ သောက်လို့ရပါတယ်။ ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ပါဘူး။

●        ကိုယ်ဝန်ရှိနေရင်၊ ကလေး နို့တိုက်နေရင် (အများစုမှာတော့ သောက်လို့ရပေမယ့် စိတ်ချရအောင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။)

●        အသက် ၁၂ နှစ်အောက် ကလေးတွေကို တိုက်ချင်ရင်

●        အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံး ညှစ်အားနည်းရောဂါတွေ ရှိနေရင်

●        ဆားစားတာ လျှော့ရမယ့် ရောဂါတစ်ခုခုရှိနေရင် (ဥပမာ - သွေးတိုး၊ အသည်းခြောက်ရောဂါ)

●        တခြားဆေးတစ်မျိုးမျိုး သောက်နေရင် ဆေးမသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)