/
node/9619

ကြွက်တက်တဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကြွက်တက်တယ်ဆိုတာက ရုတ်တရက် ကြွက်သားတွေက အရမ်းညှစ်ပြီးတော့ အဲကြွက်သားနေရာက နာတာပါ။ ဒါက သူ့အလိုလိုဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ထိန်းချုပ်လို့ မရပါဘူး။ ညဘက်အိပ်နေတုန်းမှာ အဖြစ်များပြီးတော့ အိပ်နေရာကနေပြီး လန့်နိုးစေပါတယ်။ တစ်ခါကြွက်တက်ရင် စက္ကန့်အနည်းငယ် (သို့) မိနစ်အနည်းငယ် ကြာတတ်ပါတယ်။
ဖြစ်တဲ့ကြွက်သားကို ဆွဲဆန့်ပေးလိုက်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ ကြွက်တက်ပြီးနောက်မှာ နာရီအနည်းငယ်လောက် ကြွက်သားနာပြီးတော့ ကျန်ခဲ့နိုင်ပါတယ်။ တစ်ခါတလေဆိုရင် ကြွက်သားရောင်ပြီးတောင် ကျန်နေနိုင်ပါတယ်။

>>  ဘယ်လိုလူတွေမှာ ကြွက်တက်တတ်သလဲ?
အသက်ကြီးလာလေ ကြွက်တက်နိုင်ချေ ပိုများလာလေဖြစ်သလို ကိုယ်ဝန်ဆောင်တွေ အထူးသဖြင့် ကိုယ်ဝန် ဒုတိယနဲ့တတိယသုံးလပတ်အတွင်းမှာ ကြွက်တက်နိုင်ချေများပါတယ်။ ခြေသလုံးကြွက်သားတက်တာ များပြီးတော့ ညဘက်မှာ အဖြစ်များပါတယ်။

>>  ကြွက်တက်စေသော အကြောင်းအရင်းများ -
အများအားဖြင့်တော့ ကြွက်တက်တာက သိပ်ပြီးမပြင်းထန်သလို အကြောင်းအရင်းလည်းမရှိပါဘူး။ တစ်ခါတလေတော့လည်း ကြွက်သားကိုထောက်ပံ့မှုပေးတဲ့အာရုံကြော ဆက်တိုက်အလုပ်လုပ်နေရလို့ ဖြစ်နိုင်သလို တချို့သော လှုပ်ရှားမှုတွေဖြစ်တဲ့ ပုံမှန်ထက်ပိုပြီး လေ့ကျင့်ခန်းလုပ်ခြင်း၊ လေ့ကျင့်ခန်း အကြာကြီးလုပ်ခြင်း၊ အပြင်းအထန်လုပ်ခြင်း၊ အထူးသဖြင့် ပူနေတဲ့အချိန်မှာလုပ်မယ်ဆိုရင် ကြွက်တက်တတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာကလည်း ကြွက်တက်စေနိုင်ပါတယ်။
တစ်ခါတလေတော့လည်း ရောဂါတစ်ခုခုရှိနေလို့ ကြွက်တက်တတ်ပါတယ်။
●  ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်၊ ကယ်ဆီယမ်စတဲ့ သတ္တုဓာတ်တစ်မျိုးမျိုး မညီမျှခြင်း
●  ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြွက်သားနဲ့ အာရုံေြ့ာတွေကို ထိခိုက်စေတဲ့ အခြေအနေတစ်မျိုးမျိုး
●  ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း
●  အသည်းခြောက်ခြင်း
●  သိုင်းရွိုက်ပြသနာများ
●  ခြေထောက်မှာ သွေးလှည့်ပတ်မှု မကောင်းခြင်း၊ သွေးကြောထုံးခြင်း
●  မျိုးရိုးဗီဇဆိုင်ရာ ရှားပါးရောဂါအချို့

ခြေသလုံးကြွက်သားနဲ့ ခြေထောက်ကြွက်သားမဟုတ်တဲ့ အခြားကြွက်သားတွေမှာ ကြွက်တက်တာက နောက်ခံရောဂါတစ်ခုခုကြောင့် ပိုဖြစ်နိုင်ပါတယ်။
●  အချို့သောဆေးဝါးများ သောက်သုံးခြင်း - သွေးတိုးကျဆေးအချို့၊ သွေးတွင်းအဆီကျဆေးတစ်မျိုးဖြစ်တဲ့ Statins စတဲ့ ဆေးတွေကို ဆွဲသောက်နေရတဲ့ အချို့လူတွေမှာ ကြွက်သားနာကျင်ခြင်း၊ အားနည်းခြင်းတွေကိုဖြစ်စေသလို ကြွက်တက်တာလည်း ဖြစ်နိုင်ချေ ပိုများစေပါတယ်။
●  နာတာရှည်ကျောက်ကပ်ရောဂါအတွက် ကျောက်ကပ်ဆေးပြီး ကုသမှုခံယူနေရသူတွေမှာလည်း ကြွက်တက်နိုင်ချေ များပါတယ်။

>>  ရောဂါရှာဖွေဖော်ထုတ်ခြင်း
ဆရာဝန်က ကြွက်တက်တာနဲ့ ပတ်သက်ပြီးတော့ မေးမြန်းစစ်ဆေးပြီးသကာလ ရောဂါတစ်ခုခုကြောင့် ကြွက်တက်တာလား လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။ အောက်ပါသွေးစစ်ဆေးမှုတွေလုပ်ဖို့ လိုနိုင်ပါတယ်။
●  ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့ခန္ဓာကိုယ်ထဲက ဓာတ်အမျိုးမျိုးကို စစ်ဆေးခြင်း
●  ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း
●  အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း
●  Creatininie kinase
●  HbA1c test
●  သိုင်းရွိုက်ဟော်မုန်းပမာဏ

>>  ကြွက်တက်တာကို ဘယ်လိုကုလို့ရလဲ?
ကြွက်တက်သွားတဲ့ကြွက်သားကို ဆွဲဆန့်ပေးလိုက်ရင် ကြွက်တက်တာကို မြန်မြန်သက်သာစေနိုင်ပါတယ်။ ခြေသလုံးကြွက်သား ကြွက်တက်ရင် ခြေမကို အပေါ်အောက် ချိုးပေးပြီးတော့ တစ်ချိန်တည်းမှာ ခြေသလုံးကြွက်သားလေးကို နှိပ်နယ်ပေးလို့ရပါတယ်။ ခြေဖဝါးကြွက်တက်ရင်တော့ လမ်းနည်းနည်းလျှောက်ပေးခြင်းအားဖြင့် ကြွက်တက်တာကို သက်သာစေပါတယ်။ ကြွက်တက်တဲ့နေရာကို ရေနွေး (သို့) ရေခဲကပ်ပေးလို့လည်း ရပါတယ်။

>>  ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ပြဖို့လိုပြီလဲ?
ခဏခဏကြွက်တက်နေရင် (သို့) ခြေသလုံးမဟုတ်တဲ့ အခြားကြွက်သားတွေမှာ ကြွက်တက်တယ်ဆိုရင် ဆရာဝန်သွားပြပါ။ အောက်ပါအချက်တွေ ခံစားရရင်လည်း ဆရာဝန်သွားပြသင့်ပါတယ်။
●  အမြဲပုံမှန်ကြွက်တက်ပြီးတော့ အိပ်စက်တာကို အနှောင့်အယှက်ဖြစ်ခြင်း
●  ရိုးရိုးနည်းလမ်းလေးတွေနဲ့ ကြွက်တက်တာ မသက်သာခြင်း
●  ဆီးချို၊ ကျောက်ကပ်နှင့် အသည်းရောဂါများရှိလျှင်
●  သောက်နေတဲ့ဆေးတွေကြောင့် ကြွက်တက်တာ များလားဆိုပြီးတော့ စိုးရိမ်ခြင်း
●  ကြွက်သားတွေ အားနည်းလာခြင်း
●  ကြွက်တက်ပြီးတော့ ခြေထောက်ကြီးရောင်လာ၊ နီလာကာ အရေပြားအပြောင်းအလဲတွေရှိခြင်း

Dr. Mya Myo Myo Swe (www.drmyanmar.com)