နှစ်သစ်မှာ ကျန်းမာစေဖို့
နှစ်သစ်မှာ အရေးအကြီးဆုံးက ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့အစားအသောက်တွေကို စားသောက်ပေးဖို့ပါ။ ကိုယ် စားတာ၊ သောက်တာဟာ ခန္ဓာကိုယ်ရဲ့ရောဂါပိုးမွှား တိုက်ခိုက်နိုင်စွမ်းရည်ကို သက်ရောက်မှုရှိပြီး နောက်ပိုင်းကျန်းမာရေးပြဿနာတွေ ပေါ်၊ မပေါ်ကိုလည်း အဆုံးအဖြတ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးနဲ့ ကင်ဆာရောဂါတချို့တွေပေါ့။
စားရမယ့် အစားအသောက်တွေဟာ ကိုယ့်ရဲ့အသက်အရွယ်၊ လှုပ်ရှားမှု၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် စတာတွေပေါ် မူတည်နေပါတယ်။
>> အစား အစုံစားပါ။
လူတွေရဲ့ခန္ဓာကိုယ်ဟာ ရှုပ်ထွေးပါတယ်။ မွေးကင်းစဘဝမှာ သောက်တဲ့နို့ကလွဲလို့ ကျန်တဲ့အစားအသောက်တွေဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြီးပြည့်စုံအောင် မပါပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်ဟာ ကောင်းကောင်းကျန်းမာ ကြီးထွားဖို့ အစာအာဟာရ အစုံအလင် လိုအပ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေဆိုတာ -
● ဂျုံ၊ ပြောင်း၊ ထမင်း၊ အာလူးတွေအပြင် ပဲအမျိုးမျိုးဖြစ်တဲ့ ပဲနီလေး၊ ပဲဝါ စတာတွေ၊ အသီးအနှံအရွက် လတ်လတ်ဆတ်ဆတ်တွေ၊ အသားငါး၊ ဥ၊ နို့စတဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ ပါအောင် စားပေးရပါမယ်။
● မပြုပြင်၊ အရောင်မချွတ်ထားတဲ့ ပြောင်း၊ နှံ၊ ဂျုံ၊ ဆန်လုံးညို စတာမျိုးတွေ စားပေးရင် ပိုကောင်းပါတယ်။ ဒီလို အရောင်မချွတ်ထားတဲ့အခါ အမျှင်ဓာတ် ပိုကြွယ်ဝပြီး ဗိုက်ပြည့်စေနိုင်ပါတယ်။
● အချိုတည်းအနေနဲ့ အချိုတွေ၊ အဆီတွေ၊ ဆားတွေမပါဘဲ အရွက်စိမ်းတို့၊ ဆား မထည့်ထားတဲ့ အစေ့အဆံတွေ၊ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ စားပေးပါ။
>> ဆားလျှော့စားပါ။ တချို့အဆီတွေကို ရှောင်ရှားပေးပါ။
အစားအသောက်ထဲမှာ အဆီ နည်းနည်းပါးပါးတော့ ပါသင့်ပေမယ့် အများကြီး စားနေမယ်။ အထူးသဖြင့် မကောင်းတဲ့အဆီတွေ စားနေမယ်ဆိုရင်တော့ အဝလွန်၊ နှလုံးနဲ့ လေဖြတ်လေဖြန်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ပြန်ကြော်ဆီတွက အဆိုးဆုံးပါပဲ။ ဒီလိုဆီမျိုးဟာ နှလုံးးရောဂါဖြစ်နှုန်းကို ၃ဝ% လောက်အထိ တက်လာစေနိုင်ပါတယ်။
>> သကြား လျှော့စားပါ။
သကြား အစားများခြင်းဟာ သွားအတွက် မကောင်းရုံတင်မက ကိုယ်အလေးချိန် တက်စေခြင်း၊ အဝလွန်စေခြင်းစတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေနိုင်ပါတယ်။
ဆားလိုပဲ သရေစာတွေ၊ အသင့်စားတွေမှာပါတဲ့ သကြားပမာဏကို သေချာစစ်ဆေးသင့်ပါတယ်။ ဥပမာအားဖြင့် ဆိုဒါတစ်ဘူးမှာ သကြားလက်ဖက်ရည်ဇွန်း ၁ဝ ဇွန်း ပါနေတာမျိုးပေါ့။
>> အရက်ကို အလွန်အကျွံ မသောက်ပါနဲ့။
အရက်ဆိုတာမျိုးက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒါပေမဲ့ နှစ်သစ်ကူးပြီဆိုရင် အရက်ကလေးကလည်း မပါမဖြစ်ပါပဲ။ အရက်ကို အများကြီးသောက်တာ၊ မကြာမကြာ သောက်တာမျိုးက လတ်တလောမှာ ထိခိုက်ဒဏ်ရာရတာမျိုး ဖြစ်စေနိုင်သလို တာရှည်မှာလည်း အသည်းကိုထိတာ၊ ကင်ဆာ၊ နှလုံးရောဂါ၊ စိတ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
ကဲ ... ဒီအချက်တွေကို သတိပြုပြီး နှစ်သစ်ကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရအောင်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























