ကစားရာမှရလာတဲ့ထိခိုက်ဒဏ်ရာတွေကို မေမေတို့ ဘယ်လိုကုသကြမလဲ
ကလေးဆိုတာက ဆော့ကစားပြီး ဒဏ်ရာရကြတာပါပဲ။ သာမာန်ထိခိုက်ဒဏ်ရာတွေကို ဘယ်လိုကုသပေးနိုင်သလဲဆိုတာနဲ့ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေအတွက် ဘာလုပ်ဖို့လိုသလဲဆိုတာကိုသိထားဖို့လိုပါတယ်။
• ပြတ်ရှရာများ
သာမာန်ပြတ်ရှရာတွေအတွက် ထိခိုက်မိတဲ့နေရာကို ရေနဲ့ဆေးကြောပါ။ အနာဖေးတက်လာတဲ့အထိ ပတ်တီးအုပ်ပေးထားပါ။ ပိုပြီးနက်တဲ့ပြတ်ရှရာတွေအတွက် အနာကို ရေ၊ ဆပ်ပြာပျော့ပျော့နဲပ ၅ မိနစ်ခန့်ဆေးပေးပါ။ (အရက်ပျံ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်တို့နဲ့ ပွတ်တိုက်ပါက အနာကျက်နှေးစေနိုင်ပါတယ်။ အနာပေါ်ကို ပတ်တီး (သို့) အဝတ်စသန့်သန့်နဲ့ အနည်းဆုံး ၁၅ မိနစ်ခန့်ဖိထားပေးပါ။ ဖြစ်နိုင်ရင် ထိခိုက်မိတဲ့နေရာကိုမြှင့်တင်ထားပါ။
ပိုပြီးအရေးပေါ်အခြေအနေဖြစ်ပါက - ၁၀ မိနစ်ကြာပြီးသည်အထိသွေးဆက်ထွက်နေလျှင်၊ ပြတ်ရှရာက ကြီး၊ နက်ပြီး ချုပ်ဖို့လိုလျှင်၊ အနာထဲတွင် ညစ်ပတ်နေလျှင် (သို့) စိုးရိမ်စရာတစ်ခုခုရှိလျှင် ဆေးရုံ၊ ဆေးခန်းသို့သွားပါ။
• အရိုးကျိုးခြင်း
အရိုးကျိုးတဲ့လက္ခဏာတွေကတော့ ဒဏ်ရာပေါ်တွင် ကွဲကြေသံကြားရခြင်း၊ ရောင်ရမ်းခြင်း၊ ညိုမဲစွဲခြင်း၊ လှုပ်ရှားရခက်ခြင်း (သို့) လှုပ်ရင်နာခြင်း၊ (သို့) ထိလျှင်နာခြင်းစတာတွေဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် အနာပေါ်ကအဝတ်တွေကို ဖယ်ထုတ်လိုက်ပြီး ရေခဲဝတ်အုံပေးပါ။ ခြေထောက်ကိုလှုပ်ရှားမှုမလုပ်ပါနဲ့။ ကျိုးနေတဲ့နေရာကိုငြိမ်အောင်ထိန်းဖို့အတွက် စည်းနိုင်မယ့်အရာတစ်ခုခုရှာပါ။
ပိုပြီးအရေးပေါ်အခြေအနေဖြစ်ပါက - မြန်နိုင်သမျှမြန်မြန် အရေးပေါ်ကုသမှုခံယူပါ။ ဦးခေါင်း၊ လည်ပင်း၊ နောက်ကျော (သို့) လည်ပင်း စတဲ့နေရာတွေမှာ ဒဏ်ရာပြင်းထန်စွာရတယ်လို့သံသယရှိပါက (သို့) အရိုးကျိုးပြီး အရေပြားကိုဖောက်ထွက်နေပါက ကလေးကိုလှုပ်ရှားခြင်းမပြုပါနှင့်။
Ceelin Plus 1

• အရည်ကြည်ဖုများ
အရည်ကြည်ဖုတွေကို မဖောက်ပါနဲ့။ ဒီနေရာကို ဆပ်ပြာအပျော့၊ ရေတို့နှင့် ဆေးကြောပါ။ ပိုးသတ်ဆေးလိမ်းပေးပါ။ အနာကိုပိုးမဝင်စေဖို့ ပတ်တီးနဲ့အုပ်ထားပါ။ အနာကျက်သည်အထိတစ်နေ့တစ်ကြိမ် ဆေးထည့်ပေးပါ။
• အရေပြားထဲတွင် တစ်ခုခုစိုက်မိနေခြင်း (သို့) မြုပ်နေခြင်း
အပ်နဲ့တိပ်သုံးပြီး စိုက်နေတဲ့အရာကိုဖယ်ထုတ်ကြည့်ပါ။ အသုံးပြုမယ့်အပ်ကို ပိုးအရင်သတ်ထားပါ။ ဖယ်ထုတ်လို့ရတယ်ဆိုရင် ထိနေရာကို ဆပ်ပြာ၊ ရေတို့နှင့် ဆေးကြောပါ။
ပိုပြီးအရေးပေါ်အခြေအနေဖြစ်ပါက - နောက်ရက်အနည်းငယ်ကြာတဲ့အခါမှာ ရောဂါပိုးဝင်တဲ့လက္ခဏာတွေဖြစ်တဲ့ ပူခြင်း၊ နီခြင်း၊ ရောင်ခြင်းနဲ့ ပြည်တည်ခြင်းများဖြစ်ပါက ကလေးဆရာဝန်နဲ့ပြသပါ။ စိုက်ဝင်နေတဲ့အရာကို ဖယ်ထုတ်လို့မရရင် (သို့) ကျိုးပဲ့သွားရင် ဆေးခန်းသွားပါ။
• နှုတ်ခမ်းကွဲခြင်း
သွေးတိတ်စေဖို့အတွက် နှုတ်ခမ်းကွဲတဲ့အပေါ်ကို ၁၀ မိနစ်ခန့်ဖိထားပေးပါ။ အညစ်အကြေးတွေကိုဖယ်ရှားဖို့အတွက် ဆပ်ပြာ၊ ရေတို့ဖြင့်ဆေးကြောပါ။ ပွတ်တိုက်ခြင်းမပြုပါနှင့်။
ပိုပြီးအရေးပေါ်အခြေအနေဖြစ်ပါက - နှုတ်ခမ်းကွဲပေါ်ကို ၁၀ မိနစ်လောက်ဖိထားပြီးတဲ့အထိ သွေးမတိတ်သေးလျှင်၊ ကွဲရာနက်ပြီး ချုပ်ဖို့လိုလျှင်၊ ကွဲရာထဲမှာ အညစ်အကြေးတွေထုတ်လို့မရဘဲမြှုပ်နေလျှင်၊ ညစ်ပတ်သောအရာတစ်ခုခုကြောင့်ကွဲလျှင် ဆေးရုံ၊ ဆေးခန်းသွားပြပါ။ ညစ်ပတ်တဲ့အရာနဲ့ထိရှမိပါက မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါတယ်။
Ceelin Plus 2

• နှာခေါင်းသွေးယိုခြင်း
ကလေးကိုထိုင်ချခိုင်းပြီး ခေါင်းနှင့် ခန္ဓာကိုယ်ကို အရှေ့ကိုအနည်းငယ်ကိုင်းထားစေပါ။ (ဒီအနေအထားက သွေးတွေလည်ချောင်းထဲဆင်းမသွားအောင်ကာကွယ်နိုင်ပါတယ်။ ) တစ်သျှူး (သို့) ရေစိုဝတ်တစ်ခုခုကိုသုံးပြီး လက်မနဲ့လက်ညှိုးကြားမှာ နှာခေါင်းကိုညှပ်ပြီၤးပိတ်ထားပါ။ ၅ မိနစ်လောက်ဖိထားပေးပြီးမှ သွေးထွက်နေတုန်းလားဆိုတာကို စစ်ကြည့်ပါ။ လိုအပ်ပါက နောက်ထပ် ၁၀ မိနစ်ထပ်ပြီးဖိထားပေးပါ။
ပိုပြီးအရေးပေါ်အခြေအနေဖြစ်ပါက - ၁၅-၂၀ မိနစ်လောက်ကြာတဲ့အထိသွေးမတိတ်သေးပါက (သို့) နှာခေါင်းသွေးယိုတာ ကော်ဖီတစ်ခွက်ထက်ပိုပါက ဆေးရုံ၊ ဆေးခန်းကိုချက်ချင်းသွားပါ။
• မျက်လုံးမည်းခြင်း
မျက်လုံးကို ရေအေးဝတ် ၁၀-၂၀ မိနစ်ခန့်ကပ်ပေးပါ။ မျက်လုံး၊ မျက်ခွံပေါ်ကို ရေခဲ (သို့) အအေးတိုက်ရိုက်ထိတွေ့ခြင်းမပြုပါနှင့်။ ဓာတုပစ္စည်းပါဝင်တဲ့ကပ်ခွာတွေက ဓာတုပစ္စည်းတွေစိမ့်ထွက်ပြီး မျက်လုံးကိုထပ်ပြီး ထိခိုက်စေနိုင်တဲ့အတွက် ဘယ်တော့မှမကပ်ပါနဲ့။
ပိုပြီးအရေးပေါ်အခြေအနေဖြစ်ပါက - စိုးရိမ်စရာတစ်ခုခုရှိပါက ကလေးဆရာဝန်နဲ့ပြသပါ။
• ခြေကျင်းဝတ်လည်ခြင်း
ခြေကျင်းဝတ်ကို တတ်နိုင်သမျှငြိမ်ငြိမ်ထားပါ။ ရေခဲဝတ်ကပ်ခြင်းကို မိနစ် ၂၀ ကပ်၊ မိနစ် ၂၀ နားလုပ်ပေးပါ။ အရေပြားကိုကာကွယ်ဖို့နဲ့ ရောင်ရမ်းခြင်းမဖြစ်စေဖို့အတွက် ခြေကျင်းဝတ်ကို မျှော့ပါတဲ့ ပတ်တီးစည်းပေးထားပါ။ ဒဏ်ရာ၇တဲ့နေရာကို မြှောက်ထားပေးပြီး ငြိမ်ငြိမ်ထားပါ။
ပိုပြီးအရေးပေါ်အခြေအနေဖြစ်ပါက - ထိခိုက်ဒဏ်ရာရတဲ့နေ့မှာ လမ်းမလျှောက်နိုင်ရင် (သို့) ၆ ပတ်ကျော်တဲ့အထိခြေကျင်းဝတ်နာနေသေးရင် ဆေးရုံဆေးခန်းသွားပြပါ။ ပုံမှန်အားဖြင့် ၂ ပတ်ကျော်ရင် အနာပျောက်လေ့ရှိပါတယ်။
• တစ်ခုခုနဲ့ပွတ်ိုက်မိပြီး အရေပြားပွန်းပဲ့ခြင်း (သို့) အရေပြားလောင်ခြင်း
အရေပြားကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောသန့်စင်ပါ။ ရေခဲ (သို့) ရေခဲရေမသုံးပါနဲ့။ ပိုးသတ်ထားသောဇာဂနာဖြင့် အညစ်အကြေးတွေကို သေချာထုတ်ပါ။ ပိုးသတ်ဆေးရည်သုတ်လိမ်ပြီး ပိုးသတ်ထားသောပတ်တီးဖြင့် ဖုံးအုပ်ထားပါ။ ပွန်းပဲ့နေတဲ့နေရာပေါ်မှာ ကပ်တဲ့အရာတွေမအုပ်မိဖို့ သတိပြုပါ။ Ibuprofen/ acetaminophen ဆေးကို ကလေးအသက်အရွယ်အလိုက် တိုက်သင့်တဲ့ပမာဏတိုက်ခြင်းဖြင့် အနာသက်သာစေနိုင်ပါတယ်။ အနာကျက်ခြင်းရှိမရှိ နေ့စဉ်စစ်ဆေးပါ။
ပိုပြီးအရေးပေါ်အခြေအနေဖြစ်ပါက - အနာနေရာတွင် ရောင်ခြင်း၊ ပူခြင်း၊ နီခြင်း၊ ပြည်တည်ခြင်း စတဲ့ရောဂါပိုးဝင်တဲ့လက္ခဏာတွေတွေ့ပါက ဆရာဝန်နဲ့ပြသပါ။
• သွားကျွတ်ထွက်သွားခြင်း
သွားကိုအပေါ်က ကောက်ကိုင်ပြီး သွားအမြစ်မှာညစ်ပတ်နေပါက ဆေးကြောသန့်စင်ပါ။ တစ်သျှူးတွေကိုပွတ်တိုက်ပြီး ဖယ်ရှားပစ်ခြင်းမပြုပါနဲ့။ သွားကို အမြစ်ကနေပြီး သူ့နေရာမှာသူသေချာပြန်ထည့်ထားပါ။
ပိုပြီးအရေးပေါ်အခြေအနေဖြစ်ပါက - နို့ထည့်ထားသောခွက် (သို့) ဆားရေထဲတွင်သွားကိုထည့်ပြီး မြန်ၤနိုင်သမျှမြန်မြန် သွားဆရာဝန်ဆီ သွားပြပါ။ သွားကို ၁ နာရီအတွင်းပြန်ထည့်နိုင်ပါက အမြစ်ပြန်တွယ်နိုင်ပါတယ်။
• ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း
ကစားရာကနေပြီး ဖြစ်တဲ့ဒဏ်ရာတော်တော်များများက သာမာန်ပဲဖြစ်ပေမယ့်လည်း ဦးခေါင်းဒဏ်ရာရရင်တော့ ပြင်းထန်နိုင်ပါတယ်။
ကလေးက ခေါင်းကိုက်ခြင်း၊ စကားပြောတာဝါးခြင်း၊ အမြင်အာရုံဝါးခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ သူငယ်အိမ်မညီခြင်း စတဲ့လက္ခဏာတွေဖြစ်ပါက အရေးပေါ်ကုသမှုချက်ချင်းခံယူပါ။ ဒါတွေကနေပြီး နာတာရှည်ဦးနှောက်ပျက်စီးမှုဖြစ်စေပြီး မသန်စွမ်းတောင်ဖြစ်သွားစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























