/
node/8082

သွေးကင်ဆာအမျိုးမျိုးအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးကင်ဆာဆိုတဲ့ အသံကြားသည်နှင့် လူတိုင်းနီးပါး ထိတ်လန့်ကြပါတယ်။ အမှန်တကယ်လည်း ထိတ်လန့်စရာရောဂါဆိုးတစ်ခုပဲ ဖြစ်ပါတယ်။ သွေးကင်ဆာဟာ ဘာလို့ကြောက်စရာကောင်းသော ရောဂါစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေသလဲဆိုတာ လေ့လာနိုင်ဖို့ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော်။

          သွေးကင်ဆာကြောင့် သွေးဆဲလ်တွေ ထုတ်လုပ်နှုန်းကို ကျစေပြီး သွေးဆဲလ်များရဲ့ လုပ်ဆောင်ချက်များကို ယိုယွင်းစေပါတယ်။

          ကျွန််ပ်တို့ ရိုးတွင်းခြင်ဆီမှာ ရှိသော ပင်မဆဲလ်များ အရွယ်ရောက်လာသောအခါ သွေးဆဲလ်သုံးမျိုးကို ထုတ်ပေးပါတယ်။ ထိုသွေးဆဲလ်သုံးမျိုးကတော့ သွေးနီဥ (red blood cell)၊ သွေးဖြူဥ (white blood cell) နှင့် သွေးဥမွှား (platelet) တို့ ဖြစ်ပါတယ်။

          သွေးကင်ဆာအများစုတွင် ပုံမှန်သွေးဆဲလ်များရဲ့ ကြီးထွားခြင်းဖြစ်စဉ်ကို ပုံမှန်မဟုတ်သော ကင်ဆာဆဲလ်များက နှောင့်ယှက်ဖျက်ဆီးကြရုံမက သွေးဆဲလ်များရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများကိုပါ ပျက်ပြားစေပါတယ်။ ဒါကြောင့်မို့ ရောဂါပိုးဝင်ခြင်းများကို ခုခံနိုင်ခြင်းမရှိတော့တဲ့အပြင် ပုံမှန်ထက်ပိုသော  သွေးယိုစီးခြင်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

          သွေးကင်ဆာအမျိုးအစား (၃) မျိုးကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။

(၁)    လူကီးမီးယား ခေါ် သွေးဖြူဥများသော သွေးကင်ဆာ (Leukemia)

          သွေးထဲနှင့် ရိုးတွင်းချဉ်ဆီတွင် ဖြစ်ပေါ်သော ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ သွေးဖြူဥများ အလွန်အမင်းစုပုံခြင်းကြောင့် ဖြစ်ပေါ်ပြီး ရိုးတွင်းချဉ်ဆီကနေ သွေးနီဥနှင့် သွေးဥမွှားများ ထုတ်လုပ်နိုင်စွမ်းကို ပျက်ပြားစေပါတယ်။ သွေးဖြူဥများရဲ့ ပုံမှန်လုပ်ငန်းကိုလည်း ပျက်စီးစေတာမို့ ရောဂါပိုးဝင်ခြင်းများကို ခုခံနိုင်ခြင်းရှိတော့မှာ မဟုတ်ပါဘူး။

 

(၂)     ပြန်ရည်ကြောဆဲလ်ကင်ဆာ (Lymphoma)

          ကျွန်ုပ်တို့ ခန္ဓာကိုယ်ရှိ ပြန်ရည်ကြောစနစ်ဟာ ကိုယ်တွင်းရှိ ပိုလျှံနေသော အရည်များကို ဖယ်ရှားပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသော immune cells များကို ထုတ်လုပ်ပေးပါတယ်။ ပြန်ရည်ကြောဆဲလ်များဟာ သွေးဖြူဥအမျိုးအစားတစ်ခုပဲဖြစ်ပြီး ရောဂါပိုးဝင်ခြင်းများကိုလည်း ခုခံတိုက်ထုတ်ပေးပါသေးတယ်။ ပြန်ရည်ကြောဆဲလ် ကင်ဆာရောဂါကြောင့်  ပြန်ရည်ကြောဆဲလ်များပွားပြီး ပြန်ရည်ကြောထုံးများနှင့် တစ်သျှူးများအတွင်း စုစည်းလာတတ်တဲ့အပြင် အချိန်ကြာတာနှင့်အမျှ ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ကိုပါ ပျက်ဆီးစေတတ်တာမို့ အလွန်ကြောက်စရာကောင်းပါတယ်။

 

(၃)     သွေးရည်ကြည်ဆဲလ်ကင်ဆာ ခေါ် Myeloma

          သွေးရည်ကြည်ရှိဆဲလ်များတွင် ဖြစ်ပေါ်တတ်သော ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ သွေးရည်ကြည်ဆဲလ်များဟာလည်း သွေးဖြူဥ အမျိုးအစားတစ်ခုပင်ဖြစ်ပြီး ကိုယ်တွင်းသို့ ဝင်ရောက်လာသော ရောဂါပိုးများကို ခုခံတိုက်ထုတ်ပေးနိုင်ပါတယ်။ သွေးရည်ကြည်ဆဲလ်ကင်ဆာ ဖြစ်ပေါ်ပါက ကိုယ်ခန္ဓာကနေ ရောဂါပိုးများကို တိုက်ထုတ်နိုင်သော antibodyများကို မထုတ်လုပ်နိုင်တော့ဘဲ ကိုယ်ခံအား တဖြည်းဖြည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)