ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းအကြောင်း သိကောင်းစရာများ
ဓာတ်မှန် (X-ray) ရိုက်ခြင်းဆိုတာဟာ ဓာတ်ရောင်ခြည် အနည်းငယ်ကိုသုံးပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ တစ်သျှူးနဲ့ အရိုးများကို ပုံရိုက်ကူးခြင်း ဖြစ်ပါတယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းနဲ့အဆုတ်များရှိ ရောဂါများကို အဖြေရှာနိုင်ပါတယ်။
ဘယ်လိုအခြေအနေတွင် ရင်ဘတ်ဓာတ်မှန်ရိုက်ဖို့ လိုသလဲဆိုတာကို အောက်ပါလက္ခဏာများဖြင့် သတ်မှတ်ပါတယ်။
● ရင်ဘတ်အောင့်ခြင်း
● အဖျားကြီးခြင်း
● နာတာရှည်ချောင်းဆိုးခြင်း
● အသက်ရှူမဝခြင်း
>> ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းဖြင့်
● နံရိုးကျိုးခြင်း
● အဆုတ်ပြဿနာများ
● အဆုတ်ကင်ဆာ
● အဆုတ်ရောင် နမိုးနီးယားရောဂါ
● ရင်ခေါင်းအတွင်း လေဝင်ရောက်ခြင်း
● နှလုံးအရွယ်အစား
● နှလုံးပျက်စီးခြင်း
စသည်တို့ကို အဖြေရှာနိုင်ပါတယ်။
>> ရင်ဘတ်ဓာတ်မှန်ရိုက်ဖို့ ဘာတွေပြင်ဆင်သွားရမလဲ?
● အရိုက်ခံမယ့်သူအနေနဲ့ ထူးထူးခြားခြား ပြင်သွားဖို့ မလိုပါဘူး။
● ဓာတ်မှန်မရိုက်ခင်မှာ လက်ဝတ်ရတနာများ၊ မျက်မှန်၊ နာရီ၊ နားကပ်နဲ့ သတ္တုထည်များကို ချွတ်ရပါမယ်။
● နှလုံးထဲတွင် စက်ထည့်ထားသူများအနေဖြင့် မရိုက်ခင် ဆရာဝန်ကို အသိပေးဖို့ လိုအပ်ပါတယ်။
>> ရင်ဘတ်ဓာတ်မှန်ကို ဘယ်လိုရိုက်လဲ?
ပထမဦးစွာ အဝတ်အစားများကို ချွတ်ပြီး ခွွဲစိတ်ခန်းသုံးအကျႌကို ဝတ်ဆင်ရပါမယ်။ ထို့နောက် ဓာတ်မှန်ပညာရှင်က မှန်ဗုံးကို လက်နှစ်ဖက်ဖြင့် ဖက်လျက်အနေအထားဖြင့် မတ်တပ်ရပ်ခိုင်းကာ အဆုတ်ရဲ့ အရှေ့ဘက်နဲ့ ဘေးဘက်များကို ရိုက်ကူးပါလိမ့်မယ်။
>> ရင်ဘတ်ဓာတ်မှန်ရိုက်ရင် ဆိုးကျိုးတွေ ရှိပါသလား?
ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းဖြင့် ဓာတ်ရောင်ခြည်နဲ့ ထိတွေ့ရတာမို့ ဆိုးကျိုးအနည်းအကျဉ်း ရှိနိုင်ပေမယ့် ဓာတ်မှန်ရိုက်ခြင်းကြောင့် သိရှိရမယ့် အကျိုးကျေးဇူးက ပိုများတယ်လို့ ဆရာဝန်များ သတ်မှတ်ထားကြပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ရင်သွေးကို ထိခိုက်နိုင်လို့ တားမြစ်ထားပါတယ်။
ဓာတ်မှန်ရိုက်ကူးပြီးနောက် ဖလင်ပြားဖြင့် ထုတ်ကာ သက်ဆိုင်ရာဆရာဝန်က အဖြေကို ဖတ်ပေးမှာ ဖြစ်ပါတယ်။ အဖြေပေါ် မူတည်ပြီး သက်ဆိုင်ရာရောဂါအလိုက် ဆေးကုသမှုခံယူရန် ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























