/
node/9677

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Corona (Covid-19) အတွက် ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးတဲ့အတွက် ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းကသာ ဒီရောဂါသာမက ရိုးရိုးတုပ်ကွေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက်ပါ အထိရောက်ဆုံး ဖြစ်ပါတယ်။

>>  လက်သန့်ရှင်းရေး
လက်ကို ရေနဲ့ ဆပ်ပြာ၊ ဒါမှမဟုတ် alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်တွေနဲ့ ဆေးကြောပါ။ အနည်းဆုံး ၁၅ - ၂၀ စက္ကန့် လောက်ဆေးပါ။
●  အစားအစာ မပြင်ဆင်ခင်နဲ့ ပြင်ဆင်ပြီး
●  မစားခင်နဲ့ စားပြီး
●  အိမ်သာတက်ပြီးတိုင်း
●  ချောင်းဆိုး၊ နှာစေးတဲ့အခါ လက်ကိုင်ပဝါ အသုံးပြုပြီးတိုင်း
●  Mask မတပ်ခင်၊ ချွတ်ပြီးတိုင်း
●  လက်တွေ ညစ်ပတ်တိုင်း
Alcohol ပါတဲ့ လက်သန့်ဆေးရည် သုံးတဲ့အခါ လက်ရဲ့ အရှေ့၊ အနောက် သေချာ ပွတ်သတ်ပါ၊ ခြောက်သွေ့တဲ့အထိ ပွတ်ပါ။ မဆေးရသေးတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကိုင်တွယ်ခြင်း မလုပ်ပါနဲ့။

>>  ချောင်းဆိုး၊ နှာစေးတဲ့အခါ
●  ချောင်းဆိုး၊ နှာစေးတဲ့အခါ mask သုံးပါ၊ ဒါမှမဟုတ် တစ်ရှူး အုပ်ပါ။ ပြီးရင် တစ်ရှူးကို သေချာ စွန့်ပစ်ပြီး လက်ကို သေချာဆေးပါ။
●  တစ်ရှူး/ mask မရှိတဲ့အခါ တံတောင်ကွေးနဲ့ အုပ်ပြီးဆိုးပါ။

>>  ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ လေကောင်းလေသန့် ရရှိရေး
●  အိမ်မှာ အထိအတွေ့များတဲ့နေရာတွေ (အိမ်သာ၊ စားပွဲ၊ မီးခလုတ်၊ တံခါးလက်ကိုင်) တွေကို ညစ်ပတ်နေရင် အရင်သုတ်၊ ရေ ဒါမှမဟုတ် သန့်စင်ဆေးရည် / bleach (0.5% sodium hypochlorite) နဲ့ နေ့စဉ် ပိုးသတ်ပါ။ အမြဲသုံးနေတဲ့ ဖုန်း၊ ကွန်ပျူတာ စတဲ့ ပစ္စည်းတွေကို alcohol 70% ရှိတဲ့ ဆေးရည်နဲ့ သုတ်ပါ။
●  အလုပ်နေရာမှာလည်း သေချာ သန့်ရှင်းရေး လုပ်ပါ။ လက်သန့်ရှင်းရေးကို အလေးထား ဆောင်ရွက်ပါ။ လွယ်လွယ်ကူကူ သန့်ရှင်းရေး လုပ်လို့မရတာတွေ (သတင်းစာ၊ မဂ္ဂဇင်း၊ အရုပ်) တွေကို ဖယ်ရှားပါ။
•    လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ ဖွင့်ထားပါ။ ပိုး ပြန့်ပွားနှုန်းကို လျော့ကျစေပါတယ်။

>>  ခပ်ခွာခွာနေပါ
●  တစ်ဦးနဲ့ တစ်ဦး ထိတွေ့မှု အနည်းဆုံး ဖြစ်အောင်နေပါ။ လူစုလူဝေးတွေ ရှောင်ပါ။

>>  Mask တွေကို ဘယ်လိုအချိန်မှာ တပ်မလဲ?
●  သင့်မှာ နှာစေး၊ ချောင်းဆိုး ဖြစ်နေခဲ့ရင် တပ်ပါ။
●  ရောဂါ သံသယရှိတဲ့လူတွေ၊ ရောဂါဖြစ်နေတဲ့လူတွေဟာ တခြားသူတွေနဲ့ အတူရှိနေခဲ့ရင်၊ အပြင်ထွက်ဖို့ လိုအပ်ခဲ့ရင် (ဆေးရုံ၊ ဆေးခန်း သွားဖို့လိုခဲ့ရင်) တပ်ပါ။
●  ရောဂါလက္ခဏာရှိတဲ့လူကို အနီးကပ် ပြုစုနေရရင် တပ်ပါ။
●  ရောဂါရှိတဲ့လူကို ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းအနေနဲ့ကတော့ mask သာမက မျက်လုံးကာ၊ လက်အိတ် စတာတွေကိုပါ လိုအပ်ပါတယ်။

Dr. Htar (www.drmyanmar.com)