/
node/8943

နောက်တစ်ကြိမ် နှလုံးတိုက်ခိုက်မခံရဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    နှလုံးတိုက်ခိုက်ခံရတယ်ဆိုတဲ့ အခြေအနေဟာ ဘဝမှာ မမေ့နိုင်စရာအဖြစ်အပျက်ပါ။ နှလုံးတိုက်ခိုက်ခံရပြီးနောက်မှာ ပြန်ကောင်းဖို့အတွက် အချိန်အများကြီး ကြာပါတယ်။ ဆရာဝန်ကလည်း ကိုယ်စားတဲ့ အစားအစာကနေပြီးတော့ နေ့စဉ်လုပ်နေကျအလုပ်တွေအထိ အားလုံးကို ပြောင်းလဲပစ်ဖို့ ညွှန်ကြားပါတယ်။ ဒီလိုအပြောင်းအလဲတွေကြောင့် ကျန်းမာရေးကို ပိုကောင်းလာစေပြီးတော့ အရေးအကြီးဆုံးအချက်ကတော့ နောက်တစ်ကြိမ် နှလုံးတိုက်ခိုက်ခံရနိုင်ချေကို လျော့ကျစေပါတယ်။

    ဒီလိုအကျိုးကျေးဇူးတွေကို ခံစားနိုင်ဖို့အတွက် အဆင့် ၉ ဆင့်ကို ဖော်ပြပေးချင်ပါတယ်။

1.    ဆေးလိပ်မသောက်ပါနဲ့။
ဆေးလိပ်သောက်ခြင်းက နှလုံးရောဂါဖြစ်နို်င်ချေများစေတဲ့ အဓိကအချက်ဖြစ်တဲ့အတွက်ကြောင့် ဆေးလိပ်ကိုတော့ လုံးဝရှောင်ဖို့လိုပါတယ်။ ဆေးလိပ်သောက်သမားဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့အတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
    ဆေးရွက်ကြီးက သွေးခဲခြင်း၊ သွေးကြောများကို ပျက်စီးစေခြင်းနဲ့ နှလုံးနဲ့ အခြားကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင်နဲ့ သွေးရောက်မှုခက်ခဲစေခြင်း စတာတွေကို ဖြစ်စေပါတယ်။ နီကိုတင်းဓာတ်က သွေးပေါင်ချိန်တက်စေပါတယ်။ ဆေးလိပ်ဖြတ်တာအပြင် သူများသောက်တဲ့ ဆေးလိပ်ငွေ့တွေ မရှူမိအောင်လည်း နေဖို့လိုပါတယ်။ ဒီလို တစ်ဆင့်ခံဆေးလိပ်ငွေ့တွေက ကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့်လည်း အန္တရာယ်ရှိပါတယ်။

2.    သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စရောပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းထားပါ။
သွေးတိုးခြင်းက နှလုံးနဲ့သွေးကြောတွေကို ဖိအားဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ စားနည်းနည်းပဲစားခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားခြင်းစတဲ့ နေထိုင်မှုပုံစံ အပြောင်းအလဲတွေက သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ ဆရာဝန်က သွေးကျဆေး သောက်ဖို့လည်း ညွှန်ကြားပါလိမ့်မယ်။
    ကောင်းတဲ့ကိုလက်စရော (HDL) နဲ့ မကောင်းတဲ့ကိုလက်စရော (LDL) ဆိုပြီး ကိုလက်စရောအမျိုးအစား ၂ မျိုး ရှိပါတယ်။ မကောင်းတဲ့ ကိုလက်စရောဓာတ် များလွန်းရင် နှလုံးရောဂါနဲ့ နောက်ထပ်တစ်ကြိမ် နှလုံးတိုက်ခိုက်ခံရနိုင်ချေကို များစေပါတယ်။ LDL ကျဖို့အတွက် statin ဆိုတဲ့ သွေးတွင်းအဆီကျဆေး ညွှန်ပါလိမ့်မယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ နှလုံးကျန်းမာစေတဲ့ အစားအစာတွေ စားသုံးခြငး်ကလည်း သွေးပေါင်ချိန်နဲ့ သွေးတွင်းက မကောင်းတဲ့ကိုလက်စရောတွေ လျော့ကျစေဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။

3.    ဆီးချိုရောဂါကို ပုံမှန်စစ်ဆေးပြီးတော့ ထိန်းချုပ်ပါ။
    အမျိုးအစား ၁ ရော အမျိုးအစား ၂ ဆီးချိုရော ၂ မျိုးစလုံးက အင်ဆူလင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်နေပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှင်တွေက အင်ဆူလင် မထုတ်တာဖြစ်ပြီးတော့ အမျိုးအစား ၂ တွေကတော့ အင်ဆူလင် လုံလုံလောက်လောက် မထုတ်ပေးနိုင်တာ (သို့) မှန်မှန်ကန်ကန် မသုံးနိုင်တာဖြစ်ပါတယ်။
    ဆီးချိုအမျိုးအစား ၂ ခုလုံးကတော့ နှလုံးတိုက်ခိုက်ခံရနိုင်ချေနဲ့ လေဖြတ်နိုင်ချေကို များစေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှင်တွေအနေနဲ့ ဆီးချိုကို သောက်ဆေး၊ လေ့ကျင့်ခန်း၊ အစားအစာတွေနဲ့ သေချာထိန်းထားနို်င်မှသာ ဒုတိယအကြိမ် နှလုံးတိုက်ခိုက်ခံရခြင်း ဖြစ်နို်င်ချေကို လျော့ကျစေမှာပါ။

4.    လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
    လမ်းလျှောက်၊ ပြေး၊ စက်ဘီးနင်း၊ ရေကူး၊ ကခြင်း၊ နှလုံးခုန်မြန်စေသော လေ့ကျင့်ခန်းများလုပ်ခြင်း၊ စတဲ့ဘာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်မယ်ဆိုရင် နှလုံးကိုသန်မာစေပြီးတော့ မကောင်းတဲ့ ကိုလက်စရောဓာတ်တွေနဲ့ သွေးပေါင်ချိန်ကို ကျဆင်းစေမှာပါ။ ဒါတွေက စိတ်ဖိစီးမှုလျော့ကျစေဖို့၊ စွမ်းအင်တွေ ပြည့်ဝစေဖို့နဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
    ဒီလိုမျိုး ကောင်းကျိုးများစွာရှိတဲ့အတွက် အမေရိကန်နှလုံအဖွဲ့အစည်းက တစ်နေ့ကို မိနစ် ၃ဝနဲ့ တစ်ပတ်ကို အနည်းဆုံး ၁၅၀ မိနစ် အတော်အသင့် လေ့ကျင့်ခန်းလုပ်ဖို့  (သို့) ပြင်းထန်လေ့ကျင့်ခန်း အနည်းဆုံး တစ်ပတ်ကို ၇၅ မိနစ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။ လေ့ကျင့်ခန်း စမလုပ်ခင်မှာတော့ ကိုယ့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

5.    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
    ကိုယ်အလေးချိန် ပိုနေခြင်းက နှလုံးကို ပိုအလုပ်လုပ်ရစေပြီးတော့ ထိရောက်မှုလည်း နည်းစေပါတယ်။ တခြားဖြစ်နိုင်ချေရှိတဲ့အချက်တွေ မရှိရင်တောင်မှ ခန္ဓာကိုယ်မှာ အဆီတွေပိုနေခြင်းက နှလုံးတိုက်ခိုက်ခံရနိုင်ချေကို များစေပါတယ်။ ကိုယ်အလေးချိန်ကျဖို့ ခက်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်တွေက ကိုယ်အလေးချိန်ကျစေနို်င်တဲ့ စီမံချက်တွေ (သို့) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူတွေကို ပြင်ဆင်နို်င်ဖို့အတွက်နည်းလမ်းတွေ ညွှန်ပေးနိုင်ပါတယ်။

6.    နှလုံးကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေကို စားပါ။
    ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတွေ မြင့်မားစွာ ပါဝင်တဲ့အစားအစာတွေက သွေးကြောတွေထဲမှာ အခဲတွေ ဖြစ်လာစေပါတယ်။ ဒါတွေက နှလုံးဆီ သွေးစီးဆင်းမှုကိုနှေးစေကာ နှလုံးတိုက်ခိုက်ခံရနိုင်ချေနဲ့ နှလုံး ပျက်စီးနိုင်ချေတွေကို များစေပါတယ်။
    ဒီပြည့်ဝဆီတွေနဲ့ အသွင်ပြောင်းဆီတွေကို ရှောင်ကြဉ်ခြင်းဖြင့် မကောင်းတဲ့ကိုလက်စရောတွေကို ကျဆင်းစေပါတယ်။ အနီရောင်အသားနည်းနည်း၊ ဆား၊သကြားနဲ့ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေ နည်းနည်းပဲ စားပါ။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီ မပါတဲ့အသားတွေ ပိုစားပေးပါ။

7.    စိတ်ဖိစီးမှုတွေကို သေချာထိန်းချုပ်ပါ။
    နှလုံးတိုက်ခိုက်ခံရပြီးနောက်မှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ကြုံရမှာမလွဲမသွေပါပဲ။ အထူးသဖြင့် နေထိုင်မှုပုံစံ အပြောင်းအလဲအသစ်တွေနဲ့ အသားမကျတဲ့အခါမှာ စိတ်ဖိစီးမှုတွေကို ခံစားလာရပါမယ်။ နောက်ထပ်များ ထပ်ပြီး နှလုံးတိုက်ခိုက်ခံရဦးမလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိပြီးတော့ စိတ်တိုစိတ်ဆတ်လွယ်လာမယ်။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ အတက်အကျမြန်မှုတွေကို ဆရာဝန်နဲ့ မိသားစုတွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ဆွေးနွေးတိုင်ပင်ပါ။

8.    ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို သေချာသောက်ပါ။
    နှလုံးတိုက်ခိုက်ခြင်းကို တစ်ခါခံရပြီးနောက်မှာတော့ ဆရာဝန်က နောက်ထပ် ထပ်မဖြစ်အောင် ကာကွယ်ဖို့အတွက် ဆေးတွေ ပေးပါလိမ့်မယ်။ ကျန်းမာစေဖို့အတွက်ဆိုရင် ညွှန်ကြားချက်တွေကို သေချာလိုက်နာဖို့ အရေးကြီးပါတယ်။
    ဆေးတွေကတော့ သွေးကျဆေး၊ သွေးမခဲဆေး၊ သွေးကျဆေး (ACEI)၊ သွေးတွင်းအဆီကျဆေး တို့ ဖြစ်ပါတယ်။ ကိုယ့်အခြေအနေပေါ် မူတည်ပြီးတော့ အကောင်းဆုံးကုထုံးကို ပေးပါလိမ့်မယ်။

9.    ဆေးခန်းပုံမှန်သွားပြပါ။
    ဆရာဝန်ချိန်းတဲ့အတိုင်း ပုံမှန်သွားမပြဘူးဆိုရင် လူနာရဲ့တိုးတက်လာမှုတွေကို မစောင့်ကြည့်နိုင်သလို လိုအပ်သလို ညှိနှိုင်းပေးဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒီတော့ ဆရာဝန်ချိန်းတဲ့အတိုင်း ပုံမှန်သွားပြပြီးတော့ ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးပါ။ နောက်ထပ် ထပ်မဖြစ်အောင် ကာကွယ်နို်င်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ပြောပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)